တင်မောင်ဆန်းမင်းဝင်းနှင့် တွေ့ဆုံခြင်း

ရွှေမန်းတင်မောင်၏ ဇာတ်ကသက် နှစ် ၈၀ ပြည့် အမှတ်တရအဖြစ် ပြုလုပ်မည့် အလင်္ကာအလွမ်းမှတ်တမ်း ဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး ရွှေမန်းတင်မောင်၏ မြေးဖြစ်သူ တင်မောင်ဆန်းမင်းဝင်းနှင့် တွေ့ဆုံပြီး ပါဝင်မည့် အစီအစဉ်များ ရွှေမန်းတင်မောင် အမှတ်တရကြေးရုပ်တု ထုလုပ်မည့် အစီအစဉ်နှင့် အမှတ်တရဓာတ်ပုံများ ပြသမည့် အစီအစဉ်များ အကြောင်းတို့ကို The Voice ကမေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ အလင်္ကာအလွမ်း မှတ်တမ်းပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတဲ့ အပိုင်းလေးတွေ ပြောပြပေးပါဦး။

TMSMW ။ ။ ဒီပွဲမှာ တင်ဆက်မယ့် အစီအစဉ်တွေကို ဦးချမ်းသာရယ်၊ အစ်ကို့အဖေရယ် အဓိကလုပ်ကြတာပေါ့။ ဒါပေမဲ့ ဖေဖေက လူကြီးဆိုတော့ သူ့နေရာမှာ ကိုယ်လည်း နိုင်တဲ့နေရာက ဝင်ကူတယ်။ ကပြမယ့် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်နေတာတော့ တော်တော်များများ ပြီးနေပါပြီ။ ကိုယ်တို့က VIP Show နေ့၊ တကယ် ကမယ့် သြဂုတ် ၉ရက်၊ ၁၀ ရက် ရဆိုပြီး သုံးရက်ကမှာပါ။ ဧည့်သည် အနုပညာရှင် ညီလေးတွေ ကပြမယ့်အစီအစဉ် သုံးခုလောက်အတွက်ပဲ ပြင်ဆင်စရာ ကျန်တော့တယ်။

Voice ။ ။ ဒီပွဲမှာ ဘယ်လိုအစီအစဉ်တွေ ပါမလဲ။ ဘယ်သူတွေပါမလဲဆိုတာ ပြောပြပေးပါဦး။

TMSMW ။ ။ ဒီပွဲကို အလင်္ကာအလွမ်းမှတ်တမ်းလို့ ပေးထားတာ ဆိုတော့ မှတ်တမ်းအနေနဲ့ ကမှာပေါ့နော်။ အဘိုးကခဲ့တဲ့ ဇာတ်ထုပ်တွေက နည်းတာမဟုတ်ဘူးလေ။ အောင်မြင်မှုလည်း ရခဲ့တယ်။ အချိန်ကတော့ အော်ပရာတစ်ထုပ်၊ ပြဇာတ်တစ်ထုပ်၊ နောက်ပိုင်းတစ်ထုပ်ဆိုရင် တစ်နာရီခွဲ နှစ်နာရီလောက် ကြာတယ်။ ဒီလောက်အချိန်ပေးပြီး ကဖို့ကြတော့ ကိုယ်တို့အတွက် မလွယ်ဘူးလေ။ သူ့လိုမျိုးလည်း လိုက်က နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအတွက် ကိုယ်တို့ မတူတာကို မတုဘဲ အဘိုးအောင်မြင်ခဲ့တဲ့ ဇာတ်ထုပ်များစွာထဲက မှတ်တမ်း ဖြစ်လောက်မယ့်ဟာမျိုးတွေ ရွေးထုတ်ပြီး လိုက်ဖက်မယ့် အနုပညာရှင်တွေ ကိုယ်တို့ ရွေးချယ်ကြပါတယ်။ ဘိုးဘိုးက သဘင်နယ်ကဆိုတော့ သဘင်အနုပညာရှင်တွေကို ကိုယ်တို့အဓိကထား ရွေးချယ်ပါတယ်။ ပြီးတော့မှ ရုပ်ရှင်ဂီတဘက်က အနုပညာရှင်တွေကို ကမ်းလှမ်းပါတယ်။

သဘင်ဘက်မှာတော့ ကိုယ်တို့ရွှေမန်း မျိုးဆက်တွေအပြင် ဘဘဦးစိန်အောင်မင်းရဲ့ မျိုးဆက်တွေဖြစ်တဲ့ ဦးအောင်တင်ဝင်းတို့၊ ဘဘဦးရွှေနန်းတင်တို့က အမှတ်တရ စကားပြောပေးမယ်။ လူကြီးပိုင်းတွေထဲမှာ ဦးမိုးဝင်း၊ ဦးသိန်းဇော်၊ ဦးနန်းဝင်း၊ ဦးမိုးမင်းတို့ပါမယ်။ လူငယ်မင်းသားတွေထဲမှာတော့ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း၊ ဇံဟိန်းနဲ့ ပန်တျာဦးကြည်လင်ရဲ့သား ကိုမျိုးကိုတို့ပါ ပါလိမ့်မယ်။

Voice ။ ။ ရွှေမန်းတင်မောင် နာမည်ကြီးခဲ့တဲ့ ဇာတ်ထုပ်တွေထဲက ဘယ်ဇာတ်ထုပ်တွေပါမလဲ။

TMSMW ။ ။ ပါမယ့် ဇာတ်ထုပ်တွေကတော့ လက်ဝဲသုန္ဒရ၊ ရွဲကုန်သည်၊ ဂီတရူး၊ မေပန်းချီ၊ ထွက်ရပ်လမ်း၊ လှည်းသားငါးရာ၊ ဒေဝဓမ္မစတဲ့ ဇာတ်ထုပ်တွေပါမယ်။

Voice ။ ။ ဒီဇာတ်ထုပ်တွေကို မူရင်းအတိုင်း ကမှာလား။ ခေတ်နဲ့လိုက်လျောညီထွေ ရှိအောင် ပြုပြင်ပြောင်းလဲပြီး ကမှာလား။

TMSMW ။ ။ ပြောင်းလို့မရတဲ့၊ ပြောင်းဖို့မသင့်တဲ့ ဇာတ်ထုပ်တွေကိုတော့ အဘိုးကခဲ့တဲ့ ပုံစံအတိုင်း ကပါတယ်။ ပြောင်းလို့ ထွင်လို့ရတဲ့ ဇာတ်ထုပ်တွေကိုတော့ အစ်ကိုတို့ ထွင်ပါတယ်။ ဥပမာ- အစ်ကိုကမယ့် ထွက်ရပ်လမ်း ဇာတ်ထုပ်ဆိုရင် တော်တော်ထွင်ထားတယ်။ နောက် ညီလေးဖိုးချစ်ကမယ့် မေပန်းချီဆိုလည်း အဘိုးပေါက်ခဲ့တဲ့ ပြဇာတ်ထဲက သီချင်းလေးကို တည်ပြီးကမှာ ဖြစ်တဲ့အတွက် ခေတ်နဲ့လိုက်အောင် ပြန်ထွင် ပေးရတာပေါ့။

Voice ။ ။ ရွှေမန်းတင်မောင် ဆုံးပါးခဲ့တဲ့အကြောင်းကို သရုပ်ဖော်ကပြမယ် လို့သိရတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးပါဦး။

TMSMW ။ ။ ဒီအစီအစဉ်လေးကို အန္တိမနှစ်ပါးသွားလို့ အမည်ပေးထားပြီး ကိုယ်တို့စင်ပေါ်မှာ ဇာတ်လမ်းပုံစံလေးကဖို့ စီစဉ်ထားပါတယ်။ ဘိုးဘိုးက အောင်လံ အထက်ဘက်က ရွာတစ်ရွာမှာ ဇာတ်ကရင်း ဆုံးခဲ့တာပါ။ ဘိုးဘိုးဆုံးတုန်းအနားမှာ ကိုယ့်ဖေဖေ ဦးဆန်းဝင်းက အတူတူ ရှိနေပါတယ်။ စင်ပေါ်မှာ ပြန်လည်သရုပ်ဖော်တဲ့ နေရာမှာတော့ ဖေဖေ့နေရာမှာကိုယ်က သရုပ်ဆောင်မယ်။ ဘိုးဘိုးနေရာမှာတော့ ဦးချမ်းသာက သရုပ်ဆောင်မယ်။ ဘိုးဘိုးဆုံးတုန်းက ဇာတ်ခုံပေါ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့အတိုင်း နာရီဝက်စာလောက် ကိုယ်တို့သရုပ်ဖော်က ပြပါမယ်။

Voice ။ ။ ဒီပွဲက ရတဲ့အကျိုးအမြတ် တချို့ကို ရွှေမန်းတင်မောင် အမှတ်တရ ရုပ်တုထုပြီး မန္တလေး အမျိုးသားကဇာတ်ရုံမှာထားဖို့ စီစဉ်ထားတယ်လို့ သိရတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးပါဦး။

TMSMW ။ ။ မန္တလေးမှာ အမျိုးသားကဇာတ်ရုံကြီး ဆောက်တော့ ရုပ်တုတွေ ထုကြတဲ့နေရာမှာ အဘိုးက မန္တလေးသား ဖြစ်ပေမယ့် သူ့ရုပ်တု မပါခဲ့ဘူး။ ဘာ့ကြောင့်လဲလို့ မေးကြည့်တော့ ခေတ်အဆက်ဆက် ကို ထုသွားတာ ဖြစ်တဲ့အတွက် အဘိုးရဲ့ရုပ်တုက ကျန်ခဲ့တယ်လို့ ပြောတယ်။ တကယ်လည်း ဟုတ်တယ်။ အဘိုးရဲ့ရှေ့မှာ လေဘာတီ မမြရင်တို့လည်း ကျန်သေးတယ်။ ဒါဆို ဟုတ်ပြီ ကိုယ်တို့မိသားစုကပဲ အကုန်အကျ ခံပြီး ထုမယ်ဆိုပြီး စာတင်လိုက်တဲ့အခါ ကျလာတယ်။ ဒီပွဲကရတဲ့ အကျိုးအမြတ်တွေနဲ့ အဘိုးအတွက် အမှတ်တရ ကြေးရုပ်တု ပြုလုပ်ခွင့်ရမှာ ဖြစ်တဲ့အတွက် ပီတိဖြစ်မိပါတယ်။

Voice ။ ။ ဒီပွဲမှာ ရွှေမန်းမျိုးဆက်တွေ အကုန်လုံး ပါဝင်နိုင်ဖို့အတွက် ဘယ်လိုစုစည်းခဲ့ရလဲ။

TMSMW ။ ။ ဒီပွဲလေးကို ဘဘဦးဖိုးစိန် ပွဲမတိုင်ခင်ကတည်းက ကိုယ်တို့လုပ်ဖို့ စိတ်ကူးထားခဲ့တာပါ။ အမေရိကမှာ ရောက်နေတဲ့ ကိုယ်တို့ဦးလေး ဦးဝင်းမောင်ဆို ဒီကိုပြန်လာဖို့ အရမ်းခဲယဉ်းတယ်။ ဒါပေမဲ့ အဘိုးရဲ့ အနုပညာသွေးတွေ အားလုံးမှာ စီးဝင်နေလို့လား မသိဘူး။ ဒီပွဲလေးလုပ်မယ်လို့ စီစဉ်ကြတဲ့အခါမှာ အားလုံး တက်တက် ကြွကြွ ပါဝင်လာကြတဲ့အတွက် အစ်ကို အရမ်းဝမ်းသာပါတယ်။ ဒီပွဲလေး စလုပ်မယ်ဆိုပြီး အစ်ကိုရယ်၊ အစ်ကို့ဖေဖေရယ်၊ ဦးချမ်းသာရယ်၊ ကိုကျော်ကျော်ဗိုရယ် လေးယောက် တိုင်ပင်ကြတယ်။ ကမကထ လုပ်ပေးတာကတော့ ကိုယ်တို့ရဲ့ ဦးလေး ဦးမိုးသန့်က လုပ်ပေးတာပါ။ သူကအားလုံးကို စီမံ ပေးတဲ့အတွက် ကိုယ်တို့က အနုပညာပိုင်းမှာ ပိုပြီးအားစိုက်ထုတ်လို့ ရသွားပါတယ်။ ဒီပွဲလေးအတွက် ဦးဝင်းမောင်အပြင် ဦးညွန့်ဝင်းရဲ့ သမီးကလည်း ပြန်လာတယ်။ နောက်ထူးခြားတာက ဆုံးပါးသွားပြီဖြစ်တဲ့ ဦးဝင်းမော်ရဲ့သား၊ ဦးညွန့်ဝင်းရဲ့ မြေးကလည်း ဒီပွဲမှာမျက်နှာသစ် အနေနဲ့ ပါဝင်ပါမယ်။

Voice ။ ။ ဒီပွဲလေးမှာ ရွှေမန်းတင်မောင်ရဲ့ အမှတ်တရ ဓာတ်ပုံတွေ ပြသမယ့် အစီအစဉ် ပါဝင်မယ်လို့ သိရတယ်။ အဲ့ဒီအကြောင်း ပြောပြပေးပါဦး။

TMSMW ။ ။ ဒီဓာတ်ပုံပြပွဲ အစီအစဉ်လေးကို ကိုယ်တို့အန်တီက အဓိက စီစဉ်တာပါ။ သူကိုယ်တိုင် ဘိုးဘိုးရဲ့ဓာတ်ပုံတွေ လိုက်စုတယ်။ မန္တလေးမှာရှိတဲ့ ဘိုးဘိုးနေရပ်က အမျိုးတွေဆီသွားပြီး ဓာတ်ပုံတွေ သွားယူတယ်။ ဓာတ်ပုံတွေကတော့ ဘိုးဘိုးငယ်ငယ်လေး ကတည်းက နေခဲ့တဲ့အိမ်၊ သင်ခဲ့တဲ့ဆရာ၊ သူ့ရဲ့မောင်နှမသားချင်းတွေ၊ နောက်မန္တလေးမှာရှိတဲ့ ဘိုးဘိုးရဲ့နောက်ဇနီး တစ်ယောက်ရဲ့ ဓာတ်ပုံတွေပါမယ်။ တကယ့်ကို မှတ်တမ်းမှတ်ရာအနေနဲ့ စုံလင်အောင် ကိုယ်တို့ ကြိုးစားထားပါတယ်။

Voice ။ ။ ဒီပွဲလေးနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

TMSMW ။ ။ ဒီပွဲကို ကိုယ်တို့ MRTV-4 ရုပ်သံလိုင်းကနေ တစ်နိုင်ငံလုံးကို လွှင့်ဖို့ စီစဉ်ထားပါတယ်။ ဒီပွဲကြီးက အရမ်းကြီးပါတယ်။ ဒီလိုပွဲမျိုးက နောက်ထပ် ငါးနှစ်အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ကျန်တဲ့ဟာတွေ အသာထားဦး ဒီပွဲအတွက် စုစည်းထားတဲ့ အနုပညာရှင် အင်အားကို ကြည့်ရင်ပဲ ဒီပွဲကြီး ဘယ်လောက်ကြီးတယ်ဆိုတာ သိနိုင်ပါတယ်။ ဒီပွဲအတွက် ကမ်းလှမ်းတဲ့အခါမှာ အားတက်သရော ပါဝင်ကြတဲ့ အနုပညာရှင် အားလုံးကိုလည်း ကိုယ်ဒီနေရာက ဂါရဝပြုပါတယ်။

(သန့်ဇင်ဦး)
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ