အသည်း အဆီဖုံး ရောဂါ အတွက် ထိရောက်သော တိုင်းရင်းထွက်ဆေးပင်များ


အသည်းအဆီဖုံးရောဂါသည် ယခုဆယ်စုနှစ်အတွင်းမှ အဖြစ်များလာသောရောဂါဖြစ်သည်။

လွန်ခဲ့သော၂၇ နှစ် စာရေးသူတိုင်းရင်းဆေးရုံတွင် အလုပ်သင် ဆရာအဖြစ် ဆင်းခဲ့သည့် အချိန်က အဖြစ်များသော အသည်း ရောဂါမှာ အသည်းရောင်အသားဝါ(ရိုးရိုး)သာဖြစ်သည်။ ထိုရောဂါဖြစ်လျှင် တစ်ကိုယ်လုံးအသားများ ဝါ သည့် အပြင် မျက်စိ ပါဝါသည်။

နောက်ဆုံးဆီးသွားလျှင်အဝါရင့်ရောင်သွားသည်။ထိုစဉ်က ပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေး ဟုခေါ်သော မြောက်ပြင် ရှိဆေးရုံမှာ ခုတင် ၂၅ လုံးမျှသာဆံ့သော်လည်း အသားဝါလူနာများပြည့်လျက် လူနာ ၅ဝ ခန့် အထိ ကုသပေး ခဲ့ရ သည်။ အသားဝါလူနာအားလုံးနီးပါးကိုယ်ဝန်ဆောင်အသားဝါပါမကျန် တိုင်းရင်း ဆေးဖြင့် ကုသပျောက် ကင်းကြ သည်။

ထိုအချိန်က အသားဝါကုသသော အဓိကတိုင်းရင်းဆေးမှာ ဆေးအမှတ်(၁)ဟု အမှတ်အသားပြုထားသည့် မက် လင်ချဉ်ဆေးဟုလည်းခေါ်သည့် ဆေးဖြစ်သည်။ရှေးဆေးကျမ်းများမှ ''သေမှပုတိက သလိပ် ပုပ်နိုင ဆေး'' နည်းကို ယူထားသော ဆေးဖြစ်သည်။အသည်းရောင်အသားဝါအတွက်ကောင်းသည့် အမှတ် (၁) ဆေး နည်းတွင် အဓိကပါ ဝင်သောဆေးမည်မှာ မက်လင်သီး၊ မက်လင်ခေါက်ပင်ဖြစ်သည်။ မက်လင်သီး သည် အလွန်ချဉ်သောအသီးဖြစ်ပြီး ချဉ်ဟင်းချက်ရာတွင် ထည့်သွင်း အသုံးပြုကြသည့် တောဓလေ့သုံး အသီးဖြစ်သည်။ အသီးများကို နေလှန်း၊ အခြောက်ပြု လုပ်ပြီးလည်းဈေးများတွင် ရောင်းချကြသည်။

မက်လင်သီး၊မက်လင်ခေါက်တို့ပါဝင်သောဆေးသည်အသည်းအတွက်အလွန်ကောင်းသည်။အသည်း ရောင်ခြင်းကိုကျစေသည့်အပြင် အသားဝါခြင်း၊ဆီးဝါခြင်းကိုလည်းအလွန်လျင်မြန်စွာကောင်းမွန် စေနိုင်ကြောင်းစာရေးသူတို့အလုပ်သင်ဘဝကတည်းက လက်တွေ့ပင်ဖြစ်သည်။

ထိုအချိန်ကယခုခေတ်စားနေသည့် အသည်းအဆီဖုံးရောဂါသည် များစွာခေတ်မစားသေးပေ။ အသားဝါ ရောဂါဟု သာရှိပြီး ဘီပိုး၊ စီပိုးများ ခေတ်မစားသေးပေ။နောက်ထပ် ၁ဝ နှစ်ကျော်ကြာ ၁၉၉၅ ခုနှစ် နောက် ပိုင်း မှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်း အဆီ ဖုံးရော ဂါများ ခေတ် စားလာသည်။

ရှေးခေတ်ကမဖြစ်ခဲ့ဖူးသောအသည်းရောဂါအမျိုးမျိုးကြောင့် သေဆုံးသူများမှာမျက်စိရှေ့တွင်ပင်မနည်း တော့ပါ။ ကြောက်စရာကောင်းလောက်အောင်ကို တိုးပွားလာနေသည်။စား ကောင်း သောက်ကောင်းဝဖြိုးနေသူတစ်ဦးသည်အကြောင်းတစ်ခုကြောင့် ဆေးစစ်လိုက်လျှင် အသည်းအဆီဖုံးနေသည်ဟု သိရ သည်။ ထိုသို့ သိရသည့်အခါမှစ၍ ထိုသူသည် နေမကောင်းဖြစ်လေတော့သည်။ ကျုံးနံဘေးတွင် လမ်းလျှောက် နေသူ အတော်များများကိုမေးလိုက်လျှင် အသည်း အဆီဖုံးနေလို့ ဆရာဝန်က လမ်း လျှောက်ပြီးအဆီချခိုင်းလို့ဟု ပြောသူအတော်များများကို တွေ့ရသည်။ပင်ကိုကျန်းမာရေးအသိဖြင့်လမ်း လျှောက် သူကနည်းသည်။ ဆရာဝန်က အသည်းအဆီဖုံးနေပြီပြောလိုက်မှ လမ်းလျှောက်သူက များ လာ လေသည်။

အရက်ဆိုင်၊လမ်းဘေးစည်ဘီယာဆိုင်များမှာလည်းရှေးခေတ်ကထက် ဆယ်ဆမက တိုးပွားလာပြီး အရက် သောက် သူ၊ ဘီယာသောက်သူများမှာ ဗိုက်စူထွက်လာပြီး အသည်းအဆီဖုံးရောဂါရလာသူများလည်း တွေ့ရသည်။ အသည်း ပျက်စီးစေသော အဆင့် ရောက်သောအခါ အသည်းခြောက်၊ အသည်းကင်ဆာကြောင့် သေရသူအ လွန်များ လာ သည်။

မနှစ်ကစာရေးသူ၏မိတ်ဆွေတစ်ဦးသည် အစာအိမ်သွေးကြောပေါက်၍ ဆေးရုံတက်ကာသွေးကြောဖာပြီး ပြန်ဆင်း လာသည်။သူအသည်းခြောက်နေသဖြင့်အသည်းသို့ဝင်သောသွေးကြောပိတ်ပြီးအစာအိမ်တွင် နောက်ကြောင်းပြန်သွေးဖိအားတိုးကာ သွေးကြောပေါက်သွားသည်ဟုဆိုသည်။ အဓိကတရားခံမှာအစာအိမ်မဟုတ်အသည်းဖြစ်နေသည်။ထိုမိတ်ဆွေသည်အရက်ကိုအမြဲသောက်သူမဟုတ်။ ဂေါက်သီး ရိုက်ပြီး နိုင်မှတစ်လတစ်ကြိမ်၊ နှစ်ကြိမ်မျှသာသောက်သူဖြစ်သည်။ဤမျှနှင့်ာအသည်း ခြောက်ရသည်မှာဆိုးလှသည်။အရက်သောက်သူ၊ အသည်းအဆီဖုံးသူအသည်းခြောက်သူများအတွက် ဆေးနည်းတစ်ခုပေးချင်ပါသည်။ဆေးပင်ဟုပြောလျှင်လည်း ဖြစ်နိုင်ပါသည်။ 'ဟင်းဂလာ'ပင်ဟု ခေါ်ပါသည်။

စာရေးသူ၏ အဘိုးတစ်ဝမ်းကွဲတော်သူ(အဘိုး၏ ညီတစ်ဝမ်းကွဲတော်သူ)သည် အရက်ကိုပုံမှန်သောက်သူ ဖြစ်ပါ သည်။ ညနေခင်းရောက်သည်နှင့်အရက်ကို ရေနွေးထည့်သည့် သတ္တုကရားတွင်ထည့်ပြီး တစ်အိုးခန့် သောက် ပါသည်။သူသောက်သည့်အရက်မှာ ချက်အရက်ဟုခေါ်သော အရက်ဖြူဖြစ်ပါသည်။ အံ့သြစရာ ထို အဘိုးသည် အသက် ၉၉ နှစ်ကျော်၊ ၁ဝဝ အတွင်းရောက်မှသေပါသည်။ နှစ်ပေါင်း ၅ဝ ကျော် အရက် သောက်ခဲ့သော်လည်း အသည်းမခြောက်ခဲ့ပါ။သူအမြဲစားခဲ့သောအရက်အမြည်းမှာ တောရွာများတွင်ပြုလုပ်လေ့ရှိသောဟင်းဂလာချဉ်ဖတ်ဖြစ်ပါသည်။

ဟင်းဂလာပင်သည် နုန်းတင်မြေနုနှင့် သဲသောင်ခုံများတွင် အလေ့ကျပေါက်သော အပင်များဖြစ်ပါသည်။

၏မြေနှင့်သဲတွင် ကပ်၍ပေါက်ပြီး လက်ဝါးကဲ့သို့နံဘေးသို့ဖြာထွက်သည်။ ဟင်းဂလာပင်ကိုပြုတ်သောက်လျှင် ဆီးအလွန်ကောင်းသည်။ ကျွဲ၊ နွားများဆီးချုပ်သောအခါဟင်းဂလာပင်ကိုခုတ်စဉ်းပြီး နွားစာနှင့်ရောကျွေးကြသည်။

ဟင်းဂလာပင်ကို ထမင်းလက်တစ်ဆုပ်ခန့်ဖြင့် မြေစဥ့်အိုးငယ်တွင်ထည့်၍ အချဉ်တည်ထားပြီးသုံးရက်ခန့် တွင် အချဉ်ပေါက်သည်။ ဟင်းဂလာချဉ်ဖတ်ကို ငါးဖြင့်ရော၍လည်း ချက်စားလေ့ရှိကြသည်။ ငါးပိရည်နှင့်တွဲဖက်၍ တို့ စရာ အဖြစ်လည်း စားသုံးကြသည်။တောဓလေ့တွင် ချက်အရက်သောက်ကြသူများသည် အရက်နာမကျစေရန် ဟင်း ဂလာ ချဉ်ဖတ်ကို ပဲကြီးလှော်နှင့်စားသုံးရင်း အရက်သောက်လေ့ရှိကြသည်။

ထိုကဲ့သို့သောက်သော အရက်သမားများမှာ အရက်နာကျခြင်း၊အသည်းခြောက်ရောဂါဖြစ်ခြင်းမရှိကြောင်း တွေ့ရပါ သည်။အသည်းအဆီဖုံးခြင်းအတွက် ထိရောက်သော အခြားဆေးဖက်ဝင်အရွက်မှာ ဆေးမြင်း ခွာ ရွက်ဖြစ် သည်။

ဆေးမြင်းခွာရွက်သည် စားသုံးသည့် မြင်းခွာရွက်ထက်အရွက်သေးသည်။ လမ်းလျှောက်နွယ်မျိုးဖြစ်ပြီး အရွက်နှင့် အရိုးတွင်အမွေးနုကလေးများပါလေ့ရှိသည်။ ရိုးတံအနီရောင်နှင့် အဖြူရောင်နှစ်မျိုးရှိသည်။ နှစ်မျိုး လုံးပင် ဆေးဖက် ဝင်ပါ သည်။

ယင်းမြင်းခွာပင်များကို နွယ်လိုက်ရအောင်နုတ်ယူ၍ ဝါးလုံးတန်းကဲ့သို့ တန်းပေါ်တွင် အရှည်လိုက်တင်ပြီး အခြောက် လှန်းပါ။ နေပူတွင်မလှန်းဘဲ နေရိပ်တွင်လှန်းပါ။ ခြောက်သွားသောအခါ မှိုမတက်အောင် သံဘူးသို့ မဟုတ် ဖန်ပုလင်းတွင်သိမ်းဆည်းထားပါ။ နေ့စဉ်ရေနွေးမတ်ခွက်တစ်ခွက်စာမျှလက်ဖက်ခြောက်ခတ်သလိုခတ်၍သောက်ပေးပါ။ အသည်း အဆီဖုံးခြင်းကိုကျဆင်းစေနိုင်ပြီးဆီးကောင်း၊ ဆီးရွှင်ကာ မျက်စိအားကိုလည်း ကောင်းစေနိုင်ကြောင်း လက်တွေ့သုံးစွဲဖူးသူများကပြော၍ မှတ်သားရဖူးပါသည်။

အသည်းအဆီဖုံးခြင်းအတွက် နောက်ထပ်ထိရောက်သောအသီးမှာဆီးဖြူသီးပင်ဖြစ်ပါသည်။ ဆီးဖြူသီးကို ဆေးဖက် ဝင်အသီးအဖြစ် မြန်မာဆေးကျမ်းများစွာတွင်ပါဝင်သည့်အပြင် အနောက်တိုင်းအာဟာရသု တေသီများကလည်း ဗီ တာ မင်စီအလွန်ြ<ွကယ်ဝသော အသီးအဖြစ် အသိအမှတ်ပြုထားကြပါသည်။ သို့သော် ဆီးဖြူသီးကို အစိမ်း အတိုင်း စားလျှင် လေချုပ်၊ သွေးချုပ်စာဖြစ်သဖြင့် နေ့စဉ်ရက်ဆက် များများစား ရန်မသင့်ပါ။အထူးသဖြင့် အမျိုး သမီး များသွေးပေါ်ရက် နီးလျှင် မစားသင့်ပါ။

အသည်းအဆီဖုံးသူများအတွက် ဆီးဖြူသီးစားရန်နည်းမှာ ဆားရည်စိမ်စားလျှင် ပို၍ကောင်းသည်။ ဆား ရည်စိမ် ထားလျှင် ကြာကြာအထားခံပြီး အရသာလည်းပို၍ကောင်းသည်။ တစ်နေ့လျှင် တစ်လုံးမျှစားလျှင်ပင် လုံလောက် သည်။

တာရှည်ခံသောနည်းမှာ ဆီးဖြူသီးပေါသောအချိန်တွင်ဝယ်ယူ၍ အခြောက်လှန်းပြီး သိမ်းဆည်းထားပါ။ ဆီးဖြူ သီး ခြောက်ကိုငါးဟင်း၊ဝက်သားဟင်းစသည်တို့နှင့်ရောချက်စားလျှင် ဟင်းနူးစေပြီး အဆီဓာတ်ကို လျော့ကျစေကာ အအီပြေစေနိုင်သည်။ ဝက်သားကြိုက်သူများသည် အိုးကြီးနှပ်ချက်အဖြစ် ချက် စားနိုင် သည်။ရှေး ကအလှူများတွင် ဝက်သားတုံးကြီးများကို နူးအောင်ချက်ပြီးမှ အိုးကြီးတွင်ထည့်ပြီး သရက် သီးခြောက်တစ် ထပ်၊ အသားတစ်ထပ်၊ မရန်းသီးခြောက်၊ဆီးဖြူသီးခြောက်များထပ်၍ထည့်ပြီးအိုးအဖုံးပိတ်ကာအပေါ်မီး၊အောက်မီးထပ်တင်၍ နှပ်ထားလေ့ရှိသည်။ရက်ရှည်အထားခံပြီးချဉ်ဖြုံးဖြုံးအရသာရှိသောဝက်သားအိုးကြီးနှပ်မှာ ဆွမ်းကြီးလောင်းပွဲနှင့်အလှူပွဲများတွင် မြန်မာတို့အကြိုက်ချက်နည်းဖြစ်သည်။ဝက်သားကြိုက်သူများသည်အသည်းအဆီဖုံးခြင်းသက်သာစေရန် ဤနည်းဖြင့် ချက်စားနိုင်ပေသည်။

အသည်းအဆီဖုံးခြင်းကို ကာကွယ်နိုင်သော အခြားအရွက်များမှာ ဈေးများတွင် အလွယ်တကူ ရနိုင်သော ရှောက် ရွက် နှင့် ရဲ ယိုရွက်တို့ဖြစ်သည်။

ရှောက်ရွက်ကိုပါးပါးညှပ်ပြီး အသုပ်များတွင် ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ်သောက်ခြင်းဖြင့် နေ့စဉ် စား သုံးနိုင် သည်။ အတို့အမြှုပ်အဖြစ်လည်း စားသုံးနိုင်သည်။ ရှောက်သီးမှထွက်သောရှောက်ရည်နှင့် ရှောက် ရွက်တို့ သည် အသည်းအတွက်အလွန်ကောင်းသောဓာတ်စာဖြစ်သည်။ချဉ်ရည်ဟင်းများတွင် ရှောက်ရည်ထည့်ချက်ခြင်း အကင်များစားလျှင်လည်း ရှောက်ရည်ညှစ်စားခြင်းဖြင့်အသည်းအတွက်ကာကွယ်ပါ။ရဲယို ရွက်ကို ငါးခူဖြင့်ရော ချက်စားနိုင်သည်။ ငါးဖယ်၊ငါးကြင်းခြစ်များကို အမွှေးအကြိုင်၊ ကြက်သွန်ဖြူ၊ စပါး လင်တို့ဖြင့်ရောနယ်ပြီး ရဲယို ရွက်ဖြင့် ဖက်ထုပ်ပြုလုပ်ကာ ကြော်စားခြင်း၊ ရေနွေးနွေးဖြင့် ပေါင်းစားခြင်းတို့လည်း ပြုလုပ်နိုင်သည်။ ရဲယိုရွက် သည် နှုတ်မြိန်စေသော အစာဖြစ်သည်။ လေပူကိုနိုင်သော သတ္တိရှိသည်။

အသည်းတွင် အပူအောင်းခြင်း၊ အသည်းခြောက်ခြင်းရောဂါအတွက် တစ်ပတ်လျှင်နှစ်ကြိမ်ခန့် ရဲယိုရွက်ကို စားသုံး ညပေးလျှင် ကာကွယ်ရာရောက်သည်။အဆီများသူ၊ တစ်နေ့တခြား ဝလာသူ၊ အထိုင်များသူ၊လမ်း လျှောက်နည်းသူ တို့အတွက် အသည်းအဆီဖုံး ရောဂါသည် အလွန်အဖြစ်များလာသော ရောဂါဖြစ်သဖြင့် ရိုးရာ ဆေးဖက်ဝင်အပင်၊ အသီးအရွက်များကို စား သုံး ရင်း ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ