မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် မန္တလေး၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်

မန္တလေး၊ အောက်တိုဘာ ၂

(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ဖြစ်သည့် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီလမ်းထောင့်ရှိ Rainbow Bridge Distrubution Co., Ltd. (Panasonic Battery) မန္တလေးရုံးခွဲတွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါကုမ္ပဏီ အရောင်းမန်နေဂျာ ဦးသက်နိုင်ထွန်းက ပြောကြားသည်။

သေဆုံးသူများမှာ အဆိုပါ ကုမ္ပဏီ၏ ညစောင့် ဝန်ထမ်းနှစ်ဦးနှင့် ယင်းညစောင့် ဝန်ထမ်းတစ်ဦး၏ ဇနီးတို့ဖြစ်ပြီး လူသတ် တရားခံများသည် ကုမ္ပဏီ အပေါ်ထပ်ရှိကာ မီးခံသေတ္တာမှာ ဖွင့်မရသဖြင့် ငွေများမှာမူ ပျောက်ဆုံးမှု မရှိခဲ့ကြောင်း ဦးသက်နိုင်ထွန်းက ထပ်မံပြောကြားသည်။
“သေသွားသူ နှစ်ယောက်က ညစောင့် အလုပ်သမားတွေပါ။ အမျိုးသမီးတစ်ယောက်က ညစောင့်တစ်ယောက်ရဲ့မိန်းမ၊ အလောင်းကိုတော့ မနက် ၆ နာရီ ၃၀ မိနစ်မှာ တွေ့တယ်။ သူတို့က ငွေထားတဲ့အခန်းကို ဦးတည်တာပါ။ ကုမ္ပဏီရဲ့အားနည်းချက်က CCTV တွေတပ်ထားတာ မရှိဘူး၊ ရုံးအပေါ်ထပ်ကို တက်တာ ဖိနပ်ခြေရာတွေတော့ တွေ့တယ်။ တွေ့ထားတဲ့ ဖိနပ်တစ်ရန်ကို ရဲတွေက စစ်ဆေးနေပါတယ်။ သေဆုံးသူရဲ့ ဖိနပ်လား၊ ဒါမှမဟုတ် တရားခံရဲ့ ဖိနပ်လားဆိုတာ စစ်ဆေး နေတယ်” ဟု ၎င်းကရှင်းပြသည်။

သေဆုံးသူများထဲမှ ဦးဟန်သောင်း ၅၇ နှစ် အမရပူရမြို့နယ် နေသူသည် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ညာဘက်မျက်ခုံးထက် ပေါက်ပြဲ၊ ဦးတင်လှိုင် ၅၄ နှစ် အမရပူရမြို့နယ် နေသူသည် ဘယ်ဘက်မျက်ခုံးထက် ပြတ်ရှဒဏ်ရာ၊ မျက်လုံးဖူးရောင်နှင့် ဦးတင်လှိုင်၏ဇနီး ဒေါ်ကြည်ဟန် (ခ) ဒေါ်ခင်ခင်ဝေ (၄၂) နှစ်သည် မျက်နှာ ဘယ်ဘက်ဖူးရောင် ဒဏ်ရာ၊ ဘယ်ဘက်မျက်ခွံ ပြတ်ရှ ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်နှင့် နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ချမ်းမြသာစည် မြို့နယ် အမှတ် (၁၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အောက်တိုဘာ ၁ ရက်နေ့က ဘဏ်ပိတ်ရက်ဆိုတော့ ရောင်းရငွေ ဘဏ်မအပ်ဘဲ ရုံးမှာထားရတာကိုသိပြီး လာဖောက်တာ နေမှာပေါ့” ဟု မန္တလေးမြို့တော် အခြေစိုက် သကြားလုပ်ငန်းရှင်တစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

အဆိုပါကုမ္ပဏီမှာ နေ့စဉ် နံနက်တိုင်းတွင် နယ်မြို့များသို့ ခရီးသွားမည့် ဝန်ထမ်းများသည် နံနက် ၇ နာရီတွင် ကုမ္ပဏီသို့ အရောက်လာရကြောင်း၊ ပခုက္ကူသို့ အလုပ်ကိစ္စနှင့် ခရီးသွားရန် ကုမ္ပဏီသို့ ရောက်ရှိလာသည့် ဝန်ထမ်းတစ်ဦးက အဆိုပါ လူသုံးဦး သေဆုံးနေသည်ကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခန့်က တွေ့ရခြင်း ဖြစ်ကြောင်း၊ ယင်းနေ့နံနက်တွင် ကုမ္ပဏီ ခြံဝင်းတံခါးမှာ ပွင့်နေပြီး ဂိတ်တံခါးဝတွင် လုံခြုံရေးတစ်ဦးနှင့် ကုမ္ပဏီရုံးခန်းရှေ့ ကားနှစ်စီးကြားတွင် အမျိုးသမီးတစ်ဦးတို့မှာ မှောက်လျက် သေဆုံးနေပြီး၊ ကျန်လုံခြုံရေး တစ်ဦးမှာ ကုမ္ပဏီခြံဝင်းအတွင်း သေဆုံးနေကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုချိန်မှာ ဘာလက်နက်နဲ့ သတ်တယ်ဆိုတာ မသိရသေးပါဘူး။ ဘေးပတ်ဝန်းကျင်မှာတော့ သွေးစွန်းနေတဲ့ အုတ်ခဲကျိုးတွေတော့ တွေ့တယ်။ စစ်ဆေးနေတုန်းပဲ ရှိသေးပါတယ်” ဟု မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းမှ (ပ) ၄၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၁၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင်အတွင်းရှိ ပြည်ကြီး တံခွန်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ် အတွင်းတွင် လွန်ခဲ့သည့် တစ်လခွဲခန့်က ဖြစ်ပွားခဲ့သော နေ့ခင်းဘက် ပစ္စည်းယူ လူသတ်မှုများလည်း ယနေ့အချိန်အထိ
ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါမြို့နယ်ရှိ သက်ဆိုင်ရာ ရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် ၁၂၆ တွင် မိုးကုတ်မြို့ ကျောက်သူဌေး၏ သမီးအပါအဝင် မိသားစုဝင် လေးဦးနှင့် အိမ်အကူတစ်ဦးကို နေ့ခင်းကြောင်တောင် ပြောင်ပြောင်တင်းတင်း သေနတ် များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီး ယင်းငါးလောင်းပြိုင် လူသတ်မှုမှာ ယနေ့အချိန်ထိ တရားခံ မဖော်ထုတ်နိုင်သေးပေ။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ