Paronychia လက်စွယ်-ခြေစွယ် ငုပ်ခြင်း


၁။ ဆရာ မင်္ဂလာပါရှင့်။ ကျမ၏တူမောင်သည် အသက် ၃၀နှစ်ရှိပါပြီ။ အိမ်ထောင်ရှိပြီး ဆေးလိပ် လည်းသောက်ပါသည်။ လွန်ခဲ့သော ၂နှစ်မှခြေမတွင်ခြေစွယ်ငုတ်နေယင်း ခုချိန်တွင် ခူနာဖြစ်နေပါသည်။ ခြေမ၏ထိပ်ဖျားတွင် အရေပြားများကျုံ့ပြီး အတွင်းပိုင်းတွင်ဆိုးဝါးစွာယောင်ရမ်းနေပါသဖြင့် မည်သို့  ကုသရမည်ကို လမ်းညွှန်အကြံဥာပေးပါရန် ရိုသေ လေးစားစွာဖြင့် တောင်းဆိုပါသည်ဆရာ။ ဆရာကျန်းမာပါစေဆုမွန်ပါးလျှက်။ ကျေးဇူးတင်ရှိပါသည်။။

၂။ ဆရာရှင့် ခဏခဏခြေစွယ်ငုတ်တဲ့ သူတွေက 80% လောက် ဆီးချိုဖြစ်ဖို့များနေပြီဆိုတာ ဟုတ်ပါသလားရှင့်။ သမီးနဲ့အမေက ခဏခဏခြေစွယ်ငုတ်ကြတယ်။ ခြေသည်းညှပ်တိုင် အဲ့ခြေဆွယ်လေးကို အနာခံပြီး ဖော်ဖြစ်တယ်။ ဖော်လိုက်ရင် သက်သာသွားတယ်။ အမေက အခုတော့ ခြေစွယ်မငုတ်တော့ဘူး။ သမီးကတော့ အခုထိ ငုတ်သေးတယ်။ ခြေသည်းလေး ရှည်လာရင် နာလာပြီး ခြေစွယ်ငုတ်တယ်။ သမီးကတော့အခုထိ အနာခံပြီး ဖော်တယ်။ အခုချိန်ထိ ဆီးချို တော့မရှိသေးဘူး။ လေးဖက်နာ ၃၀၀ တော့ရှိတယ်ဆရာ။ ခြေစွယ်နဲ့ ဆီးချိုကသက်ဆိုင်လား။ အမေလဲ ဆီးချိုမရှိဘူး သွေးတိုးပဲရှိတယ်ဆရာ။ သွေးတိုးကတော့ မျိုးရိုးရှိတယ်ဆရာ။ ကျေးဇူးပြု၍ ဖြေပေးပါဆရာ။

မေးခွန်းထဲက ဆွယ်ကို စွယ်လို့ပြင်လိုက်တယ်။ ဆီးချိုနဲ့ ခြေစွယ် တိုက်ရိုက်ဆက်စပ်မှု မရှိ။ ဆီးချိုရှိနေသူ ဘယ်အနာမဆို ပျောက်နိုင်ခဲ့တယ်။ ခြေစွယ်ကို ဖေါ်ပေးရတာ မှန်တယ်။ ပိုးမဝင်အောင်လုပ်ရမယ်။ ဖြစ်နေတဲ့ခြေသည်း အသစ်ထွက်လာမှသာ ကောင်းမယ်။ အချိန်ကြာတတ်တယ်။ ရေချိုးပြီးတိုင်းလုပ်ပေးသင့်တယ်။

၃။ ဆရာ့ ကျွန်မတူမလေးက အသက် ၁၀နှစ်ရှိပါပြီး။ တူမလေးရဲ့ညာဘက် လက်သန်းနဲ့ လက်သန်းကြွယ် လက်သည်းခွံ အောက်ခြေ လခြမ်းနားကနေ ပြည်တည်ပြီးယောင်နေပါတယ်ဆရာ။ ဖြစ်တာကတော့ တလလောက်ရှိပါပြီ။ အရင်တုန်းကလဲ ခဏခဏဖြစ်ဖူးပေမယ့် ခုလောက်လဲမဆိုးသလို ဘာဆေးမှမလိမ်း မသောက်ရပဲ သူ့အလိုလို ပြန်ပျောက်သွားဖူးပါတယ်။ ခုတကြိမ်တော့ အညှော်မိပြီးယောင်တယ်ထင်လို့ မောရိယ မန်းဆေး လိမ်းပေးနေတယ်ဆရာ။ သူ့အမေရဲ့ ညာဘက်လက်မှာလဲ ဒီလိုမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။မျိုးရိုးကြောင့်များ ဖြစ်တတ်ပါသလားဆရာ။ ဒီရောဂါဘာကြောင့်ဖြစ်ရပါသလဲဆရာ။ ဘယ်ဆေးမျိုး လိမ်းသင့် သောက်သင့်ပါသလဲလို့ ညွှန်ကြားပေးစေလိုပါတယ်။ အောက်မှာ ပူးတွဲပါဓါတ်ပုံတွေကိုလဲ ပို့ပေးထားပါမယ်ဆရာ။

လက်သည်း-ခြေသည်းမှာ ပိုးဝင်ခြင်းကိုရေးပါမယ်။ ကျွန်တော်တို့က ခြေစွယ်-လက်စွယ် ငုပ်တယ်လို့ပြောကြတယ်။ အဖြစ်များတယ်။ ဂရုစိုက်သင့်တယ်။ အရေပြား ဘယ်နေရာမှာ ပိုးဝင်ဝင် Staphylococci ခေါ် ဗက်တီးရီးယားကနေ ဖြစ်တာများတယ်။ ဖန်းဂတ်စ် ခေါ် မှိုပိုးလည်းဝင်တတ်တယ်။ ပျောက်ဘို့ကြာတယ်။ ဗိုင်းရပ်စ်ကနေ ပြည်တည်တာလည်း ဖြစ်တတ်တယ်။ အဲတာကတော့ လက်သည်းနားမှာ မဟုတ်ပါ။ Herpetic whitlow ခေါ်တယ်။

လက်သည်း-ခြေသည်းမှာ ပိုးဝင် နီမယ်။ နာမယ်။ ရောင်မယ်။ ပြည်တည်မယ်။ ပြည်အရောင် အမျိုးမျိုးဖြစ်နိုင်တယ်။ ပြည်ဆိုတာ ဘယ်နေရာမှာရှိရှိ ပြည်ကိုထွက်အောင်လုပ်ပေးရမယ်။ ထုံဆေးသုံးပြီး ဓါးနဲ့ခွဲပေးရတယ်။

ရေနွေးထဲစိမ်တာ၊ အပူကပ်ပေးတာ သက်သာစေမယ်။ ပိုးသေဆေး + အနာသက်သာဆေးလိုမယ်။ Penicillin နဲ့ Ampicillin တွေကို အများဆုံးသုံးတယ်။ S. aureus နဲ့ Bacteroides ပိုးတွေကတော့ ဆေးယဉ်ကြတယ်။ cephalosporins ပဌမမျိုးဆက်ဆေးတွေကိုလည်း ယဉ်နေပြီ။ Clindamycin နဲ့ amoxicillin–clavulanate potassium (Augmentin) ဆေး ပေးမှရတယ်။

သုံးနိုင်တဲ့ Antibiotic ပိုးသေဆေးများ
Cloxacillin 50 to 100 mg/kg/day ကို တနေ့ ၄ ကြိမ်ခွဲသောက်ပါ။ တနေ့ 4 g/day ထက်မပိုစေရ။ ၅ ရက် ဆိုရမယ်။ လိုသေးရင် နောက်ထပ် ၂-၃ ရက်ဆက်တိုက်ပါ။ Flucloxacillin နဲ့ Dicloxacillin ကိုလည်းပေးနိုင်တယ်။

ဖန်းဂတ်စ် မှိုအတွက် Grisofulvin = 10 - 20 mg/kg/day တနေ့ တကြိမ်။ တနေ့မှာ 1000 mg/day ထက် မများစေရ။ ဖန်းဂတ်စ် (မှို) အတွက်ဖြစ်တယ်။ ဖြစ်နေတာကြာလေ ရက်ကြာကြာလိုလေ။ ဥပမာ ၁၄-၂၁ ရက်။

နာတာရှည် ပြန်ပြန်ဖြစ်နေတာလည်းရှိတယ်။ ပြည်တည်ချင်မှသာ တည်မယ်။ အယ်လကာလီဓါတ်များတာနဲ့ ထိတွေ့ရရင် ဖြစ်တယ်။ သူနဲ့ မသင့်တာကိုယ်တွယ်ရလည်းဖြစ်တယ်။ ရေကိုင်ရ များသူတွေမှာလည်း ဖြစ်တယ်။ ဆီးချိုရှိသူ HIV ရှိသူ ပျောက်ခဲတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ