
အမှတ်ပေးဇယားကို ရမှတ်တူဖြင့် ဦးဆောင်နေသည့် အသင်းနှစ်သင်း တွေ့သည့် ပွဲစဉ်ဖြစ်သောကြောင့် တစ်သင်းနှင့် တစ်သင်း အနိုင်ရရန် အကြိတ်အနယ် ကြိုးပမ်းခဲ့ကြသည်။ ပွဲမတိုင်မီက ကမ္ဘောဇ နည်းပြချုပ် ဆီဗာဂျီက ဇေယျာနှင့် တွေ့တိုင်း ရလဒ်ဆိုးနေမှုများကို ချေဖျက်မည်ဟု ကြုံးဝါးထားခဲ့ရာ ဆိုခဲ့သည့် အတိုင်းပင် အတောင့်တင်းဆုံး လူစာရင်းနှင့် ပွဲထွက် ရင်ဆိုင်ခဲ့သည်။ သို့သော် မုံရွာကွင်းတွင် ကမ္ဘောဇတို့ ထင်တိုင်း မပေါက်ခဲ့ဘဲ အိမ်ရှင်ဇေယျာ၏ အဖွင့်ဂိုးကို စောစီးစွာပင် ခွင့်ပြုခဲ့ရသည်။ ပွဲအစ (၅)မိနစ်ကတည်းက အိမ်ရှင် ဇေယျာအတွက် အဓိက တိုက်စစ်မှူး ဆာဆာက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထိုဂိုးကြောင့် ကမ္ဘောဇတို့ အခက်တွေ့သွား ခဲ့ရပြီး ချေပဂိုး ပြန်လည် သွင်းယူနိုင်ရေး အတွက် အထူးပင် အားစိုက်လာခဲ့သည်။ ထို့ကြောင့် ပွဲချိန် (၆၆)မိနစ်တွင် ကမ္ဘောဇ ကွင်းလယ်လူ လှထွန်းအောင်က အဖိုးတန် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ သရေရလဒ်အတိုင်း ပွဲပြီးသွားပါက ထိပ်ဆုံးနေရာကို နှစ်သင်းစလုံး လက်လွှတ်ရဖွယ် ရှိနေရာ အနိုင်ရလဒ်အတွက် အထူးကြိုးပမ်း ခဲ့သော်လည်း တစ်ဘက်ခံစစ်ကြောင်းကို တစ်ဘက်မှ ကျော်ဖြတ်ရန် စွမ်းဆောင်နိုင်ခြင်း မရှိတော့ သောကြောင့် သရေရလဒ်နှင့်သာ (၂)သင်းစလုံး ကျေနပ်ခဲ့ရသည်။
ဗထူးကွင်းမှ ရတနာပုံနှင့် နေပြည်တော်တို့၏ ပွဲစဉ်တွင်လည်း အိမ်ရှင်ရတနာပုံက အနိုင်ရသွား ခဲ့သောကြောင့် နေပြည်တော် အနေဖြင့် ဇေယျာနှင့် ကမ္ဘောဇတို့၏ သရေရလဒ်ကို အခွင့်ကောင်း ယူနိုင်ခဲ့ခြင်း မရှိပေ။ ရတနာပုံ အနေဖြင့် ပထမအကျော့မှ ရှုံးကြွေးကို ပြန်လည် ပေးဆပ်နိုင်ရန် အတွက် အိမ်ကွင်းတွင် ဧည့်သည်နေပြည်တော်ကို လူအင်အား အပြည့်ဖြင့် ရင်ဆိုင်ခဲ့သည်။ ၀ါရင့်တိုက်စစ်မှူး ရန်ပိုင်က အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာခဲ့ပြီး အီနာမာ၊ အောင်မြင့်အေး၊ ဒီဂျန်၊ ပိုင်စိုး၊ သီဟစည်သူ၊ ရန်အောင်ဝင်း အစရှိသည့် အဓိက ကစားသမားများ ပါဝင်လာခဲ့သည်။ နေပြည်တော်တွင်မူ အဓိက တိုက်စစ်မှူး မဒန်ဂူရီ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင် သောကြောင့် မနောမြေ တိုက်စစ်မှူးဟောင်း အောင်မြင့်မြတ်ကို မင်းမင်းထွန်းနှင့် တွဲဖက် အသုံးပြုခဲ့ပြီး ကိုနေး၊ ဂျောင်၊ မာရှယ်၊ ဇော်ထက်အောင် အစရှိသည့် ကစားသမားများနှင့် ၀န်းရံခဲ့သည်။ နိုင်ပွဲကို ပြင်းပြင်းပြပြ ဆာလောင်နေဟန် ရှိသည့် ရတနာပုံသည် ပွဲစစချင်းမှာပင် ပွဲကို ဦးဆောင်နိုင်ခဲ့သည်။ ထိုဂိုးကို တိုက်စစ်မှူး အီနာမာ ပိုင်စိုး၏ ပေးပို့မှုမှ ထောင့်ကျဉ်းသို့ အပိုင်ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ ရတနာပုံတို့ ဒုတိယဂိုးကို ပွဲချိန် (၃၈)မိနစ်တွင် ရရှိခဲ့သည်။ ထိုဂိုးကို ကွင်းလယ်တွင် တက်ကစားနေသည့် ဇော်မင်းထွန်းက လှလှပပ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ပထမပိုင်းတွင် ရှုံးနိမ့်နေခဲ့သည့် နေပြည်တော်သည် ဒုတိယပိုင်းတွင် ခိုင်ထူး၊ ဇော်လင်းတို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့သော်လည်း လိုအပ်သည့် ချေပဂိုးနှင့် အနိုင်ဂိုးများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် ရတနာပုံကို အရှုံးပေးခဲ့ရသည့် အပြင် အခွင့်အရေး ကောင်းများကိုလည်း လက်လွှတ်ခဲ့ရသည်။
Written by Admin Team - Soccer Myanmar