Furamin BC သံဓါတ်အားဆေး


၁။ ဆရာမင်္ဂလာပါရှင့်။ ကျမက ဆရာမတယောက်ပါရှင့်။ ၉တန်း ၁၀တန်း သင်ပါတယ်ရှင့်။ အခုကျောင်းမှာ မိန်းကလေးတွေကို တပတ် ၂ခါ Furamin BC တိုက်ရပါတယ်။ အဲဒါကလေးတွေက သိပ်မသောက်ကြဘူးဖြစ်နေလို့ပါရှင်။ အဲဒါ Furamin BC ရဲ့အကျိုးသက်ရောက်မှုလေးကို အနည်းငယ်ရှင်ပြပေးပါရှင့်။ ကလေးတွေကိုသေချာပြောပြချင်လို့ပါ။ အစိုးရကလည်း လိုအပ်လို့တိုက်တာ ကလေးတွေသေသေချာချာသိစေချင်လို့ပါရှင့်။ ကျေးဇူးအထူးတင်ပါတယ်ရှင့်။

အရင်ကလည်းမေးကြတယ်။ မေးခွန်းတွေထဲက နမူနာသာထည့်ပါမယ်။

၂။ ဆရာခင်ဗျာ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် သံဓာတ် (Iron) နှင့် ဖောလစ်အက်စစ် (Folic Acid) အတွက် နေ့စဉ်မည်သည့် အစာအဟာရများ စားသုံးရပါမည်လဲ။

၃။ ကျွန်တော့်ကောင်မလေးက သံဓာတ်အားဆေးလိုတယ်ဆိုလို့ ခုကြော်ငြာနေတဲ့ သံဓာတ်အားဆေး ဖယ်ရိုဗစ် သောက်လိုက်တယ်လို့ ပြောပါတယ်ဆရာ။

၎။ ဆရာရဲ့အကူအညီလိုအပ်လို့ ထပ်မံစာရေးလိုက်ရပါတယ်။ ကိုယ်ဝန်ခြောက်လအရောက်မှာ HB စစ်တာ 9.3 ပဲရှိလို့ စားဆေးတွေဖြည့်စွက်ပေးပါတယ်။ OBIMIN အားဆေးအပြင် Folic Acid, Iron tablet, Vitamin B complex တွေကို တွဲသောက်ခိုင်းပါတယ်။ ကျွန်မက Vitamin B ကိုချန်ပြီး ကျန်တာတွေသောက်ပေမဲ့ HB က တတ်မလာပါဘူး။ အပြင်ဆေးဆိုင်တွေမှာ သွေးအားတိုးဆေးရှာဝယ်ပေမဲ့လဲ Vitamin B ပါတဲ့ဆေးတွေချည်းပါပဲဆရာ။ Vitamin B မသောက်ပဲ HB တတ်အောင် ဘယ်လိုလုပ်သင့်ပါလဲဆရာ။ ကလေးအတွက်လဲအရမ်းစိုးရိမ်လို့ပါ။ နောက်ပြီး ဆရာဝန်က ကျွန်မကို သာလာဆီးမီးယား ရောဂါရှိမရှိ စစ်ဆေးမယ်လို့လဲပြောပါတယ်။ အဲဒီရောဂါအကြောင်းလဲ သိချင်ပါတယ်ဆရာ။

သံဓါတ်အားဆေးဆိုတာ လိုအပ်နေသူဟာ နေ့တိုင်းသောက်နေရတယ်။ သွေးအားနည်းရင်နည်းသလို ကြာကြာ သောက်ရတယ်။ တချို့ကို ၃ လအသောက်ခိုင်းတယ်။ ပုံမှန် အမြဲသောက်နေတာလဲ ကောင်းတယ်။ မနက် ၁ လုံး၊ ညနေ ၁ လုံး။ သောက်တယ်။ ကြာကြာသောက်ရတာမို့ ဈေးကြီးတာတွေ ကြော်ညာကောင်းတာတွေ အရေးမကြီးပါ။ အများသောက်တဲ့ဆေးမျိုး အတူတူပါဘဲ။ UNICEF ကနေ အလကားဝေတာလဲ အတူတူကောင်းပါတယ်။

မိန်းကလေးတိုင်း လိုနိုင်တယ်။ သွေးအားနည်းနေတာအတွက်ပေးတယ်။ တခြားသံဓါတ် နည်းနေတာတွေအတွက်လဲ ပေးရတယ်။ စားဆေး၊ အသာထိုးဆေးနဲ့ သွေးကြောထဲထိုးတာဆိုပြီး ၃ မျိုးရှိတယ်။ စတင်တီထွင်ခဲ့တဲ့ ပြင်သစ်ဆရာဝန်ကို ဂုဏ်ပြုပြီး ပေါ်ကာစမှာ Blaud's pills လို့ခေါ်ခဲ့တယ်။

သွေးအားနည်းတာမှာ Vitamin B12 နည်းတာနဲ့ Folate (Folic acid) နည်းတာရှိသေးတယ်။ Iron deficiency anemia သံဓါတ်နည်း သွေးအားနည်းတာကို တိတိကျကျ microcytic, hypochromic anemia သွေးနီဥသေးပြီး၊ အရောင် ဖျော့နေတာလို့ ခေါ်တယ်။

သွေးအားနည်းစေတဲ့အကြောင်းတရား (၃) ပါးရှိတယ်။
၁။ စားတဲ့အစားအသောက်မှာ နည်းနေတာ၊ ဒါမှမဟုတ် စားပေမဲ့ စားတာကို အူကနေစုပ်မယူနိုင်တာ၊
၂။ ရနေတာထက် ပိုလိုအပ်နေလို့၊
၃။ လိုတာထက်ပိုပြီးစွန့်ထုတ်နေလို့။ ဥပမာ ဒဏ်ရာ-အနာတွေကနေ သွေးယိုနေတာ၊ ရာသီဆင်းတာများနေတာ၊

သောက်ဆေးတွေ
Iron (II) sulfate ဟာ အများဆုံးလဲသုံးတယ်။ ဈေးလဲအချိုဆုံးဖြစ်တယ်။ နာမည်အမျိုးမျိုးနဲ့ ရောင်းတယ်။ တချို့ကို Gluconate, Dextran, Carbonyl iron စတဲ့ဓါတ်ဆားတွေနဲ့လဲ ရောထားတယ်။ ဗီတာမင် (စီ) နဲ့ရောထားရင် အူကနေစုပ်ယူတာ ပိုကောင်းစေတယ်။ နောက်ဆုံးလာတဲ့ မေးခွန်းပါျေူရာမင် ဘီစီ က အဲတာဖြစ်တယ်။

တချို့လူတွေက အများဆုံးသုံးတဲ့ Ferrous sulfate or Ferrous fumarate နဲ့အဆင်မပြေရင် Heme iron polypeptide (Proferrin) ဆေးကိုသုံးနိုင်တယ်။ အစာလမ်းကိုသက်ရောက်တဲ့ ဘေးထွက်ဆိုးကျိုးသက်သာစေအောင် Ferrous glycine sulfate or Ferroglycine sulfate အမျိုးအစားသုံးရမယ်။

Parenteral ထိုးဆေး
အသားဆေး၊ အကြောဆေး ၂ မျိုးရှိတယ်။ စားဆေးထက်ပိုဈေးကြီးတယ်။ ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ Ferinject အမျိုးအစားကလွဲရင် ထိုးမပေးသင့်ဘူး။ လူနာက သံဓါတ်မြန်မြန်လိုနေရင် ထိုးဆေးသုံးရမယ်။ အစာလမ်းကစုပ်ယူတာမကောင်းရင်လဲ ထိုးဆေး သုံးရမယ်။ Iron dextran (Cosmofer, DexFerrum, Infed) ထိုးဆေးကို မတည့်သူတွေရှိတယ်။ ၁ဝဝ မှာ ၁ ယောက် ဖြစ်တတ်တယ်။ Iron sucrose (Venofer) ဆိုရင် ၁ဝဝဝ မှာ ၁ ယောက် အဲလိုဖြစ်တတ်တယ်။ Iron carboxymaltose (Ferinject) ထိုးဆေးကတော့ dextran မပါလို့ ပိုစိတ်ချရတယ်။

ဘေးထွက်သက်ရောက်မှုတွေ
သောက်ဆေးကြောင့် ဝမ်းပျက်တာ၊ ဝမ်းချုပ်တာဖြစ်စေနိုင်တယ်။ ဗိုက်အောင့်တာလဲ တခို့ခံစားရတယ်။ ဆေးကို ထမင်းစားပြီးသောက်ရင် သက်သာတယ်။ ဆေးအလေးချိန်လျှော့ရင်သက်သာတယ်။ သံဓါတ်ဆေးကြောင့် ဝမ်းမဲနေမယ်။ ဘာမှကိစ္စအရှိပါ။ သံဓါတ်ဆေးရည်သောက်ရင် သွားတွေညိုတတ်တယ်။ ထိုးဆေးကနာတယ်။ ဂရုစိုက်ထိုးရတယ်။ Iron (III)-hydroxide polymaltose complex နဲ့ Iron bis-glycinate chelate တွေက Iron (II) sulfate ထက် ဘေးထွက်-ဆိုးကျိုးနည်းတယ်။

သံဓါတ်ဆေးဟာ Tetracycline, Penicillamine, Methyldopa, Levodopa, Bisphosphonates, Antacid, Alendronate, Cefdinir, Eltrombopag, Ciprofloxaci ဆေးတွေနဲ့တွဲရင် စုပ်ယူတာကိုနှေးစေနိုင်တယ်။ အစားထဲမှာ ကယ်လ်စီယန်ပါနေရင်လဲ အဲလိုဘဲ။ pH နည်းနေရင် (အက်စစ်ကဲနေရင်) သံဓါတ်ကို စုပ်ယူတာ ပိုကောင်းတယ်။
သတိထားစရာတွေလဲရှိတယ်။ Iron overdose သံဓါတ်များသွားတာလဲ မကောင်းဘူး။ တချို့ကလေးတွေမှာ အသက် ဆုံးပါတာအထိ ဖြစ်နိုင်တယ်။ အသည်းကိုအများဆုံးထိခိုက်တယ်။ နှလုံး။ အဆုပ် နဲ့ ကျောက်ကပ်ကိုလဲ ထိခိုက်နိုင်တယ်။ 20 mg/kg ထက်များရင် အစာလမ်းကြောင်းကို အဆိပ်သင့်စေတယ်။

Ferrous sulfate ဆေးကိုတခါတည်းမြိုချပါ။ ဝါးမစားပါနဲ့။ အစာမရှိခိန်မှာ စုပ်ယူတာပိုကောင်းပေမဲ့ ဆိုးကျိုးနည်းအောင် အစာစားပြီးသောက်ပါ။ ရေများများသောက်ပါ။ တိတိကျကျပြောရရင် အစာထဲမှာ ကြက်ဥ။ ပေါင်မုံ့ညို၊ နွားနို့နဲ့ နို့ထွက်အစာတွေ၊ ကော်ဖီ၊ လဘက်ရည်တွေနဲ့တွဲရင် စုပ်ယူတာ နှေးစေတယ်။ ဆေးသောက်ပြီး မိနစ် ၃ဝ အထိ လဲလျှောင်းမနေသင့်ပါ။ ဆေး ၁ ကြိမ်အတွက်သောက်ဘို့မေ့သွားရင် ၂ လုံးတခါတည်းတွဲမသောက်ပါနဲ့။

• သွေးအားနည်းရောဂါရှိနေသူ လူကြီးတွေကို Regular-release 300 to 325 mg တနေ့ ၁ ကြိမ် စပေးပြီး နောက်ပိုင်းမှာ 325 mg တနေ့ ၂-၃ ကြိမ်ပေးတယ်။ ဒါမှမဟုတ် 300 mg ကို တနေ့ ၄ ကြိမ်အထိပေးနိုင်တယ်။ Extended-release ferrous sulfate အမျိုးအစားဆိုရင် 160 mg တနေ့ ၁-၂ ကြိမ် ပေးတယ်။
• ကျောက်ကပ်မကောင်းတာနဲ့ သွေးအားနည်းတာ တွဲနေသူတွေကို Regular-release 300 to 325 mg တနေ့ ၁ ကြိမ်စပေးမယ်။ နောက်ပိုင်းမှာ 325 mg တနေ့ ၂-၃ ကြိမ်ပေးမယ်။ ဒါမှမဟုတ် 300 mg တနေ့ ၄ ကြိမ်ပေးတယ်။ Extended-release ferrous sulfate ဆိုရင် 160 mg တနေ့ ၁-၂ ကြိမ်ပေးတယ်။
• အသက် ၁၂ နှစ်အောက်ပေးရင် စစ်ဆေးပြီးမှ ပေးသင့်တယ်။
• ကိုယ်ဝန်ဆောာင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ 325 mg တနေ့ ၁ ကြိမ်ပေးတယ်။

မြန်မာနိုင်ငံမှာ သွေးအားနည်းရောဂါအတွက် မရှိမဖြစ်သုံးဆိုပြီး သတ်မှတ်ထားတဲ့ ဆေးတွေကတော့ -
- Ferrous Salts (E) Tablet equivalent to iron (sulfate, fumarate) 60-65mg
- Ferrous Salts Oral Liquid equivalent to iron 45mg/ 5ml
-Folic acid (E) Tablet 400mcg, 1mg, 5mg (sodium salt) Injection 10mg/ml amp
- Folinic acid Tablet
- Iron Sucrose (C) Injection 20mg/ml, 5 ml
- Erythropoietin (C) Injection 40000 IU/ml vial (Epoetin) 10000 IU prefilled syringe တွေဖြစ်ကြတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ