PEM နာတာရှည် အားနည်းရောဂါနဲ့ နာတာရှည် တရားရေးစနစ်ရောဂါ


မင်္ဂလာပါဆရာ။ ရခိုင်ပြည်နယ်က ၈ နှစ်သမီးလေး တပ်မတော်သားတစ်ဦးက rape လုပ်တာနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ကလေးမလေးက long term PEM နဲ့ စိတ်ကလည်းသိပ်မူမမှန်ဘူးလို့ သိရပါတယ်။ Sept 23 မှာ rape လုပ်ခံရတယ်။ Oct 21 မှာ ရန်ကုန်ကလေးဆေးရုံကြီးမှာ ကွယ်လွန်တယ်။ ဆရာဝန်က Cause of death မှာ Long term PEM ကြောင့်ဆုံးတယ်လို့ပြောတာ ဂျာနယ်တွေမှာပါလာတယ်။ ပြည်သူတွေက တပ်မတော်သား ရဲ့ rape ကြောင့် ဆုံးတာကို LTPEM ကြောင့်လို့ ဆရာဝန်ကပြောတဲ့အတွက် ဆရာဝန်ရဲ့ထွက်ဆိုချက်ကို မကျေမနပ် ဖြစ်နေကြပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ Cause of death မှာ Rape ရောအပါအဝင်ဖြစ်ကြောင်း ရေးခွင့်ရှိမရှိ သိလိုပါတယ်ဆရာ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ လူတွေက အစိုးရရဲ့ဖိအားကြောင့် ဆရာဝန်ကလုပ်တာဆိုပြီး ဆရာဝန်အပေါ် ပြစ်တင်ရှုံ့ချနေကြပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ Cause of death မှာ Rape ရောအပါအဝင်ဖြစ်ကြောင်း ရေးခွင့်ရှိမရှိ သိလိုပါတယ်ဆရာ။

Long term PEM = ရေရှည် နာတာရှည် ပရိုတင်း + အင်နာဂျီနည်းခြင်းရောဂါ
Rape = အဓမ္မ (မုဒိန်း) ကျင့်ခြင်း
Cause of death = သေဆုံးရခြင်းအကြောင်းရင်း

PEM (Protein–energy malnutrition) ဆိုတာ နာတာရှည် ပရိုတင်း + အင်နာဂျီနည်းခြင်းရောဂါလို့ခေါ်တယ်။ Protein-calorie malnutrition ပရိုတင်း + ကယ်လိုရီ အာဟာရချို့တဲ့ခြင်းလို့လည်းခေါ်ပါတယ်။ ကလေးတွေမှာဖြစ်တယ်။ တနေ့တာလိုအပ်ချက် ကယ်လိုရီ မပြည့်ရာကနေ ဖြစ်တယ်။ ပရိုတင်း ခေါ် အသား-ငါး-ဥ-ပဲ တွေကနေရတဲ့ဓါတ်ပါ ချို့တဲ့နေမယ်။ တမျိုးချင်းနည်းတာလည်းရှိတယ်။

အမျိုးအစားခွဲတွေရှိတယ်။ Primary PEM အစကတည်းကဖြစ်တယ်ဆိုတာ စားတာထဲမှာ ပရိုတင်းနည်းနေလို့။ Secondary PEM ဆိုတာ နာတာရှည်ရောဂါတခုခု ဥပမာ ကင်ဆာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အူလမ်းရောင်ရောဂါ၊ AIDS စတဲ့ ရောဂါတခုခုရှိနေရာကနေဖြစ်တယ်။

Kwashiorkor ကဝါရှိရော်ကောဆိုတဲ့ရောဂါကိုတော့ အစိုမျိုးလို့သတ်မှတ်တယ်။ ပရိုတင်းနည်းတာကအဓိကဖြစ်တယ်။ ကလေးတွေနို့ဖြတ်ချိန် ၁၂ လသားလောက်မှာစဖြစ်တတ်တယ်။ တခြားအရွယ်တွေမှာလည်းဖြစ်ပါတယ်။ ကိုယ်ဖေါရောင်နေမယ်။ အရေပြားခြောက်နေမယ်။ ဆံပင်အရောင်ဖြော့တော့နေမယ်။ Marasmus မရားစမတ်ကတော့ အခြောက်အမျိုးအစားဖြစ်တယ်။ ပရိုတင်းရော ကယ်လိုရီရောနည်းနေမယ်။ ဖွံ့ဖြိုးမှုတန့်နေမယ်။ ကြွက်သားတွေ ကြုံလှီနေမယ်။ ဝမ်းပျက်ရင်ပိုဆိုးမယ်။ PEM ရောဂါရှိနေသူတွေမှာ ရောဂါပိုးတွေကူးစက်ခံရလွယ်တယ်။ နောက်ဆက်တွဲတွေဖြစ်လာမယ်။

မေးခွန်းနဲ့ဆက်နေတဲ့ မြန်မာပြည်ကတရားရေးစနစ်ကိုနည်းနည်းလေးရေးပါရစေ။ အဲတာလည်း နာတာရှည်ရောဂါပဲ။ ပိုဆိုးတာက ကပ်ရောဂါနဲ့ မွေးရာပါရောဂါလို့ပါ သတ်မှတ်နိုင်တယ်။ မြန်မာပြည်မှာ ဒီရောဂါကိုလုပ်ယူခဲ့တာ နှစ် ၅ဝ ရှိနေပြီ။

ဆရာဝန်ဖြစ်မယ့်သူတိုင်း မှုခင်းဆိုင်ရာဆေးပညာကိုသင်ကြရတယ်။ ဆေးကျောင်းမှာ ၇ နှစ်ထားတုံးက တနှစ်ခွဲတန်းမှာ သင်ပေးတယ်။ ၆ နှစ်ခွဲ၊ ၆ နှစ်သာထားတော့ ဘယ်လောက်အထိသင်ပေးချိန်ယူသလည်းတော့ မသိပါ။ အဲတာက ပညာပိုင်း။ ပညာဆိုတာ ဆည်းပူးရင် ကျောင်းကသင်ပေးချိန်မရလည်း တတ်ပါတယ်။ လက်တွေ့ တရားရုံးတွေမှာ ပညာရှင်သက်သေအဖြစ်လိုက်ပြီး ထွက်ဆိုရတာက ပညာမဟုတ်ဘူးဖြစ်နေတာကြာပြီ။ ဆရာဝန်က မှုခင်းဆိုင်ရာ ဆေးပညာအရ တိတိကျကျထွက်လည်း အမှုကဖြစ်ချင်သလိုဖြစ်တယ်။ ထောင်ချချင်ရင်ချတာပဲ။ လွှတ်ချင်လွှတ်တာပဲ။

အဲလိုဖြစ်နေတာ ဗိုလ်နေဝင်းတက်ကတည်းကနေ အခုထိအထိ အတူတူပဲ။ အဲလိုတရားစီရင်ရေးစနစ်ထဲမှာ ဆရာဝန်ကို သေဆုံးရခြင်းအကြောင်းရင်းကို လိုသလိုရေးစေအောင်ခိုင်းနေတာ မလိုတဲ့အရာသာဖြစ်တယ်။ မတရားလည်း လုပ်ချင် ဖုံးဖိချင်နေတယ်။ ဆရာဝန်ကို အငှားဖိုက်ဓါးထိုးခံစေနေတာသာဖြစ်တယ်။ အခုအစိုးရလက်ထက်မှာ ပိုဆိုးလာတယ်။ စစ်အစိုးရလို မဆိုးတောဘူးလို့ပြောချင်တာနဲ့ ဥပဒေတွေ စည်းမျဉ်းတွေနဲ့ ညီတယ်လို့ လုပ်ပြနေလို့ ပိုဆိုးတာဖြစ်တယ်။ တကယ်တန်း တရားဥပဒေနဲ့ညီညွတ်လာတော့ မဟုတ်ဘူး။

ကျွန်တော်က ဆရာဝန်လည်းလုပ်၊ အမတ်လည်းဟုတ်ခဲ့သူဖြစ်လို့ နမူနာပေးပါမယ်။ ၁၉၉ဝ တုံးက အရွေးခံခဲ့ကြရတဲ့ အမတ်တွေကို အမတ်အဖြစ်ကထွက်အောင် လက်မှတ်တွေလိုက်အထိုးခိုင်းတယ်။ ခြိမ်းခြောက်နည်း မျိုးစုံသုံးတယ်။ တချို့က ထိုးကြရတယ်။ မထိုးသူတွေ အဖမ်းခံကြရ၊ ထောင်ကျကြရ၊ ပြည်ပထွက်ပြေးကြရတယ်။ အခုလို အမှုမျိုးမှာလည်း ဆရာဝန်တွေအမျိုးမျိုးရှိနိုင်တယ်။ ဒါပေမယ့် ဆရာဝန်တိုင်းကတော့ သောနုတ္တိုရ်ဟုတ်ပါ။

PEM ရောဂါမှာ AIDS လိုပဲ သေစေတဲ့ရောဂါတခုကြောင့်သာ သေရတယ်။ PEM ရောဂါသည်ကလေးမလေးဟာ အဓမ္မ (မုဒိန်း) ကျင့်ခံရလို့သာ အသေစောတာလို့ ရှေ့နေကလျှောက်လဲနိုင်တယ်။ ဒါပေမယ့့်။ တရားရေးစနစ်အတွက် မဲပေးကြပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ