အန္တရာယ်များသည့် စပ်ဆေး


ကျွန်တော်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးကုသဆောင်(၃)ရဲ့ တာဝန်ခံဆရာဝန်ကြီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ဆေးတက္ကသိုလ် (၁)မှာတော့ ပါမောက္ခဆေးပညာရာထူးနဲ့ ဆေး ကျောင်းသားတွေကိုလည်း ဆေးပညာသင်ကြားပေးနေပါတယ်။

ရပ်ကွက်ဆေးဆိုင်တွေမှာ များသောအားဖြင့် ဒီကျေးလက်တောရွာတွေမှာ လူတွေအသုံးများနေတဲ့ စပ်ဆေးတွေအကြောင်းကို ပြောပြပေးပါဦး။

ကျွန်တော်တို့ ဒီရပ်ကွက်တွေမှာ ဒီစပ်ဆေးရယ်လို့ ကွမ်းယာဆိုင်မှာလည်းဝယ်လို့ရတယ်။ ဆေးဆိုင်လေးတွေမှာလည်း ၀ယ်လိုရတယ်ပေါ့။ အဲဒီစပ်ဆေးတွေကို သောက်လာကြတဲ့အလေ့ အကျင့်ဟာ အတော်လေးကိုကြာခဲ့ပြီ။ ကျွန်တော်တို့ ကျောင်းသားဘ၀။ ၁၉၇၉ ပြည့်လောက်။ အဲဒီအချိန်တုန်းက ကြာဖူးတယ်။ ဒါပေမယ့် အဲ့လောက်မကျယ်ပြန့်သေးဘူး။ တဖြည်းဖြည်းနဲ့ ဒီစပ် ဆေးဟာ တစ်ယောက်အလေ့အကျင့်ကနေပြီးတော့ အဆင့်ဆင့်လက်ဆင့်ကမ်းလာတာ အခု အချိန်မှာဆို စပ်ဆေးယဉ်ကျေးမှုတစ်ခုလို့တောင်မှ ဖြစ်တဲ့အဆင့်ကို ရောက်လာတယ်။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုတော့ ကျွန်တော်တို့ ဒီစပ်ဆေးရေရှည်သောက်ပြီးတော့ နောက်ဆက်တွဲဖြစ်တဲ့ ဒုက္ခ တွေနဲ့ ရောက်လာတဲ့လူနာတွေ နိစ္စဓူဝ ကျွန်တော်တို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုတဲ့နေရာမှာ ကျွန်တော်တို့ တွေ့နေရတယ်။

ရပ်ကွက်ထဲကဆေးပေးခန်းတွေမှာ တန်းတွေစီနေတဲ့လူနာတွေလည်း တွေ့နေရတယ်။ အဲ့အချိန်မှာ ဆရာဝန်ကနေပြီးတော့ သူကကုသခြင်း အပိုင်းနဲ့ကာကွယ်ခြင်းအပိုင်းတွေပြောပြီးတော့ လိုအပ်မှဘဲ ဆေးထိုး ဆေးပေး တာတွေလုပ်တာလေ။ ဒါပေမဲ့ ဆရာဝန်ပေးလိုက်တဲ့ဆေးဟာ ဆေးမထိုးဘဲနဲ့ သောက်ဆေးတွေအရင်ပေးတော့ အဲဒီ့သောက်ဆေးတွေဟာလည်း ကြာရှည်သောက်ရတယ်ဆိုပြီး စိတ်မရှည်တဲ့လူနာတွေလည်းရှိနေတော့ အဲ့လူနာတွေအပေါ် နည်းနည်းလေး လမ်းညွှန်မှုပေးပါဦး။

အဲဒီ့ဟာနဲ့ပတ်သတ်ပြီး ကျွန်တော်ငယ်ငယ်က ဆရာဝန်ဖြစ်ခါစတုန်းကတော့ ကျွန်တော်တို့ရဲ့ ဆေးပညာအရတော့ ကျွန်တော်တို့ကထိုးဆေးမပါဘူး။ သောက်ဆေးနဲ့ပဲဆေးကုလို့ရတယ်၊ ဒါပေမဲ့ ရောက်သွားတဲ့အချိန် နယ်ဒေသမှာ။ 'ပေါင်'မှာ ဆေးခန်းထိုင်တုန်းကဆိုရင် တော်တော်လေး မှတ်မှတ် ရရပဲ။ လူနာတွေက ဆေးမထိုးဘူးဆိုရင် ဆေးကုတယ်လို့တောင်မထင်ဘူး။ ဒီသောက်ဆေးပဲပေးရင် လှည့်ထွက်သွားတာ။ တစ်ခါတစ်လေများဆို ရီစရာ၊ ပိုက်ဆံလည်းပေးမသွားဘူး။ ထွက်သွားတာပေါ့နော်။ ဒါမျိုးတွေက ကြုံခဲ့ဖူးတာ။ သြော်… သူတို့မှာဆေးနည်းနည်းထိုးလိုက်မှဘဲ သူတို့မှာဆေးကုတယ်ထင်ကြတယ်။ ကျွန်တော့်တို့မှာ အဲဒီ့အချိန်တုန်းက အမှန်အတိုင်းဝန်ခံရမှာပဲ။ အားဆေးတွေထိုးပေးခဲ့ရတယ် တကယ်တော့ အဲဒီ့အားဆေးသည် သူရဲ့ဖျားနာတာနဲ့မဆိုင်ဘူး။ သို့သော်လည်း ပေးလိုက်တဲ့ တကယ်တမ်း ပိုးသတ်ဆေးနဲ့ ပါရာစီတမော့က ကုတဲ့ဆေး။ ထိုးလိုက်တာ က အားဆေးပေါ့နော်။ ဒီဆေးမထိုးပေးရင် ဆေးကုတယ်လို့မထင်တာ။ အထူးသဖြင့် နယ်ဘက်တွေမှာ ပိုပြီး ကြားနေရတယ်။ တကယ်တော့ ဖျားနာတယ်ဆိုရင် ဆေးထိုးမှမဟုတ်ဘူး။ သောက်ဆေးနဲ့လည်း ကောင်းကောင်းမွန်မွန် ကုလို့ရပါတယ်။ ဒါပေမဲ့ ဆေးထိုးတယ်ဆိုရင် တချို့ Patient များ ဆီးချိုရှိတယ် ဆိုပါစို့။ အဲဒီ့ဆီးချိုကြောင့်ပဲ ဆေးထိုးတဲ့နေရာမှာ ဆေးထိုးတဲ့အနာတောင် ဖြစ်နိုင်သေးတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဆရာဝန်ရဲ့ညွှန်ကြားတဲ့သောက်ဆေးနဲ့ ထိထိရောက်ရောက်သောက်တယ်ဆိုရင်လည်း ရောဂါတွေပျောက်အောင်ကုသနိုင်ပါတယ်။

ဆရာ ခုနကပြောသလိုပဲ ကျေးလက်တောရွာတွေမှာ ဒါဆရာဝန်တွေမရှိဘူး။ ဆေးမှူးနဲ့ပဲသွားရောက် ပြသရတဲ့အခါတွေလည်းရှိတယ်။ ဒါတွေနဲ့ပတ်သတ်ပြီးတော့ ဆရာရဲ့အမြင်လေးကိုလည်းသိချင်ပါ တယ်။

ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ကွန်ရက်ကြီးတစ်ခုလုံးပေါ့။ ဒီ Network ကြီးတစ်ခုလုံးမှာ တကယ်တမ်းကျတော့ ရှေ့တန်းစစ်မျက်နှာမှာရှိတာက တကယ်တော့ ကျန်မာရေး ၀န်ထမ်းတွေက ဒီကျန်းမာရေးမှူးနဲ့သွားဖွားဆရာမတွေပေါ့။ အဲ့တော့ ဆရာဝန်တွေဆိုတာတချို့ နေရာ တွေမှာ မရှိပါဘူး။ အဲတော့ ဒီကျန်းမာရေးဝန်ထမ်းတွေ၊ ဒီသားဖွားဆရာမတွေကိုတော့ မြို့နယ် ဆရာဝန်ကနေပြီးတော့ သူတို့ကိုဆေးဝါးကုသမှုပုံစံအနေနဲ့ တုပ်ကွေးဆိုဘယ်လိုကုမယ်၊ နှာစေး၊ ချောင်းဆိုးဆို ဘယ်လိုဆိုတာတွေကို သူတို့တွေက အတိုင်းအတာတစ်ခုအထိမှန်ကန်တဲ့ ကုသမှု ကိုသူတို့သိရှိထားပြီးဖြစ်ပါတယ်။ အဲတော့ အဲလိုနေရာတွေမှာသွားပြီးတော့ ကုသတဲ့အခါကျတော့ သူတို့အတိုင်းအတာတစ်ခုအထိ ကုသမယ်။ သူတို့နိုင်တဲ့အဆင့်ထိ သူတို့ကုမယ်၊ မနိုင်ဘူးဆိုရင်တော့ သက်ဆိုင်ရာတိုက် နယ်ဆရာဝန်ပြီးတော့ မြို့နယ်ဆရာဝန်။ အဲလိုအဆင့်ဆင့်နဲ့ သူတို့လွှဲပြောင်းလွှဲပို့ တဲ့စနစ်ကတော့ ရှိထားပြီးသား။ အဲတော့ ခုနကပြောတဲ့ ဒီကျန်းမာရေးမှူးတို့၊ အခြေခံကျန်းမာရေး ၀န်ထမ်းတွေကတော့ ဆရာတို့ခုနကပြောတဲ့ စပ်ဆေးလိုဆေးမျိုးပေါ့။ မသုံးနေဘူးလို့တော့ ဆရာတော့ မျှော်လင့်တယ်။ ဒါပေမဲ့ ဒါကလည်း ကိုယ်တကယ် On Ground ပေါ့။ အဲလို အခြေအနေမျိုးမှာ ဘယ်လိုရှိလဲဆိုတာတော့ တကယ်လေ့လာကြည့်မှပဲ ပိုသိရမှာဖြစ်ပါတယ်။

လူနာတော်တော်များများက မလိုအပ်ဘဲနဲ့ဆေးထိုးခံချင်ကြတယ်။ မလိုအပ်ဘဲဆေးထိုးတဲ့အခါမှာ ဖြစ် ပေါ်လာနိုင်တဲ့ ဆိုးကျိုးတချို့ကိုလည်း ပြန်ပြောပေးပါဦး။

အရေးအကြီးဆုံးကတော့ ဒီအပ်နဲ့ဆေးထိုးရတယ်ဆိုကတည်းက အခုခေတ်တော့ သိပ်မမှန် တော့ဘူး။ ဟိုခေတ်တုန်းကဆိုရင်တော့ တစ်ခါသုံးအပ်မသုံးနိုင်ခဲ့ပါဘူး။ အခုခေတ်မှာ တစ်ခါသုံး အပ်တွေ တော်တော်လေးသုံးနေကြပါပြီ။ ဒါတောင်မှ တစ်ခါသုံးအပ်ကိုနှစ်ခါသုံးတဲ့ အဖြစ်မျိုးတွေ ကြားနေရပါသေးတယ်။ တချို့ဆို အခုအချိန်ထိကို ပြုတ်ပြီးတော့ ရေနွေးစိမ်ပြီးတော့ပြန်သုံးတယ် ဆိုတာ တကယ်ကြားနေရပါတယ်။ ဒါတွေက ရောဂါပိုးကူးစက်လွယ်တယ်။ အထူးသဖြင့် အသည်း ရောင်အသည်းဝါဘီပိုး၊ အသည်းရောင် အသည်းဝါစီပိုး၊ HIV ပိုးပေါ့နော်။ HIV ပိုးဆိုသိပ်ကြောက်ဖို့ ကောင်းပါတယ်။ ဒါမျိုးတွေက ကူးစက်သွားနိုင်တယ်။ အဲတော့ မလိုအပ်ဘဲနဲ့တော့ ဆေးမထိုးတာတော့ အကောင်းဆုံးဖြစ်မယ်လို့ အကြံပေးချင်ပါတယ်။

ဆေးဝါးအရောင်းဆိုင်တွေကို ဘယ်လိုလူမျိုးတွေက ဖွင့်ခွင့်ရှိသလဲ၊ ပြီးတော့ ဘယ်လိုလူမျိုးတွေက ဖွင့် တာများသလဲလို့။ ဒါလေးကိုလည်း ပြောပြပေးပါဦး။

ဒီဆေးဝါးဆိုင်၊ ဆေးအရောင်းဆိုင်ဖွင့်ခွင့်လိုင်စင်တွေကို မြန်မာနိုင်ငံ FDA ရဲ့သတ်မှတ်ချက်နဲ့ စည်းကမ်းတကျဖွင့်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေက အားလုံးရှိထားပြီးသားဖြစ်ပါတယ်။ သတ်မှတ် ထားတဲ့အတိုင်းဆိုရင်တော့ ဒီဆေးဆိုင်မှာရောင်းချတဲ့သူက ဆရာတို့ B.Pharm က ထွက်လာတဲ့ Pharmacist တွေပေါ့။ သူတို့ကဆေးဝါးကျွမ်းကျင်တဲ့သူတွေ ခန့်ထားပြီးတော့ ဆေးရောင်းတဲ့နေရာမှာ ပါဝင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြင်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တစ်ချို့နေရာတွေမှာ ဆိုရင် ဒီ Pharmacist တွေကို အပြည့်အ၀ခန့်ထားနိုင်ခြင်းလည်း မရှိသေးပါဘူး။ အဲဒီအခါကျတော့ ဒီကလေးတွေပေါ့။ တစ်ချို့ဆို ဆယ်တန်းတောင်မအောင်တဲ့ကလေးတွေလည်း ဒီနေရာမှာ ဆေးရောင်း တဲ့နေရာမှာ ပါဝင်နေတာပေါ့။ အဲ့တော့ သူတို့ကိုဆေးရောင်းတဲ့နည်း ဆေးစပ်တဲ့နည်းကျတော့ အပေါ် က တစ်ယောက်ကနေပြီးတော့ သူတို့ကိုပြောကြတာပေါ့။ အဲတော့ အဲလိုစပ်တဲ့နေရာမှာ ဆရာ ခုနက ပြောသလို ဒီစပ်ဆေးဆိုတဲ့ဟာပေါ့လေ၊ စပ်ဆေးဆိုတဲ့ဟာမှာ ပြောမယ်ဆိုရင်တော့ နှာစေး၊ ချောင်းဆိုး ဖြစ်လို့ ဘာမီတွန်နဲ့ပါရာစီတမော့လောက်တွဲစပ်ပြီး ရောင်းလိုက်တာကတော့ ဘာမှအန္တရာယ်မရှိဘူး။ ဒါမှန်ကန်သောစပ်နည်းပဲ။ သို့သော် အဲလိုမဟုတ်ဘဲနဲ့ ဒီပါရာစီတမော့အပြင်ကို ပါရာစီတမော့ပါမယ်၊ ပြီးတဲ့အခါကျတော့ အင်ဒိုးစစ်လို့ခေါ်တဲ့ အင်ဒိုမီသစ်ဆင်လိုဆေးမျိုးလည်းပါမယ်။ ဒါကလည်း အကိုက် အခဲ ပျောက်ဆေးတစ်မျိုး။ နောက်တစ်ခုကလည်း ဗော်တာဆိုတဲ့ဆေးတစ်မျိုးပဲ။ သုံးမျိုးတောင်မှ သူက ရောစပ်ထာားတာကို သွားတွေ့ရတယ်။ နောက်တစ်ခါ အဲဒါအပြင်ကိုပိုပြီးတော့ စိုးရိမ်ဖို့ကောင်းတာက ဒီစီး(လ်)ရိုက်ပါတဲ့ ဆေးပေါ့နော်။ အဲဒါ ဒိုက်ဆာမီသဇုန်းလိုဆေးမျိုး။ သူကထပ်ပြီးတော့ စောင်းထည့် ထားတယ်။ အဲတော့ လူတစ်ယောက်က တုပ်ကွေးလိုဖြစ်တော့ ကိုယ်လက်တွေ မအီမသာဖြစ်တယ်။ နှာစေးတယ်၊ နှာခေါင်းပိတ်နေတယ်၊ သွားပြတယ်။ သူကဆေးသွားဝယ်သောက်တယ်။ အဲဒီ့ဆေးတစ် ထုပ်ကို သောက်လိုက်တယ်ဆိုရင် အကိုက်အခဲပျောက်ဆေး သုံးမျိုးတောင်ပါတယ်ဆိုတော့ တစ်မျိုးပေး တာထက်တော့ ပိုသာမှာသေချာတယ်။ အရမ်းကို ချက်ချင်းကောင်းသွားတာ။ ကိုယ်လက်ကိုက်တာ လုံးဝမကိုက်တော့ဘူး။ နာတာလည်းမနာတော့ဘူး။ နှာခေါင်းတွေပိတ်တာ နှာခေါင်းကပွင့်သွားတယ်။ နေလို့အရမ်းကောင်းသွားတယ်။ ခုနကပြောတဲ့ Dexa လိုဆေးမျိုး၊ Pernisolone လိုဆေးမျိုးက လူကို တက်ကြွလန်ဆန်းစေတဲ့ဆေးမျိုးဖြစ်တာကိုး။ အဲလိုဆိုတဲ့အခါကျတော့ အရမ်းနေလို့ကောင်းသွားတဲ့ အခါကျတော့ အချင်းချင်းပြောကြပြန်ရော၊ ဒါလေးကောင်းတယ်၊ ဒါလေးကောင်းတယ်ဆိုပြီးတော့ အဲဒါနဲ့ပဲ မမှန်ကန်တဲ့ကုသမှုတစ်ခု။ မသိဘဲနဲ့ဆက်လက်ပြီးတော့ သောက်သုံးမိနေကြအဆင့်ဆင့် လက် ဆင့်ကမ်းမိနေကြတာပေါ့လေ။

စပ်ဆေးမကောင်းဘူးဆိုပေမဲ့ တကယ်လည်း တကယ်ပျောက်သွားတဲ့အခါကျတော့ ဆရာဝန်ဆီမသွား တော့ဘဲ ဒီစပ်ဆေးရဲ့အားကိုးမှုကို သူတို့ပိုပြီးယူလာကြတယ်ပေါ့နော်။

ဟုတ်တယ်၊ အဲဒါလေးနဲ့ပတ်သတ်ပြီး သွားသတိရလို့ ကျွန်တော့် Patient ဆိုရင် ဘယ်လိုလဲဆို တော့ သူကစပ်ဆေးသောက်တာ တော်တော်အံ့သြဖို့ကောင်းတယ်။ မေးကြည့်တော့ လယ်သမားကြီး။ ဘယ်နှနှစ်ရှိပြီလဲမေးကြည့်တော့ ၁၆နှစ်လောက်ရှိပြီသောက်တာ၊ တစ်နေ့ကိုတစ်ခွက်သောက်တယ်။ ဘာ့ကြောင့်သောက်ရလဲ မေးကြည့်တော့ အဲဆေးသောက်မှနေလို့ကောင်းတယ်။ အဲဆေးသောက်မှ အလုပ်လုပ်လို့ရတယ်။ အဲ့ဆေးမသောက်ရင် အလုပ်လုပ်လို့ကိုမရဘူး။ အဲ့လောက်ထိကို သူက စွဲသောက်တာ။ ခုနကပြောတဲ့ အကိုက်အခဲပျောက်ဆေးပါတယ်။ ဒိုက်ဆာလေးပါတယ်။ ၁၆နှစ် ရှိပြီသောက်နေတာ။ သောက်တာလည်း ညနေပိုင်းသောက်တယ်။ ဒါမျိုးကတော်တော်လေးကို သူ့ခန္ဓာကိုယ်မှာစွဲနေတဲ့အခါကျတော့ ပြန်ဖြတ်ဖို့ကိုအရမ်းခက်ပါတယ်။ အဲလို လူနာမျိုးဖြတ်ရတဲ့ အချိန်မှာဆိုရင် ဒီဆေးကိုမသောက်နဲ့လို့ပြောတဲ့အချိန်မှာ သူ့မှာပြန်ခံစားရတယ်။ နာကျင်ကိုက် ခဲမှုတွေရှိတာပေါ့။

အခုလိုမျိုးဒီလိုစပ်ဆေးတွေကို သုံးစွဲတဲ့အခါမှာ။ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးတွေလည်း ဒါဗဟုသုတရရှိအောင်လို့ ပြောပြပေးပါဦး။

ဆိုးကျိုးတွေကတော့ နိစ္စဓူဝဆေးရုံကြီးမှာ ဆေးကုရင်းနဲ့တွေ့နေရတော့ တော်တော်လေးကိုများ ပါတယ်။ ပြီးတော့ ရုတ်တရက်ဖြစ်လာနိုင်တဲ့ဆိုးကျိုးက ဘာလဲဆိုတော့ ခုနကပြောတဲ့ ဒီစပ်ဆေးမှာ ပါတဲ့ ပါရာစီတမော့သာမကဘဲနဲ့ တခြားသောအကိုက်အခဲပျောက်ဆေး နှစ်မျိုး၊ သုံးမျိုးရောပြီးပါနေတဲ့ အခါကျတော့ အဲဒီ့အကိုက်အခဲပျောက်ဆေးတွေက သောက်လိုက်တာနဲ့ အစာအိမ်နံရံကိုထိတယ်၊ ပါးစေတယ်၊ သွေးကြောကိုပေါက်စေတယ်။ အဲဒီ့အခါကျ ရင် ဆရာတို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ခွဲစိတ်ကုသဆောင်ကိုရောက်လာတဲ့ လူနာတစ်နေ့တစ်နေ့မှာအနည်းဆုံး အဲလိုလူနာမျိုးက လေး၊ ငါး ယောက် အမြဲပါတယ်။ သောက်လိုက်တဲ့ဆေးက စပ်ဆေး၊ သောက်လိုက်ပြီးတော့ သွေးအန်တယ်၊ သွေးဝမ်းတွေသွားတယ်၊ ပြီးရင် သွေးပေါင်ချိန်တွေပြုတ်ကျတယ်။ သွေးတွေဆယ်ပုလင်းသွင်းရတယ်။ ဒီဇာတ်လမ်းတွေက မရိုးနိုင်သော ဇာတ်လမ်းတွေပေါ့။ ဒါကအစာအိမ်ထိတဲ့ ကိစ္စပေါ့နော်။ အဲဒီ့ အကိုက် အခဲပျောက်ဆေးတွေဟာ ကျောက်ကပ်ကိုလည်းထိစေတယ်။ ကျောက်ကပ်ပျက်စီးသွားတယ်။ ကျောက်ကပ်ဆေးရတယ်။ အဲတော့ခုနကပြောတဲ့ ဒိုက်ဆာမီသဇုန်း ပါနဆင်လိုရောပါတဲ့ အဲဒီ့ဆေး တွေက ချက်ချင်းတစ်ရက်နှစ်ရက်သောက်တာတော့ သူကလည်း အစာအိမ်ကိုပါးစေတာပဲ။ နံရံကို ပါးစေတာပဲ။ အခန့်မသင့်ရင်ပေါက်နိုင်တယ်။ ကြာလာတဲ့ အခါကျရင်ခုနကပြောတဲ့ စတီးရိုက်လို ဆေးမျိုးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဒီနယ်ဂလင်းဆိုတာလေ၊ ကျောက်ကပ်အပေါ်မှာရှိတဲ့ ဂလင်း တစ်ခုပေါ့။ အဲဒီ့ဂလင်းကဟော်မုန်းလေး ထုတ်လုပ်ပေးနေတာကို သူကသွားနှိမ်လိုက်တာပေါ့။ အဲဒီ့ဟော်မုန်းက ဆရာတို့သွားလာလှုပ်ရှားမှုအတွက်ကို လိုအပ်တဲ့ဟော်မုန်းတစ်ခုပါ။ ဒါကမရှိမဖြစ် ပေါ့။ အဲဒီ့ဟော်မုန်းကိုနှိမ်လိုက်တဲ့အခါကျရင် ခုနကစပ်ဆေးမှာရှိတဲ့ ပန်နဆလုံးသောက်နေတဲ့လူတစ် ယောက်မှာဆိုရင် ခန္ဓာကိုယ်ထဲကမထုတ်တော့ဘူး။ အရေးရယ်၊ အကြောင်းရယ်ဆိုရင် မထုတ်တော့တဲ့ အခါကျတော့ အရေးပေါ်များ ဗိုက်ခွဲရတယ်ဆိုပါစို့။ အဲဒီ့လူနာဟာ ခွဲစိတ်စားပွဲပေါ်မှာပဲမေ့ဆေးပေးရင်နဲ့ သွေးပေါင်ပြုတ်ကျပြီးတော့ အသက်အန္တရာယ်ဖြစ်တဲ့အထိကိုဖြစ်နိုင်တယ်။ ဒါကို စပ်ဆေးသောက်ထား တာကိုလူနာက မပြောဘူးဆိုရင် ပိုဆိုးတော့တာပေါ့။ အဲဒါကြောင့်မို့လို့ ဆေးကျောင်းမှာ စာသင်တယ် ဆိုလို့ရှိရင် History မေးတဲ့အချိန်မှာ ရောဂါရဇ၀င်မေးတဲ့အချိန်မှာ ဆေးဝါးရာဇ၀င်မှာဆိုရင် druh History ခေါ်တာပေါ့။ အခုခေတ်မှာဆိုရင် ဘာဆေးသောက်သလဲ၊ စပ်ဆေးသောက်သလားဆိုပြီး မေးပါဆိုတဲ့ Question ကိုမေးပါဆိုပြီး ကျောင်းသားတွေကို သင်ရတဲ့ခေတ်ရောက်လာပြီ။ စပ်ဆေး ကြောင့် ဒုက္ခမရောက်ရအောင် သင်ပေးရတဲ့အဖြစ်ပေါ့။ ဒါတင်လားဆိုမပြီးသေးဘူး။ သူက ဒီလိုဆေး တွေ သောက်တဲ့အခါကျတော့ သွေးတိုးရောဂါလည်းဖြစ်နိုင်တယ်။ သွေးတိုးရင်ဦးနှောက်သွေးကြော ပိတ်မယ်၊ သွေးကြောပေါက်မယ်၊ လေဖြတ်မယ်ပေါ့။ ဆီးချိုဖြစ်လာနိုင်တယ်။ ဆီးချိုကြောင့်ပဲနောက် ဆက်တွဲ ကျောက်ကပ်ထိတာ မျက်စိမြင်လွှာပျက်စီးတာ၊ လေဖြတ်တာ၊ နှလုံးဖြစ်တာ။ အဲ့တော့ ဖြစ်နိုင်ခြေတွေက အများကြီးပဲ။ ဒီတော့နောက်မှာ ဘာဖြစ်လာလဲဆိုတော့ မသိမသာနဲ့ဖြစ်တာဘာလဲ ဆိုတော့ အရိုးပါးတာ။ ဒီစတီးရိုက်သောက်ရင်းနဲ့ အရိုးကပါးပါး လာတယ်။ သွေးဆုံးတဲ့အမျိုးသမီးတွေ မှာဆိုရင် အရိုးပါးဖို့အခွင့်အလမ်း နဂိုထဲကများပြီးသား၊ အဲဒီ့ဆေးသောက်တဲ့အခါကျတော့ ပိုပြီးတော့ ပါးလာတယ်။ ပါးရင်း ပါးရင်းနောက်ဆုံးကျအရိုးကပွတယ်။ နောက်ပြီးတော့ အရိုးကျိုးတယ်။

လူနာတစ်ယောက်က ဆေးခန်းသွားပြီး ဆရာဝန်နဲ့တွေ့ရမှာ ကြောက်တာလည်းရှိတယ်။ လူနာက ဆရာဝန်နဲ့တွေ့မယ်၊ ကုသဖို့သွားပြီးပြသတဲ့နေရာမှာ တွေ့ကြုံရမယ့်အဆင့်ဆင့်လေးကို နည်းနည်းလေး အဆင့်ဆင့်လေးရှင်းပြပေးပါ။

လူနာက ရောဂါဝေဒနာတစ်ခုဖြစ်လာခဲ့ပြီဆိုရင်တော့ သူဆေးခန်းကိုသွားဖို့က များသောအားဖြင့် လူနာတွေက လက်တွန့်ကြတယ်ပေါ့နော်။ ဘာ့ကြောင့်လဲဆို တချို့ပြောမယ်ဆိုရင်တော့ လူနာ တစ်ယောက်ကဆေးခန်းလာဖို့ဆိုတာ သူ့မှာအဖော်တစ်ယောက်က လိုက်လာပေးရမယ်။ ပြီးတော့ ဆရာဝန်ကမရောက်သေးရင် စောင့်နေရမယ်။ တစ်ခါပြပြန်တော့လည်း အထူးကုပြရင်တော့ ဆရာ အမြဲပြောလေ့ရှိပါတယ်။ အထူးစစ်တော့မှာ၊ ပြီးရင် အထူးကုန်တော့မှာပဲပေါ့နော်။ ပြီးရင် အချိန်က တော်တော်လေးပေးရတယ်ပေါ့နော်။ ပြီးရင် ဆေးဖိုးကတစ်မျိုး၊ ၀ါးခကတစ်မျိုးဆိုပြီးတော့ နောက်ပြော ကြတယ်ပေါ့။ ဆိုတော့ ဒီလိုမျိုးတွေကိုသူက ကျော်လွှားရတဲ့အခါကျတော့ သူ့မှာတော်တော်နဲ့မလာချင် ဘူး။

ဒီသောက်ဆေးကိုပဲ အဓိကထားပြီးသောက်ချင်တော့ စပ်ဆေးနဲ့သွားပြီး သူတို့မှာရင်းနှီးသွားကြတာပေါ့။

အင်းပေါ့၊ ခုနပြောသလိုပေါ့။ ဒီစပ်ဆေးသောက်တော့လည်း တကယ် လည်း ကောင်းနေတာကို ရေရှည်ဖြစ်လာမယ့် အခက်အခဲတွေကမမြင်ရသေးဘူးလေ။ သိလည်းမသိကြတဲ့အခါကျတော့ စပ်ဆေး ကိုပဲ အားကိုးရင်းအားကိုးရင်းနဲ့ အချင်းချင်းလက်ဆင့်ကမ်းရင်းနဲ့ဘဲ ဒါပိုပိုပြီးသောက်ဖြစ်လာကြတာပေါ့။

စပ်ဆေးကိုသုံးစွဲတာများတဲ့သူတွေက ဘယ်သူတွေဖြစ်နိုင်လဲဆိုတာ သုံးသပ်ပေးပါဦးဗျ။

ဘယ်သူတွေဖြစ်နိုင်လဲဆိုတဲ့ အခါကျတော့ နာတာရှည်ရောဂါဖြစ်တဲ့ အမျိုးအစားပေါ့နော်။ ဒူးနာ တယ်ဆိုတာ ဖြစ်ပြီးရင်တော့ ပျောက်ခဲပါတယ်။ ခါးနာတာလည်း ပျောက်ခဲပါတယ်။ အဲဒီ့ဒူးနာတာတွေ ခါးနာတာတွေ၊ နောက်တစ်ခုကအရေပြား၊ ယားနာတွေ၊ အရေပြားယားနာတွေကိုကုဖို့ကို သူက Prenisolone ဆေးတွေပါတတ်တယ်။ အဲတော့ Prenisolone ဆေးက သောက်ဆေးရှိတယ်။ လိမ်းဆေးရှိတယ်။ ထိုးဆေးရှိတယ်။ ဒါတွေကို သူတို့ရေရှည်စွဲသောက်နေတတ်ကြတယ်။ နောက်တစ် ခုက ဘာလဲဆိုတော့ ရင်ကြပ်ရောဂါရှိတဲ့သူတွေ ငယ်စဉ်ဘ၀ထဲက ကြပ်တာဖြစ်ရင်ဖြစ်မယ်။ အသက်ကြီးမှ ကြပ်တာဖြစ်ရင်ဖြစ်မယ်။ ဆေးလိပ်သောက်ရင်းနဲ့ ရင်ကြပ်တာဖြစ်ရင်ဖြစ်မယ်။ သူတို့တွေက ရင်ကြပ်တဲ့အတွက်ကို အဲဒီ့ Prenisolone ဆေးတွေ သောက်နေတတ်ကြတယ်။ တချို့ဆိုအဆုတ်ဆေးလို့ပြောပြီးတော့ စပ်ထားတာအဆုတ်ဆေး၊ အဲဒီ့အဆုတ်ဆေးထဲမှာ Amino လေးပါတယ်။ Prenisolone လေးပါတယ်။ အဲလိုမျိုးပေးတဲ့အခါကျတော့ အဲဒီ့ Prenisolone ဆေး တွေရေရှည် ရေရှည်သောက်ရင်း သူတို့က သူတို့ရောဂါက တကယ်တော့အမြဲတမ်း တစ်သက်လုံး နီးပါးဖြစ်မယ့်ရောဂါ၊ အဲဒီ့မှာတင်ဒီဆေးတွေကို ရေရှည်စွဲသောက်ရင်း စွဲသောက်ရင်းနဲ့ ခုနကပြောတဲ့ ရေရှည်စွဲသောက်လို့မကောင်းတဲ့ သူတို့မှာနောက်ကဆိုးကျိုးတွေ ဖြစ်လာတော့တာပေါ့။

ဒီစပ်ဆေးတွေကိုစပ်ပေးတဲ့အခါမှာ ဘယ်လိုဆေးမျိုးတွေကို ပိုပြီးတော့စပ်ပေးရတာများလဲ။

ရောဂါပေါ်မူတည်ပြီးတော့ ဥပမာ ယားနာတွေဆိုရင် သူတို့ကဘာမီတွန်လိုဆေးမျိုးနဲ့ ခုနပြောတဲ့ စတီးရိုက်ပါတဲ့ဆေးမျိုးနဲ့ အဲဒါပြီးတဲ့အခါကျတော့ ရိုင်ရယ်တမီးလိုဆေးမျိုးကျတော့ သူက အစာအိမ် မထိအောင်ဆိုပြီး ဒါမျိုးတွေးပြီးတော့ စပ်ပြီးရောင်းတာမျိုးတွေ့ရတယ်။ ခါးနာ၊ ဒူးနာဆိုရင်လည်း ခုန ပြောတဲ့အကိုက်အခဲပျောက်ဆေး သုံးမျိုးပေါ့နော်။ အဲဒါလေးနဲ့ ပြီးတော့ Prenisolone ဆေးမျိုးလေးနဲ့ အစာအိမ်ကိုမထိအောင်ဆိုပြီး အခုခေတ်ကျ omeprazole လိုဆေးမျိုးနဲ့တွဲပြီး ရောင်းတာတွေ့ရတယ်။ ဒါမှမဟုတ်ဘဲနဲ့ မဖြစ်တဲ့ဟာ ရင်ကြပ်ရောဂါဆိုရင်တော့ လေပြွန်ကိုကျယ်စေတဲ့ဆေး Deriphyllic တို့ လိုပေါ့နော်။ အခုခေတ်မှာ အဲလိုဆေးမျိုးလေးနဲ့ ခုနပြောတဲ့ Prenisolone လိုဆေးမျိုးလေးနဲ့ ဆိုတော့ ဒီဆေးကတစ်ခါ တစ်လေပြောကြတယ်။ လူနာတွေက ဆေးခန်းသွားတော့ပြီး ဆရာဝန်သွားပြတော့ လည်း ဒီဆေးပဲပေးတာပဲပေါ့။ စပ်ဆေးဝယ်သောက်တော့လည်း ဒီဆေးပဲပေးတာပဲပေါ့လေ။ ဘာ့ကြောင့်များ ဆရာဝန်ဆီသွားပြီး၊ ဆရာဝန်ဆီသွားရင် ဆေးဖိုးတွေနဲ့ သွားရတာနဲ့ လမ်းစရိတ်တွေနဲ့ ပေါ့နော်။ အဲလိုမျိုးပေါ့နော်။ တကယ်တော့ ဘယ်လိုလဲဆိုတော့ ဥပမာ ရင်ကြပ်ရောဂါဖြစ်တယ်ဆိုပါစို့။ ရင်ကြပ်ရောဂါဖြစ်တဲ့အချိန်၊ ရင်ကြပ်ရောဂါများနေတဲ့အချိန်၊ ရောဂါသည်းနေတဲ့အချိန်မှာဆိုရင် ခုနကပြောတဲ့ Prenisolone လိုဆေးမျိုးက သောက်ဆေးပါမကဘူး။ ထိုးဆေးပါထိုးရတယ်။ ဆေးခန်း လာပြတဲ့အခါကျရင် တချို့ဆိုရှိတယ်။ ဒီဆေးစာအုပ်လေးပြပြီးတော့ ပြန်ပြန်ဝယ်တာပေါ့နော်။ ပြန် ပြန် ၀ယ်တဲ့အခါ သောက်တဲ့အခါကျလို့ရှိရင် ဆေးကပိုသွားပြီးတော့ ဆေးအတွက်နဲ့ လေးသွားတဲ့ ကိစ္စတွေ လည်းရှိပါတယ်။

ဒီပြည်သူလူထုအကြမ်းဖျင်းသိထားတာက ဆရာဝန်လက်မှတ်မပါဘဲနဲ့ရောင်းချလို့မရတဲ့ ဆေးတွေ ရှိတယ်။ ဆရာဝန်လက်မှတ်မပါဘဲနဲ့ ဒီဆေးတွေကိုသုံးစွဲခွင့်မရှိဘူးဆိုတာ အဲဒီ့ဟာလည်း အကျယ် တ၀င့်လေးပြောပြပေးပါဦး။

ဒီဆေးပညာမှာရော၊ ဆေးဝါးဥပဒေမှာရော အားလုံးကရေးထားပြီးသား၊ ဆေးမှာ ဘယ်လိုလဲဆို တော့ ကျွန်တော်တို့ POM ခေါ်တာပေါ့နော်။ Prescription Only Medicine ဆိုတာက ဆရာဝန် လက်မှတ်ပါမှသာလျှင် ရောင်းရမယ့်ဆေးတစ်စုပေါ့နော်။ နောက်တစ်စုကကျတော့ ကျွန်တော်တို့ OTC ခေါ်တာပေါ့။ Over the Counter ။ ဥပမာ ပါရာစီတမောလို ဆေးမျိုးပေါ့လေ။ ခေါင်းကိုက်လို့သွားဝယ် တဲ့သူဆိုရင် ဆရာဝန်လက်မှတ်မလိုဘူး။ ရောင်းပေးလို့ရတယ်။ အဲဒီ့ အုပ်စုနှစ်စုက ပြတ်ပြတ်သားကို ရှိပြီးသားဖြစ်ပါတယ်။ သို့သော် အားနည်းချက်က၊ အဲဒါတွေကို ကျွန်တော်တို့က အသက်ဝင်ပြီးတော့ Apply လုပ်တာပေါ့။ တကယ်တမ်းလက်တွေ့မှာ ကျွန်တော်တို့ကျင့်သုံးမှုက အားနည်းနေသေးတာဖြစ် တာပေါ့နော်။ အဲ့တော့ ဆရာဝန်လက်မှတ်မပါဘဲနဲ့ ခုနပြောသလို ပိုးသတ်ဆေးဖြစ်တဲ့ Prenisolone လိုဆေးမျိုးက၀ယ်လို့ရတယ်။ အခုအချိန်မှာ Amoxicillin သွားဝယ်မယ်ဆိုရင်လည်း ဆရာဝန်လက်မှတ် မလိုဘူး၊ သွားဝယ်ရင်ရောင်းတာပဲ။ တကယ်တမ်းဖြစ်ရမှာကဘာလဲဆိုရင် တချို့သောဆေးတွေမှာ ဆရာဝန်လက်မှတ်မပါဘဲနဲ့ဆိုရင် ရောင်းလို့ကိုမရ ရဘူးပေါ့နော်။ တချို့သောဆေးကျတော့ ချောင်းဆိုး ပျောက်ဆေးတွေဆိုပါစို့။ ဥပမာ ကော်မက်သဇင်တော့ မဟုတ်ဘူးပေါ့လေ၊ ရိုးရိုးချောင်းဆိုးပျောက် ဆေးဆိုရင် ဒါလွပ်လွပ်လပ်လပ်နဲ့ဝယ်လို့ရတယ်။ ဆရာဝန်လက်မှတ် မလိုဘူးပေါ့နော်။ အဲဒီလိုမျိုး နိုင်ငံခြားတွေမှာဆိုရင် ဒါမျိုးသတ်သတ်မှတ်မှတ်ရှိပြီးသား။ ကိုယ်ဆရာဝန်ပဲဆိုရင်တောင်မှ သွားဝယ်ရင် အဲ့တိုင်းပြည်က ဆရာဝန်မဟုတ်တဲ့အတွက် သူတို့ကကိုယ့်ကိုမရောင်းပေးဘူး။ သူတို့နိုင်ငံက ဆရာဝန် လက်မှတ်ပါမှ သူတို့ကရောင်းပေးတယ်ပေါ့နော်။

ဆေးဆိုင်ဖွင့်ဖို့အတွက်ကို ဆေးဝါးနဲ့ပတ်သက်တဲ့ သင်တန်းတွေဖွင့်တာမျိုးတွေလည်း ရှိတယ်၊ ဒါနဲ့ပတ်သတ်ပြီးတော့ရော ဆရာ့အမြင်လေးကိုလည်း သိချင်ပါတယ်။

အဲဒီ့သင်တန်းတွေနဲ့ပတ်သတ်ပြီးတော့ ကိုယ်ကထဲထဲဝင်ဝင်နဲ့ တစ်ခါမှတော့ စောင့်မကြည့်ဖူး ပါဘူးပေါ့။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီ့သင်တန်းတွေမှာ သင်ကြားမှုက ကျွန်တော်တို့ ethical ဖြစ်ဖို့အတော်လေးလိုပါတယ်။ ဒီဆေးက အကိုက်အခဲပျောက်ဆေးနဲ့ ခုနကပြောတဲ့ စတီးရိုက်နဲ့ပေါင်းသောက်တယ်ဆိုရင် ချင်ချင်းသက်သာလာမယ်ဆိုတာက ဆေးပညာရှင်တိုင်း သိကြပါတယ်။ ဒါပေမယ့် မပေးသင့်လို့၊ တုပ်ကွေးဖြစ်တဲ့သူကို ဒီလိုမျိုးဆေးကိုပေါင်းပြီးတော့မပေးဘူး။ ဒါပေမဲ့ အဲလိုမပေးသင့်ဘူးဆိုတာကို သိသော်ငြားလည်း စီးပွားရေးသဘာဝက ဆိုင်ဆိုတာအပြိုင်အ ဆိုင်နဲ့ရောင်းအားတက်အောင်လုပ်တာတို့၊ အဲဒီ့နောက်ကသူတို့ရဲ့ အန်ဒီးရှင်းဒစ် ပေါ့နော်။ ဒီဟာတွေ ပေါ် မူတည်ပြီးပေါ့နော်။ သူရဲ့နောက်က ပြိုင်ဆိုင်ရင်း ပြိုင်ဆိုင်ရင်းနဲ့ဘဲ ကျွန်တော်တို့ ethical ဖြစ်တဲ့ ပရော်ဖက်ရှင်နယ်၊ ကနေပြီးတော့ နည်းနည်းလေး ယိမ်းယိုင်သွားတာဖြစ်နိုင်တာပေါ့။ အဲဒါကြောင့်မို့လို့ ပိုင်ရှင်တွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေရောဘက်က ဆေးရောင်းတဲ့သူတွေအားလုံးက ဒီသတ်မှတ် ထားတဲ့ဘောင်အတွင်းကပဲ မှန်ကန်သောဆေးစပ်နည်းနဲ့ စပ်တဲ့ဆေးမျိုးစိတ်ချရတဲ့ဆေးမျိုး အန္တရာယ်မရှိတဲ့ ဆေးတွေကိုပဲ ပြည်သူတွေကို ရောင်းချပေးသင့်တယ်ဆိုတာကို နားလည်ဖို့ အလွန်ဘဲအရေးကြီးလှပါတယ်။

စပ်ဆေးတွေကို ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့် သောက်သုံး နေရပါသလဲ။ ဒါလေးကိုလည်း သိချင်ပါတယ်။

ဒီစပ်ဆေးကိုတော့ အထူးသဖြင့်တော့ ရေရှည်သောက်တဲ့သူတွေ နာတာရှည်ရောဂါသည်တွေ နောက်ပြီးတော့ ဒူးနာ၊ ခါးနာ၊ သွေးလေးဖက်နာ၊ အဆစ်နာရောဂါသည်တွေ၊ တချို့ကျတော့ ခုနက ပြောတဲ့ ရင်ကြပ်ရောဂါသည်တွေ၊ တချို့ကျတော့ နှင်းခူလို အနာမျိုးပေါ့။ သူက ယားတာ၊ ယား လာရင်ကြွကြွလာတာ။ အဲဒါကို စတီးရိုက်ပါတဲ့ဆေးသောက်ရင် ချက်ချင်းဝပ်သွားတာ အဲဒါကို သောက်ရင်း သောက်ရင်းနဲ့ သူကစွဲလာတာ။ အဲဒါလေးသောက်လိုက်၊ အစားအသောက်လေး နည်းနည်းမှားရင် နှင်းခူလေး နည်းနည်းကြွလာရင် လိမ်းဆေး လိမ်းလိုက်၊ သောက်ဆေးလေး သောက်လိုက်၊ ခုနပြောတဲ့ စတီးရိုက်တွေကပါနေတယ်။ သူတို့ကတော့ မသိဘူး။ အဲလိုမျိုး ဖြစ်ရင်းဖြစ်ရင်းနဲ့ လူနာတွေက ဒီဆေးကိုစွဲသောက်ရင်း စွဲသောက်ရင်းနဲ့ ဒုက္ခတွေရောက်ကြ တာပေါ့နော်။

သူတို့သုံးနေတာတွေကို လျော့ပါးသွားအောင်ဆရာကြီးတို့ ဘယ်လိုများအကြံပေးချင်ပါသလဲ။

နံပါတ်တစ်အရေးကြီးဆုံးကတော့ ဒီပြည်သူတွေပဲပေါ့။ ပြည်သူတွေစိတ်ထဲမှာ စပ်ဆေးသောက်ရင် အသက်အန္တရာယ်ရှိပါတယ်ဆိုတဲ့ အသိစိတ်တစ်ခုတကယ်ကို စွဲစွဲနစ်နစ်နဲ့ နားလည်ယုံကြည်ပြီးတော့ နောက်တစ်ခါကျင့်သုံးတဲ့ အဆင့်ထိရောက်အောင်၊ အဲဒီ့အဆင့်ထိရောက်အောင် ကျွန်တော်တို့ ကျန်းမာရေး ပညာပေးဖို့လိုတာပေါ့။ ပြည်သူတွေအားလုံးကလည်း ဒါတွေကိုတကယ်တမ်း နားလည် လာပြီးတော့ စပ်ဆေးရေရှည်သောက်တယ်ဆိုရင် အန္တရာယ်ရှိတယ်ဆိုတာကိုသိလာပြီးတော့ မသောက်ဖြစ်တော့ဘူးဆိုရင်တော့ ဒါတော်တော်လေးကို အောင်မြင်တဲ့အဆင့်ကိုရောက်တာပေါ့နော်။ တစ်ဖက်ကလည်း ရောင်းတဲ့သူတွေက ဒီလိုစပ်ဆေးရောင်းခြင်းသည် အားလုံးအတွက် အန္တရာယ် ရှိတယ်ဆိုတာသိရှိပြီးတော့ စီးပွားရေးယှဉ်ပြိုင်မှုတစ်ခုထဲကို မျက်နှာ မကြည့်ဘဲနဲ့၊ ပြည်သူတွေရဲ့ မျက်နှာကိုကြည့်ပြီးတော့ ဒီလိုဆေးမျိုးကိုတော့ မရောင်းသင့်ဘူး။ မရောင်းချတော့ဘူးဆိုပြီးတော့ အချင်းချင်းပြန်လည်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်ကြမယ်ဆိုရင် ဒီစပ်ဆေးယဉ်ကျေးမှုကြီးက တဖြည်းဖြည်းနဲ့တော့ လျော့ပါးလာလိမ့်မယ်လို့တော့ ယူဆရပါတယ်။


တစ်ဖက်ကလည်း အရေးယူမှုအနေနဲ့ဆိုရင် ဒီဆေးဆိုင်ကိုပိတ်သိမ်းလို့ ရပါတယ်။ ဒီလိုတရား မ၀င်ဆေးတွေကို ရောင်းတယ်ဆိုရင် ဆေးဆိုင်ကိုပိတ်သိမ်းတာ၊ တကယ့်လက်တွေ့ကိုအရေး ယူဖြစ်ရအောင်၊ အရေးယူကြမယ်ပေါ့လေ။ ကျန်းမာရေးဝန်ကြီးဌာနတင် မကဘူး။ ပြည်ထဲရေး ၀န်ကြီးဌာနတွေလည်းပါလာမယ်။ သက်ဆိုင်ရာမြို့နယ်ဝန်ကြီးဌာနတွေပါပြီးတော့၊ အားလုံးဝိုင်းဝန်း ပြီးတော့ ဆက်သွယ်ရေးဌာနတွေလည်း အားလုံးပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ ဒီလိုမျိုး ကျွန်တော်တို့ရေတိမ်နစ်တဲ့ အဖြစ်အပျက်တွေ တော်တော်လေးလျော့ပါးလာပြီး နောက်ဆုံး ပပျောက်သွားလိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်။

ဒေါက်တာ ဇော်သန်းထွန်း
Health Guide
http://www.mmhealthguide.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ