Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း


၁။ ဆရာရှင့် မင်္ဂလာပါ ဆရာကျန်းမာပါစေရှင့် ကျမ၏ အမျိုးသား အသက်၄၀ ကလေးမရှိ ပုံမှန် ကျန်းမာ သန်စွမ်းနေသူ တယောက်ပါရှင့်။ ဒီလ ၁၁ ရက်နေ့မနက်ပိုင်းစပြီး ဖျားတာ 102F ခေါင်းကိုက်ညောင်းကိုက်ဖြစ်ပါတယ်ရှင့်။ ၃ ရက်လောက် အဖျားတက်လိုက် ကျလိုက် ဖြစ်၍ ၁၃ ရက်နေ့ ဆေးစစ်တော့ dengue NS1 Ag positive, platelet 40 (normal range 150-400) ဖြစ်နေတာနဲ့ဆေးရုံတက်ပါတယ်ရှင့်။ ၁၄ ရက်နေ့အဖျားကျ ညောင်းကိုက်အကုန်ပျောက် သွေးစစ်တော့ platelet 36 နဲ့ ၁၆ ရက်နေ့စစ်တော့ platelet 13 ပဲရှိတော့ plasma concentrate သွေးသွင်းရမယ် ပြောပါတယ်ရှင့်။ သွေးဝမ်းသွားခြင်း သွေးအန်ခြင်းမရှိပါရှင့်။ သတိလစ်ခြင်း သတိလွတ်သွားခြင်းမရှိပါရှင့် ultrasound အဖြေက liver, gall bladder နဲနဲရောင်တယ်ပြောပါတယ်။ platelet 13 ဆိုလျှင် သွေးမသွင်းရင် အသက်အန္တရယ် ရှိနိုင်ပါသလား။ သွေးသွင်းလျှင် donor ရဲ့ အခြားဘာကူးစက်ရောဂါများစစ်သင့်ပါသလဲရှင့်။ ရိုသေစွာဖြင့်။

၂။ ဆရာရှင့် သမီးသိချင်တာလေးတွေမေးပါရစေရှင့်။ အသက် ၃၀ ထဲမှာပါ။ ကိုယ်ဝန်က ၆လပြည့်တော့မယ်ရှင့်။ (သားဦးကိုယ်ဝန်ပါရှင့်) အဲ့ဒါသွေးစစ်ထားတာ သွေးစစ်ချက်က low platelet 97 ဖြစ်နေလို့ သွေးအထူးကုဆီမှာ ပြန်ပြရဖို့ရှိနေပါတယ်ရှင့်။ ငယ်ငယ်ထဲက ရံဖန်ရံခါ သွားဖုံးသွေးယိုတာလောက်ပဲဖြစ်ပါတယ်ရှင့်။ လွန်ခဲ့တဲ့ ၅ နှစ် လောက်ကတော့ အလုပ်တစ်ခုလျှောက်ဖို့အတွက် ဆေးစစ်ချက်လုပ်ဖူးပါတယ်။ သွေးအဖြေ ဆီးအဖြေ နှလုံးစစ်ချက်အားလုံးကောင်းပေမယ့် အဆုတ်ဓာတ်မှန်စစ်ချက်မှာတော့ spot တွေ့လို့ TB လည်းစစ်ရပါသေးတယ်။ အဲ့တုန်းတော့ TB စစ်ကြည့်ထားတာမရှိဘူးဆိုတာနဲ့ အဲ့အဆုတ်မှာ spot ရှိတာနဲ့ပက်သက်ပြီး ဆက်လက် စစ်ဆေးကုသခြင်းတော့မရှိပါဘူးရှင့်။ ခုချိန်ထိလည်း ရာသီအကူးအပြောင်းဖျားနာတတ်ပြီး သူများလောက် အပင်ပန်းမခံနိုင်တာကလွဲလို့ ရောဂါဖြစ်တာဘာညာ ထွေထွေထူးထူးမဖြစ်ပါဘူးရှင့်။ သမီးသိချင်တာကလေ အဲ့လို low platelet ဖြစ်တာက ဗိုက်ထဲကကလေးလေးကို ထိခိုက်မှုရှိနိုင်သလားလို့ပါ။ ကိုယ်ဝန်ကာလတစ်လျှောက်လုံးလည်း စားကောင်းသောက်ကောင်းပဲ ဖောရောင်တာတောင်မဖြစ်ဘူးရှင့်။ အားလုံးအနေအထားကောင်းပါတယ်ရှင့်။ ကလေးလေးကလည်း လှုပ်ရှားမှုရှိပြီးပုံမှန်အတိုင်းပဲ ထွားပါတယ်ရှင့်။ ခုတော့သမီးအရမ်းစိတ်ပူနေရပြီ။ ကလေးလေးကို တခုခုထိခိုက်ချို့ယွင်းမှာကိုပဲစိုးရိမ်နေမိလို့ပါရှင့်။

၃။ ကျွန်‌‌တော့်‌ အမျိုးသမီး ကိုယ်ဝန် ၆ လ ရှိပါပြီ။ ဆရာဝန်နဲ့ ပြပြီး ‌ဆေးစစ်ကြည့်‌ရာ ‌သွေးဖြူဥ နည်းနေပါသည်ဟု သိရပါသည်။ ၁ သိန်းဟုသိရပြီး သတ်မှတ်ချက် ၁.၅ သိန်း နဲ့ ၄ သိန်း ရှိရမည်ဟုသိရပါသည်။ ဆရာဝန်က ‌နောက် ၂ ပတ်လျှင် တခြား ဓာတ်ခွဲခန်းတွင် ‌‌ပြောင်းစစ်ခိုင်းပါသည်။ သွေးဖြူဥ ဘာ‌ကြောင့်‌နဲရပါသလဲ၊ သွေးဖြူဥ နဲလျှင် ဘာ‌တွေ ဖြစ်တတ်ပါသလဲ၊ ဆေး‌သောက် ကုသလျှင် ‌ပျောက်ကင်းနိုင်ပါသလား၊ မိခင်နဲ့ ရင်‌‌သွေးကို ထိခိုက်နိုင်ပါသလား။ ဆေးအ‌ဖြေ ဓာတ်ပုံကိုပါတွဲ ပို့လိုက်ပါတယ်‌‌ဒေါက်တာ။

Platelets သွေးမှုံ ပုံမှန်အရေအတွက်ဟာ 150,000 ကနေ 450,000/microliter ရှိသင့်တယ်။ ဒါပေမဲ့ 50,000/microliter ထက်နည်းမှသာ တကယ်နည်းနေတဲ့ရောဂါလို့ သတ်မှတ်ပါတယ်။ Thrombocytopenia သွေးမှုံအရေအတွက် နည်းနေတာကို အများဆုံး သွေးလွန်တုတ်ကွေးမှာ တွေ့ရတယ်။

သွေးမှုံနည်းနေတိုင်း ရောဂါလက္ခဏာမပြတတ်ပါ။ ပြပြီဆိုရင် အရေပြားမှာ သွေးမဲပြာပြာထွက်နေတာ၊ သွေးခြည်ဥနေတာ၊ အရေပြားနဲ့ အမှေးပါးအောက်တွေမှာ သွေးယိုနေတာ၊ နှာခေါင်းသွေးယိုတာ နဲ့ သွားဖုံးသွေးယိုတာတွေ ဖြစ်လာမယ်။ သွေးနီဥနဲ့ သွေးဖြူဥ အမျိုးအစားနဲ့ အရေအတွက်တွေကိုလည်း စစ်ဆေးရပါမယ်။ နည်းနေနိုင်တယ်။ နေမကောင်းသလို ခံစားနေရနိုင်တယ်၊ အားယုတ်နေနိုင်တယ်၊ အစားပျက်နေနိုင်သေးပါတယ်။

သွေးမှုံနည်းနေခြင်း အကြောင်းရင်းများ
၁။ သွေးမှုံထုတ်ပေးမှု နည်းနေရခြင်း အကြောင်းရင်းများ
ဗီတာမင် ဘီ-၁၂ နည်းတာ၊ folic acid deficiency ဖေါလစ်အက်စ်နည်းတာ၊ လူကီးမီးယား၊ အသဲအလုပ်မလုပ်ခြင်း၊ သွေးထဲပိုးဝင်ခြင်းများ၊ သွေးလွန်တုပ်ကွေး၊ Hereditary syndromes မျိုးရိုး၊ Congenital amegakaryocytic thrombocytopenia မွေးရာပါ၊ Thrombocytopenia absent radius syndrome, Fanconi anemia, Bernard-Soulier syndrome, May-Hegglin anomaly, Grey platelet syndrome, Alport syndrome, Wiskott–Aldrich syndrome တခြားရှားပါးရောဂါတွေဖြစ်ပါတယ်။

၂။ သွေးမှုံဖျက်ဆီးခံနေရခြင်း အကြောင်းရင်းများ
Idiopathic thrombocytopenic purpura, Thrombotic thrombocytopenic purpura, Hemolytic-uremic syndrome, Disseminated intravascular coagulation, Paroxysmal nocturnal hemoglobinuria, Antiphospholipid syndrome, SLE, Post-transfusion purpura, Neonatal alloimmune thrombocytopenia, Splenic sequestration, Dengue fever (သွေးလွန်တုပ်ကွေး), HIV တွေဖြစ်ပါတယ်။

၃။ ဆေးတွေကြောင့်ဖြစ်ရခြင်း
Valproic acid, Methotrexate, Carboplatin, Interferon, Isotretinoin, Panobinostat, Other chemotherapy drugs, Singulair, H2 blockers and proton-pump inhibitors

၎။ တခြားအကြောင်းရင်းများ
Immunological platelet destruction (Heparin-induced) ရောဂါပြီးစနစ်ကြောင့်ဖြစ်ရခြင်း၊ မြွေပွေးကိုက်ခံရခြင်း။

ဘာတွေစစ်မလဲ
Coagulation tests သွေးခဲမှုစစ်ဆေးနည်းလုပ်ရမယ်။ ဖြစ်စေတဲ့အကြောင်းရင်းမတူရင် အဖြေမတူပါ။ ဥပမာ -
• ဗီတာမင်ကေ နည်းနေသူမှာ Prothrombin time ကြာမယ်၊ Partial thromboplastin time ကပုံမှန်ဖြစ်မယ်၊ Bleeding time သက်ရောက်မှုမရှိဘူး၊ Platelet count သက်ရောက်မှုမရှိဘူး။
• အက်စ်ပရင်ဆေးကြောင့်ဖြစ်တာဆိုရင် Partial thromboplastin time ပိုကြာတာတခုသာတွေ့မယ်။
• သွေးမှုံနည်းနေရင် Partial thromboplastin time ပိုကြာတာ နဲ့ Platelet count နည်းနေမယ်။
• Full blood count, Liver enzymes, Renal function, Vitamin B12 levels, Folic acid levels, ESR, Peripheral blood smear စစ်ဆေးနည်းတွေလုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ
ဘာကိုမှ မစစ်နိုင်သေးခင် ဗီတာမင် (စီ) ၅ဝဝ အား သောက်ကြတယ်။ ဗီတာမင် (ကေ) ထိုးကြတယ်။ အမှန်က Hematologist သွေးဘက်ဆိုင်ရာအထူးကုဆရာဝန်ကို ပြရမယ်။ အကြောင်းရင်းအတိုင်း ကုသမှုမတူဘူး။ Thrombotic thrombocytopenic purpura ဆိုတာက အရေးပေါ်ဖြစ်တယ်။ Idiopathic thrombocytopenic purpura ဆိုရင် Prednisone and other corticosteroids, Intravenous immune globulin, Splenectomy, Danazol, Eltrombopag, Rituximab နဲ့ Romiplostim နည်းတွေ လုပ်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ