အိမ်တွင်း၌ အိပ်နေသူ၏ ဆွဲကြိုးကို သံဆန်ခါပေါက်မှ လက်နှိုက်၍ ဖြတ်ယူ

နေအိမ်အတွင်း၌ အိပ်နေစဉ် လည်ပင်းမှ ဆွဲကြိုးကို သံဆန်ခါပေါက်မှ လက်နှိုက်ပြီး ဖြတ်ယူလုယက်သည်ဟု ဆိုကာ တိုင်တန်းမှု တစ်ခုကြည့်မြင်တိုင် ရဲစခန်းတွင် သြဂုတ် ၂၀ ရက်က အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ထိုအမှုသည် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာ ...အနောက်ရပ်ကွက်ရှိ ဦးမောင်မောင်လမ်းသွယ်မှ အိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ဖြစ်သူ အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်အုန်းမြင့်က ထိုနေ့ နေ့လယ်ဘက်က အိပ်ပျော်နေခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

သူမ ထိုသို့အိပ်ပျော်နေစဉ် နေအိမ်ပြူတင်းပေါက် သံဆန်ခါပေါက်မှ အမည်မသိလူတစ်ဦးက လက်နှိုက်၍ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးကို ဖြတ်သဖြင့် သူ့ခင်ပွန်းကို ကမန်းကတမ်း နှိုးနေစဉ်ပင် ဖြတ်ယူ ထွက်ပြေးသွားခဲ့သည်ဟု ရဲဌာနတွင် ကာယကံရှင်က တိုင်တန်းထားသည်။

ဆွဲကြိုးသည် လုယက်သူက အတင်းဖြတ်သဖြင့် ပြတ်သွားပြီး ကိုးပဲနှင့် ငါးရွေးခန့် အလေးချိန်ရှိသည့် အပိုင်းအစက ပါသွားပြီး ခြောက်ပဲကျော် အလေးချိန်ရှိသည့် အပိုင်းမှာတော့ ဒေါ်ခင်အုန်းမြင့်၏ ရင်ဘတ်ပေါ်တွင် ပြတ်ကျန် ခဲ့သည်ဟု ဆိုထားသည်။

လုယက်သူနောက်ပါသွားသည့် ဆွဲကြိုးအပိုင်းအစသည် တန်ဖိုးအားဖြင့် ငါးသိန်းခန့် တန်ကြောင်းလည်း ကာယကံရှင်က ရဲကို ထွက်ဆိုသည်။

ဆွဲကြိုးဖြတ်ပြေးသူသည် ဒေါ်ခင်အုန်းမြင့်တို့နှင့် တစ်လမ်းတည်းနေသူ အသက် ၃၅ နှစ်အရွယ် ကိုမျိုးအောင် ဖြစ်နိုင်သည်ဟုလည်း ကာယကံရှင်က စွပ်စွဲတိုင်တန်းထားသေးသည်။

ထို့ကြောင့် ကြည့်မြင်တိုင်မြို့နယ် စက်ဆန်း ရဲစခန်းမှ ရဲများက ယင်းကိစ္စကို အမှုအမှတ် (ပ)၃၀၂/ ၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ဆွဲကြိုးဖြတ်ပြေးသူဟု စွပ်စွဲခံထားရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်လျှင် စွပ်စွဲခံရသူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ ဖြင့် တရားစွဲ ဆိုခံရမည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ