ဆောက်သမ်းကို အနိုင်ရကာ ရန်ကုန် ထိပ်သို့တက်~ဇွဲကပင်ကို ဧရာဝတီ သရေကျ

ရန်ကုန်အတွက် အနိုင်ဂိုး (၂)ဂိုး သွင်းပေးခဲ့သည့် ဆီဇာ အဆုံးသတ်ဂိုး သွင်းအပြီး အောင်ပွဲခံနေစဉ်

ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်က ဆောက်သမ်းမြန်မာကို ဂိုးပြတ် အနိုင်ကစားခဲ့သောကြောင့် ထိပ်ဆုံးမှ အသင်းများ၏ ရလဒ်မကောင်းမှုကို အခွင့်ကောင်းယူကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ ရန်ကုန် အနေဖြင့် ယခုပွဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပထမပိုင်း မိနစ်(၃၀) မပြည့်မီကတည်းက (၃)ဂိုးပြတ် သွင်းယူနိုင်ခဲ့သောကြောင့် လက်ကျန်ပွဲချိန်များတွင် သက်သောင့်သက်သာပင် ကစားနိုင်ခဲ့သည်။

ရန်ကုန်သည် အနိုင်ရရန် လိုအပ်သည့် ပွဲစဉ်ဖြစ်သောကြောင့် အဓိက ကစားသမား အများစုကို ပွဲထွက်အသုံးပြုခဲ့သည်။ ကြည်လင်းကိုမူ ပွဲထွက်အသုံးပြုခဲ့ခြင်း မရှိဘဲ ဒဏ်ရာမှ သက်သာလာသည့် ဒေးဗစ်ထန်ကို ကွင်းလယ် ညာတောင်ပံတွင် အသုံးပြုခဲ့ပြီး ဆီဇာ၊ ကိုနေး၊ ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း၊ အောင်မိုး၊ ဇာနည်ထက်၊ ခင်မောင်လွင်၊ ရှက်ကော့ဗ်စကီး၊ ဂျီနိုစီယမ်၊ နိုင်ဇေယျာထွန်း တို့ကို ပွဲထွက်စေခဲ့သည်။ ဆောက်သမ်းတွင်မူ အဓိက တိုက်စစ်မှူး ရဲအောင်ကို အရံခုံတွင်ထားကာ လူငယ်တိုက်စစ်မှူး ရန်နိုင်ထွေးကို နေရာပေးခဲ့ပြီး အောင်ရဲထွဋ်၊ အောင်မွန်ဘိုဘို၊ သိန်းစိုးမင်း၊ ဝေဖြိုးထက်၊ အောင်သန်းဝင်း၊ ဟန်ထွန်း၊ ရန်မျိုးအောင်၊ မင်းကို၊ ပြည့်ဖြိုးအောင် အစရှိသည့် ကစားသမားများနှင့် ရန်ကုန် ယူနိုက်တက်ကို ရင်ဆိုင်ခဲ့သည်။ ပွဲအစ(၅)မိနစ် ကတည်းက ဆောက်သမ်း နောက်ခံလူ ရန်မျိုးအောင် ကိုယ့်ဂိုးကိုယ် သွင်းခဲ့မိသောကြောင့် ရန်ကုန်တို့ ပွဲကို သက်သက်သာသာ ဦးဆောင်နိုင်ခဲ့သည်။ ဆောက်သမ်း အနေဖြင့် ရန်ကုန် ခံစစ်ကြောင်းကို ဖိအားပေးရန် ကြိုးပမ်းခဲ့သော်လည်း တိုက်စစ်ရှိ ရန်နိုင်ထွေးကို ပံ့ပိုးမှု အားနည်းခဲ့သောကြောင့် ထိရောက်သည့် ဖိအားပေးမှုမျိုး ပြုလုပ်နိုင်ခဲ့ခြင်း မရှိချေ။ ပွဲချိန် မိနစ်(၂၀)တွင် ဆီဇာ၏ ဖြတ်တင်ဘောကို ကိုနေးက အပိုင်ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ ပွဲချိန် (၂၇)မိနစ်တွင် ရန်ကုန်တို့ တတိယဂိုး ရခဲ့ပြန်သည်။ အောင်မိုး၏ ဖန်တီးပေးမှုမှ ဆီဇာက ဂိုးသမားကို ဖြတ်ကျော်ကာ လှလှပပ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် (၄၂)မိနစ်တွင် ဆောက်သမ်း၏ ပထမဆုံး ဂိုးပေါက် ခြိမ်းခြောက်မှုအဖြစ် ကွင်းလယ်လူ အောင်အောင်ဟိန်း အပိုင်ခေါင်းတိုက်ခွင့် ရခဲ့ပြီး ခေါင်းတိုက်ချက် ကောင်းမွန်ခဲ့သော်လည်း ဂိုးတိုင်ထိခဲ့သောကြောင့် ဆောက်သမ်းတို့ နစ်နာခဲ့ရသည်။ ရန်ကုန်အတွက် အပိတ်ဂိုးကို ပွဲချိန်(၆၄)မိနစ်တွင် အောင်မိုး၏ ဖန်တီးပေးမှုမှပင် ဆီဇာက လျောထိုးပိတ်သွင်း ခဲ့ခြင်း ဖြစ်သည်။ လက်ကျန်မိနစ်များတွင်မူ ဂိုးထပ်မံ ရရှိခြင်း မရှိတော့သောကြောင့် (၀-၄)ရလဒ်နှင့်ပင် ပွဲပြီးဆုံးခဲ့ပြီး ထိပ်ဆုံးမှ အသင်းများ၏ ခြေချော်မှုကို အခွင့်ကောင်း ယူနိုင်ခဲ့သည်။

တစ်ပြိုင်တည်း ကစားခဲ့သည့် အောင်ဆန်းကွင်းမှ ဇွဲကပင်နှင့် ဧရာဝတီတို့၏ ပွဲတွင်မူ တစ်ဘက်(၂)ဂိုးစီဖြင့် သရေကျခဲ့သည်။ ဧရာဝတီ အနေဖြင့် ဇွဲကပင်နှင့် တွေ့ဆုံတိုင်း ခက်ခက်ခဲခဲ ရင်ဆိုင်ရလေ့ ရှိသည့် အစဉ်အလာကို ဆက်ထိန်းခဲ့ခြင်း ဖြစ်ပြီး ပထမအကျော့ ကကဲ့သို့ အနိုင်ရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ဧရာဝတီအတွက် ပွဲချိန် (၈)မိနစ်မှာပင် နန္ဒလင်းကျော်ချစ်က ဦးဆောင်ဂိုးကို သွင်းပေးခဲ့သော်လည်း ဇွဲကပင် နောက်ခံလူ နီကိုလာက နောက်(၂)မိနစ် အကြာမှာပင် ပြန်လည် ချေပခဲ့သည်။ ပွဲချိန် (၇၁)မိနစ်တွင်မူ ဧရာဝတီ တိုက်စစ်မှူး လီအန်ဒရိုက ဒုတိယဂိုး သွင်းယူပေးကာ ဧရာဝတီကို ပွဲကို နောက်တစ်ကြိမ် ဦးဆောင်စေခဲ့ပြန်သည်။ ပွဲပြီးဆုံးရန် နီးကပ်လာသဖြင့် ဧရာဝတီတို့ အနိုင်ရတော့မည်ဟု ထင်မှတ်ရချိန်တွင် ဇွဲကပင်တို့ ချေပဂိုး ရရှိသွားခဲ့သည်။ ထိုဂိုးကို ဇွဲကပင် ကစားသမား အောင်ကျော်ဦးက သွင်းယူပေးခဲ့ခြင်း ဖြစ်ပြီသည်။

Written by Admin Team   - Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ