မြန်မာဇာတ်ကားတွေ ကို ပြည်တွင်း ဈေးကွက်မှာပဲ လှည့်မနေဘဲ ပြည်ပ အထိ ထိုးဖောက်အောင် ရိုက်နိုင်ရမယ် ဆိုတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေကို ကိုယ်တိုင် ဖန်တီးလေ့ရှိတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “အသည်း တစ်ခြမ်းလျော်ကြေး” ဇာတ်ကားကို ကိုယ်တိုင် ဖန်တီးပြီး မင်းမော်ကွန်း၊ အေသင်ချိုဆွေ တို့နဲ့အတူ ရိုက် ကူးနေပါတယ်။ သာမန် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေကို မရိုက်ချင်တော့တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “လူ့ဘဝမှာ အလိမ်ခံ ရတာတွေက ပစ္စည်းဥစ္စာ အလိမ်ခံရတယ်။ ငွေကြေး အလိမ်ခံရတယ်။ တခြား ပိုင်ဆိုင်မှုတွေ အလိမ်ခံရတယ်။ အဲဒီအထဲမှာမှ လူရဲ့ကလီစာကို လိမ်ပြီး အထုတ်ခံရတယ်။ ဒီဘက်ခေတ်မှာ လွတ်လပ် ပွင့်လင်းလာပြီဆိုတော့ သာမန် ချစ်ကြိုက် ကွဲညားတွေ မရိုက်ချင်တော့ဘူး။ အဲဒါကြောင့် ဇာတ်လမ်း အထူးအဆန်းတွေ ဖန်တီးတယ်။ ဇာတ် အဖွင့်မှာကိုက ကောင်မလေး တစ်ယောက် ရည်းစားထားတယ်။ အဲဒီ ရည်းစားကလည်း ချောချောလေး။ သူနဲ့သွားတယ်၊ လာတယ်၊ ပျော်ပျော် ပါးပါး သောက်ကြ စားကြတယ်။ သူနိုးလာတဲ့ အချိန်မှာ ဟိုတယ်အခန်း တစ်ခုထဲရောက်နေတယ်။ ကျောကုန်းကနေ တဆစ်ဆစ် နာနေတယ်။ လူက အားမရှိသလို ဖြစ်နေတယ်။ မှန်ထဲမှာ ကြည့် လိုက်တော့ ကျောကုန်း က ကျောက်ကပ် တစ်ခြမ်း လှီးထုတ်ပြီး ပြန်ချုပ်ပေး ထားတယ်။ သူ့အိမ်ကို လှမ်း အကြောင်းကြားတယ်။ အိမ်က မိသားစုတွေ လိုက်လာတော့ သူက ဆုံးနေပြီ။ ကျောက်ကပ် အခိုးခံရတဲ့ ဇာတ်ကားလေးပါ” လို့ပြောပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က နောက်ပိုင်းမှာ လည်း သမား ရိုးကျကနေ ကွဲထွက်တဲ့ ဇာတ်ကားမျိုး တွေကို ရိုက်ကူး သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ပရိသတ်တွေက အခု နောက်ပိုင်းမှာ အမြင် ကျယ်လာ ကြ ပြီဖြစ်ပြီး ထုတ်လုပ်သူတွေက ငွေကုန်ကြေးကျ ခံကာ တကယ်ကောင်းတဲ့ ဇာတ်လမ်းတွေကို ရိုက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ အရင်တုန်းကလို ဘယ်လောက် ရင်းနှီးပြီး ဘယ်လောက် ကျန်မှ ရိုက်မယ်ဆိုတဲ့ နည်း လမ်းတွေ ကတော့ သိပ်ခေတ် မစားတော့ကြောင်း၊ အရှုံးခံပြီး ရိုက်ကူးဖို့ လည်း လိုအပ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပါတယ်။ အနုပညာ လောက တိုးတက်ဖို့ အားလုံးတက်ညီ လက် ညီ ပြောင်း လဲမှုတွေ လုပ်ရမယ်ဆိုတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “ဗီဒီယိုက ချန်နယ်တွေမှာ အလကား ကြည့်နေရတော့ ပိုက်ဆံပေးပြီး ကြည့်တဲ့လူ နည်းသွားတယ်။ အဲဒီတော့ ဈေးကွက် ကတဖြည်းဖြည်း ပျက်လာတယ်။ ရုပ်ရှင် ဇာတ်ကားကြီးတွေ ဘက်ကို လှည့်ရမယ်။ ပြည်တွင်း ဈေးကွက် မှာပဲ လှည့်ခွေနေလို့ မရတော့ဘူး။ ပြည်ပ အထိပေါက်အောင် ရိုက်နိုင်မှရမယ်။ ဒါကြောင့် ဇာတ်ကားကြီး ရိုက်ပြီ ဆိုရင် ခါတိုင်းလိုပဲ ဟာသကားလေးနဲ့ ဆိုရင် အလုပ် မဖြစ်တော့ဘူး။ အခုဆိုရင် အနုပညာရှင် ဖန်တီးသူတွေဘက်က ပြောင်းလဲ လာပါပြီ။ နောက်က ငွေထုတ်တဲ့သူတွေ နဲ့ တက်ညီလက်ညီ ဖြစ်ဖို့ လိုတယ်။ အမြင်ကျယ် ဖို့ လိုတယ်။ တချို့သရုပ်ဆောင် တွေအနေနဲ့ ဇာတ်ရုပ် ရွေးတာတို့၊ အရင်တုန်းကလို လူမုန်းသွားမှာ စိုးတာတို့၊ မလှတဲ့ ဇာတ်ရုပ်ကို မလုပ်ချင် တာတို့ အဲဒါတွေ အမြင်ကျယ်လို့ လိုအပ်လာတယ်။ နိုင်ငံတကာ ကိုလည်း မျက်လုံး ဖွင့်ကြည့်ဖို့ လိုတယ်။ တစ်ကားပြီး နောက်တစ်ကားရိုက်နဲ့ ရိုက်နေလို့ကတော့ ကိုယ့်မှာ လေ့လာချိန် မရှိရင် ဘာမှတိုးတက်မှာ မဟုတ်ဘူး။ ပြောင်းတဲ့ လူတွေက ပြောင်း သွားပြီဆိုရင် လေ့လာတဲ့ လူက ပြောင်း သွားပြီ ဆိုရင် သူတို့နှစ်ယောက်က ကွာဟနေမှာပဲ။ သရုပ်ဆောင်တွေကလည်း အိုင်ကျူမြင့်တဲ့ လူတွေက လေ့လာတယ် ၊ပြောင်းလဲဖို့ ကြိုးစားကြတယ်။ နိမ့်တဲ့ လူတွေ ကတော့ အလကား အပိုလိုတွေ၊ ဒီအတိုင်း အ လုပ်ဖြစ်နေ တာ ပဲဆိုပြီး မပြောင်းလဲဘဲ လုပ်စားချင်နေတဲ့ လူတွေလည်း ရှိတယ်။ အားလုံး တက်ညီ လက်ညီ ပြောင်းလဲဖို့ လိုပါတယ်”လို့ပြောပါတယ်။

ခိုင်ဝေလွင်
By Popular Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ