လမ်းပျောက်လည်း လမ်းဆက်လျှောက်သွားမှာပါ


သရုပ်ဆောင် ကျော်ကျော်နှင့် တွေ့ဆုံခြင်း

Studio 35 မှ ထုတ်လွှင့်ခဲ့သော ဇာတ်လမ်းများမှ အနုပညာရှင် အသစ် တစ်ဦးနှင့် မတူသော သရုပ်ဆောင်မှုများ ရှိပြီး မီဒီယာ စာမျက်နှာ များပေါ်တွင် ဖော်ပြမှု နည်းနေသေးသော သရုပ်ဆောင် ကျော်ကျော်၏ လက်ရှိ အနုပညာ လှုပ်ရှားမှုနှင့် အနုပညာ လောကသို့ ဝင်ရောက်ခဲ့ပုံများကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice : အခုလက်ရှိ အနုပညာ လှုပ်ရှားမှုက ဘာတွေ လုပ်ဖြစ်နေလဲ။

KK : လက်ရှိမှာ မြဝတီက ရိုက်မယ့် ဇာတ်လမ်းတွဲ တစ်ခုမှာ ရိုက်ဖို့ လုပ်နေပါတယ်။

Voice : အဲဒီဇာတ်လမ်းက ဘယ်လို ပုံစံလဲ။

KK : ဇာတ်လမ်းနာမည်က ရွှေအိုရောင် မုန့်ဟင်းခါးတဲ့။ အပိုင်း ကတော့ ၃၀ လောက် ရှိတယ်။ ဇာတ်လမ်းတွဲကတော့ အခြေခံ လူတန်းစား လူငယ်လေး တစ်ယောက်က မုန့်ဟင်းခါး ရောင်းပြီးတော့ ဘဝကို ကြီးပွား တိုးတက်အောင်လို့ သမားရိုးကျ၊ သမ္မာအာဇီဝ နည်းနဲ့ ကြိုးစား အားထုတ်တဲ့ ပုံစံ ရိုက်ရမှာပါ။

Voice : လက်ရှိရော ဇာတ်ကားတွေ ဘယ်နှကားလောက် ရိုက်ပြီးပြီလဲ။

KK : ဇာတ်ကားတွေကတော့ အများကြီး ရိုက်ပြီးပါပြီ။ ရုပ်ရှင်ကားကြီး သုံး၊ လေး ကား လောက် ရိုက်ပြီးပြီ။ ဗီဒီယို ဇာတ်ကားတွေ ကတော့ တော်တော်များများ ရိုက်ပြီးပါပြီ။ ခေါင်းဆောင် မင်းသား နေရာ မှာတော့ ၁၄၊ ၁၅ ကားလောက် ရိုက်ပြီးပြီ။ ဇာတ်လမ်းတွဲတွေလည်း ရိုက်ထားတယ်။

Voice : အနုပညာလောကကို ဘယ်လို ပုံစံနဲ့ ဝင်လာတာလဲ။

KK : အနုပညာလောကကို ၂၀၀၇ ခုနှစ် ၁ လပိုင်းမှာ မြဝတီက ဇာတ်လမ်းတွဲ ရိုက်ဖို့ သရုပ်ဆောင်သစ်တွေကို ကမ်းလှမ်းတော့ အဲဒီမှာ Studio 35 ဆိုတဲ့ ကုမ္ပဏီနဲ့ လက်တွဲပြီးတော့ ရိုက်ရင်းနဲ့ သရုပ်ဆောင် လောကကို စလုပ်ဖြစ်တာပါ။

Voice : အနုပညာ လောကကို ဖြတ်သန်းလာတဲ့ တစ်လျှောက်ကို ဘယ်လို အခက်အခဲ မျိုးတွေ အများဆုံး ကြုံခဲ့ရလဲ။

KK : ကြုံတွေ့ရတဲ့ အခက်အခဲကတော့ မျိုးစုံပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံတွေ မဖြစ်တာမျိုး တွေ အများကြီးပါပဲ။ အဲလိုမျိုးတွေ ကြုံတိုင်း ဆက်မလုပ်ချင်တော့တဲ့ စိတ်တွေလည်း ခဏခဏ ဖြစ်ခဲ့တယ်။ အနုပညာ အလုပ်ကို လုံးဝ စိတ်အရင်းခံမှာ ဖြစ်နေတဲ့အတွက် ဆက်လုပ်သွားမယ်လို့ ဆုံးဖြတ်ပြီး လုပ်ဖြစ်တာပါ။ လမ်းပျောက်လည်း လမ်းဆက် လျှောက်မယ် ဆိုတဲ့စိတ်နဲ့ ဆက်လျှောက်လာတာပါ။

Voice : သရုပ်ဆောင်တဲ့ အချိန်မှာ ကိုယ့်ဘက်က အသစ် တစ်ယောက် ပုံစံနဲ့ မတူအောင် ဘယ်လို ပြင်ဆင်မှုတွေရှိခဲ့လဲ။

KK : ပွင့်ပွင့်လင်းလင်းပြောရရင် ပရိသတ်က စပြီး သိတာတော့ ဇာတ်ကားတွေ ထွက်လာတဲ့ အချိန်ပေါ့။ ဒါပေမဲ့ အဲဒီဇာတ်ကားတွေ မထွက်ခင်က ဇာတ်လမ်းတွဲကို ၁၀ ပိုင်း၊ ၁၅ ပိုင်းလောက်ကို လေး၊ ငါး ကားလောက် ရိုက်ထားတာ ဆိုတော့ အတွေ့အကြုံတွေ ရှိပါတယ်။ အဲအတွေ့အကြုံတွေကပဲ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် တွန်းအားပေးခဲ့တယ် ထင်ပါ တယ်။

Voice : ရှေ့ဆက်ပြီးတော့ကော အနုပညာ အလုပ်တွေကို ဘယ်လို ဆက်လုပ်သွားဖို့ ရှိလဲ။

KK : အစ်ကိုက သရုပ်ဆောင် တစ်ယောက် ဖြစ်တာကြောင့် သရုပ်ဆောင် အလုပ်ကိုပဲ ဇောက်ချ လုပ်သွားမှာပါ။ အရင်က လိုအပ်တာတွေ ရှိနေတယ်။ ပြီးတော့ သိပ်လေးလေးနက်နက် မရှိခဲ့တာတွေ ကို အခု အတွေ့အကြုံတွေနဲ့ လေးနက်တဲ့၊ တိကျတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ကို ချပြသွားမှာပါ။

Voice : အရင်က Studio 35 နဲ့ စာချုပ် ချုပ်ခဲ့တာလား။ အခုရော ဘယ်ကုမ္ပဏီတွေနဲ့ စာချုပ် ချုပ်ထားသေးလဲ။

KK : အရင်က Studio 35 နဲ့ ငါးနှစ် စာချုပ် ချုပ်ခဲ့ပါတယ်။ အခုတော့ စာချုပ် သက်တမ်း ပြည့်သွားပါပြီ။ အခု လောလောဆယ်တော့ ဘယ်ကုမ္ပဏီ နဲ့မှ စာချုပ် ချုပ်ထားခြင်း မရှိပါဘူး။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ