Neck Glands လည်ပင်း အကျိတ်


ဒီမေးခွန်းမေးတဲ့သူတွေနဲ့ အပြန်အလှန်လုပ်ရသေးတယ်။ အချိန်ပိုကုန်တယ်။

မေးခွန်း (၁)
ဆရာရှင့့် က အသက် ၂၃၊ ဘန်ကောက်မှာနေပါတယ်ရှင့်။ လည်ပင်းမှာ အကျိတ်ဖုလေး သေးသေးလေးတွေ့လို့ပါ။ နာကျင်မှု့လဲမရှိပါဘူး ဆေးရုံမှာသွားစစ်ဖို့ လိုအပ်ပါသလားရှင့်။

အကျိတ်ကို တိတိကျကျပြောပါ။ နေရာ။ အရေအတွက်။ အရွယ်အစား။ ပုံပန်း။ ရွေ့ရ မရ။ နာ မနာ။ ကြီးလာ မလာ။

လည်ပင်းနဲ့ ဂုတ်ကြားမှာပါ ညာဖက်မှာပါရှင့် လက်တဆစ်လောက်ပဲရှိတာပါ တစ်ခုထဲပါရှင် မနာပါရှင့်။ သတိထားမိတာ သုံးရက်လောက်ရှိပြီ။ ကြီးလဲမလာပါဘူးရှင့် ရွှေ့လို့ရပါတယ်ရှင့်။

လည်ပင်းနဲ့ ဂုတ်ဆိုတာ မရှင်းပါ။ စောင့်ကြည့်နိုင်ပါတယ်။ ထူးခြားရင် မေးလိုက မေးပါ။ ပါရာစီတမောသောက်ရင် နာတာ + ရောင်တာ သက်သာမယ်။ တနေ့ ၂-၃ ကြိမ်။ ၄-၅ ရက်။

(ပုံ)
အဲ့လိုနေရာမှာပါ ဆရာ။ ဒါပေမဲ့ ရဲ့ အကျိတ်က မမြင်ရပါဘူး။ အဲ့လိုအကျိတ်လဲအပြင်မထွက်နေပါဘူးရှင့်။ ဂုတ်ရဲ့ အကြောအပေါ်မှာ အကျိတ်လက်တဆစ်လောက်ဖြစ်နေတာပါ။ နာကျင်မှုလဲမရှိပါဘူးရှင့်။ ကင်ဆာဖြစ်မှာ ကြောက်လို့ပါဆရာ။

မေးခွန်း (၂)
လည်ပင်းကဖြစ်တဲ့အကျိတ် ဘယ်နှစ်မျိုး ရှိပါသလဲဆရာ။ လည်ပင်းက အကြောအတိုင်း တစ်လုံးပြီး တစ်လုံး တန်းစီပြီးထွက်တဲ့အကျိတ်က ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေတာလဲ။ ဆေးသောက်တာနဲ့ ပျောက်နိုင်ပါသလား။

ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊ ဖြစ်တာ ဘယ်လောက်ကြာပြီ၊ တခြားဘာလက္ခဏာတွေရှိတယ်။ ဥပမာ ဓါတ်မှန်၊ နာ-မနာ၊ လူပိန်လာ-မလာ၊ သိချင်ပါသေးတယ်။ မတူတာတွေ အမျိုးမျိုးရှိလို့ပါ။ တက်စေ့ရောင်တာ၊ တီဘီ၊ ကင်ဆာ အတော် မတူတာတွေ။

ဖြစ်တာက ညီမလေးတယောက်ပါဆရာ။ သူက နဂိုပိန်တာပါ။ သိပ်မကြာသေးဘူးထင်တာပဲ။ သူကခုမှ ကိုယ်ကိုယ်ကို စမ်းမိတာတဲ့၊ အလုံးက မမြင်ရပါဘူး။ လက်နဲ့ စမ်းကြည့်မှ သိတာပါ။ လည်ပင်း အကျိတ် ဟုတ်-မဟုတ် ဆိုတာလည်း မသိပါဘူး။ လူက ပိန်ရင် လည်ပင်းက အရိုးကြီးပေါ်နေတယ်လေနော်။ အဲဒီပေါ်နေတဲ့ အရိုးနဲ့ကပ်လျှက် အပေါ်ဘက် လည်ပင်း ချိုင့်နေတဲ့ နေရာမှာရှိတယ်။ အလုံးက ညာဘက်မှာပါ။ နာလည်း မနာဘူးတဲ့။ ဆေးခန်းလည်း မသွားရသေးပါဘူး။ ဆေးခန်းမှာ ဓါတ်မှန်ရိုက်ပြီး သေသေချာချာ စမ်သပ်ကြည့်ရမှာပေါ့နော် ဆရာ၊။ အသက်က ၂၈နှစ် ပြည့်တော့မှာပါ။ ချောင်းဆိုးနေတာ ၃၊ ၄ ပတ်ရှိပြီဆရာ။ ချောင်းဆိုးတာ ဆေးခန်း သွားပြီးပါပြီ။ အခု နဲနဲဆိုးပါသေးတယ်။ ဆရာပြောတဲ့ အခြား လက္ခဏာတော့ မတွေ့သေးပါဘူးဆရာ။

မဖြေခင် ထပ် (ထပ်) ပြောပါရစေ။ မေးတဲ့သူတွေက ကိုယ့်နာမည်ကို အဖျားဆွတ်ပြောသလို ထည့်ရေးတာ နားလည်ရ ခက်စေပါတယ်။ ပဌမမေးခွန်းမှာ့ တွေက မေးတဲ့သူက သူ့နာမည်လို့ ယူဆရတာကို ထည့်ရေးထားပါတယ်။ အဖြေစာထဲက အင်္ဂလိပ်စာလုံလေးတွေကို ကျော်ဖတ်လို့ ရပါတယ်။ ဆောရီး။

လူတိုင်းမှာ Lymphatic system ဆိုတဲ့ သွေးပြန်ရည်စနစ်ရှိတယ်။ Lymph Nodes အစေ့လေးတွေ တခုနဲ့တခု အကြောတွေနဲ့ ဆက်နေတာ။ တကိုယ်လုံးလိုလိုမှာ ရှိတာ။ စုနေတဲ့နေရာတွေ ရှိတယ်။ လည်ပင်းက တခုပေါ့။ မေးအောက်၊ ချိုင်းနဲ့ ပေါင်ရင်းတွေမှာလည်း ရှိတယ်။ ဒီစနစ်က Immune system ခံနိုင်အားအတွက် အသုံးကျတယ်။ မသင့်တာတခုခုဖြစ်ရင် နောက် ဒါမျိုး ထပ်မဖြစ်အောင် လုပ်ပေးတာမျိုးပြောတာ။ အစေ့တခုခု ရောင်နေတယ်ဆိုတာ ရောဂါတခုခု ရှိနေပြီးသားလို့ သိနိုင်တယ်။

သူ့အရည် Lymph ထဲမှာ သွေးဖြူဥတွေ၊ အူကလာတဲ့ Chyle အရည် နဲ့ သွေးနီဥ နည်းနည်းပါတယ်။ ရောဂါရနေရင် သူ့ထဲမှာ ပိုးတွေနဲ့ တခြားပစ္စည်း Antigens (အင်တီဂျင်) တွေပါနေလိမ့်မယ်။ နောက်ဆုံးမှာ သွေးပြန်ကြောထဲ ဝင်သွားကြတယ်။ Spleen ဘေလုံးဟာလည်း ဒါမျိုးဘဲ။ Tonsils အာသီးလည်း မထူးဘူး။ အစေ့တွေ အထဲမှာ WBC သွေးဖြဥတွေက ရောဂါပိုးတွေကိုပြီးစေနိုင်တဲ့ Antibodies ခံနိုင်စွမ်း ထုတ်ပေးတယ်။

ပေါင်ခြံနဲ့ ချိုင်းမှာ လက္မဝက်လောက်သာရှိတဲ့ တက်စေ့လေးတွေ ရှိနေတာတော့ ကိစ္စမရှိပါ။ အအေးမိ-နှာစေးလို ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ပင်းနာ၊ အာသီးရောင်၊ အနာဖြစ်တာနဲ့ တွဲနေရင် ပဋိဇီဝဆေး အရင်ဆုံးပေးမယ်။ နာတာ-ရောင်တာ သက်သာအောင်လည်း Ibuprofen, Paracetamol ဆေး ပေးနိုင်တယ်။ ၂ ပါတ်လောက်မှာ ပြန်ကောင်းသွားမယ်။ ဆက်မကြီးဘဲ သေးသေးသွားလိမ့်မယ်။ ရောင်-နာ-ကြီး နေတဲ့ တက်စေ့က အထဲမှာပြည်တည်ရင်တော့ Abscess ပြည်တည်နာဖြစ်လို့ခွဲရမှာပေါ့။

တက်စေ့ကြီးနေယုံကတော့ ပြဿနာမဟုတ်သေးပါ။ ၂ ပါတ်ကျော်လာပြီ၊ လူကပိန်လာတယ်၊ ညပိုင်း ချွေးထွက်တယ်၊ အားယုတ်လာတယ်၊ ငွေ့ငွေ့အဖျားတာရှည်မယ်ဆိုရင် ဆရာဝန်ပြပါ။ တီဘီအကျိတ်ဖြစ်နိုင်တယ်။ ကြီးနေတဲ့အစေ့က မာနေတယ်၊ ကြီးလာတာလည်း မြန်မယ်၊ သူ့အနားက အရေပြားဖြစ်ဖြစ် အောက်ကိုဖြစ်ဖြစ် ကပ်နေလို့ ရွေ့-လှုပ် မရရင်၊ အစေ့ အထက်က အရေပြားက နီ-နာလာရင်၊ လည်ပင်းအခြေ၊ Collar bone ညှပ်ရိုးနား ကပ်နေရင်၊ (အခုမေးသူလို)၊ ဆေးစစ်ရလိမ့်မယ်။ ကင်ဆာကိုသံသယရှိရမယ်။

အစေ့တွေ ဘာလို့ကြီးလာသလဲ။ ရောဂါပိုးဝင်တာ။ ကင်ဆာ၊ Lymphoma, Leukemia သွေးကင်ဆာ။ စုံအောင်သာ ရေးပြတာပါ။ မေးတဲ့သူအတွက် မစိုးရိမ်ပါနဲ့။ ဓါတ်ပုံထဲကသူမှာ ရောဂါပိုးဝင်တာသာ ဖြစ်မှာပါ။ ပိုးအမျိုးအစားကိုတော့ သိဘို့ လိုလာပြီ။ အာဂန္တုလား၊ နာတာရှည်တည်းခိုနေတဲ့ရောဂါလား ခွဲခြားရတယ်။

အာဂန္တုတွေက လည်ချောင်းနာ၊ နှာစေး၊ အရေပြားအနာ၊ နဲနဲပြင်းတာတွေက တီဘီ၊ ဖန်းဂတ်စ်၊ ပါရာဆိုက်၊ ရူမတွိုက် အဆစ်နာ၊ Lupus လူးပတ်စ်၊ နောက်ဆုံး HIV ကို ရွေးထုတ်ရမယ်။

ဆေးစစ်တာ သိပ်အလျှင်စလို လုပ်ဘို့ မလိုပါ။ ဆရာဝန်ဆီ ရောက်ရင် အရင်ဆုံး နုတ်ဖြေ စာမေးပွဲ အစစ်ခံရမယ်။ သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာ၊ CT scan လုပ်တာ၊ နောက်တခါလာရင် Biopsy အသားစ ဖြတ်ထုတ်-စစ်ဆေးတာ လုပ်ချင်လုပ်မယ်။ ဆေးကုဘို့ကတော့ ဓါတ်မှန်အဖြေ၊ သွေးစစ်ချက်၊ အသားစဖြတ်စစ်တဲ့ ရလဒ်တွေအပေါ် မူတည်လိမ့်မယ်။

မေးခွန်း (၃)
၁ နှစ် ၈ လအရွယ် ကလေးရဲ့ လည်ပင်းဘေး ဘယ်/ညာမှာ အလုံးကျိတ်သေးသေးလေးရှိနေပါတယ်။ စမ်းကြည့်လိုက်ရင်လည်းရွေ့ရွေ့သွားပါတယ်ဆရာ။ အဲဒါ အန္တရာယ်ရှိမရှိ သိပါရစေ။

Lymph node တက်စေ့ရောင်တာဖြစ်တယ်။ အဖြစ်များတယ်။ သက်ဆိုင်တဲ့တနေရာရာမှာ ရောင်ရမ်းတာဖြစ်လို့ တက်စေ့ဆီရောက်ပြီးရောင်တယ်။ သွားနာ၊ လည်ချောင်းနာ၊ ထိခိုက်ဒဏ်ရာကနေရင်း၊ အနာပေါက်တာ၊ နားကိုက်တာ အစုံကနေဖြစ်တယ်။ ပင်ရင်းနေရာ ရောင်တာပျောက်ပေမဲ့ တက်စေ့က ကျန်နေတတ်တယ်။ ကြာရင် ပျောက်တယ်။ ကျန်နေတာလဲ ရှိတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုးသေဆေးနဲ့ အရောင်ကျဆေးပေးတာနဲ့ ပိုးကင်းရှင်းသွားမယ်။ တီဘီ အကျိတ်ရောင်တာလဲရှိတယ်။ အဲတာကတော့ ဆေးစစ်မှသာ ဟုတ်-မဟုတ်သိမယ်။ ဟုတ်လဲ ဆေးသောက် ပျောက်တယ်။ ကလေးက ကိုယ်အလေးချိန်မတက်ရင်၊ ညချွေးထွက်ရင် တီဘီ စစ်သင့်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ