လူတိုင်းအတွက် သွေးလွန်တုပ်ကွေးအန္တရာယ်



မိုးရာသီရောက်တိုင်း ၂နှစ် ၃နှစ် တစ်ကြိမ်ခန့် သွေးလွန်တုပ်ကွေးက ကပ်ရောဂါအသွင် အကြီးအကျယ်ဖြစ် ပွားလေ့ရှိပါတယ်။ ဒီနှစ် ၂၀၁၇ခုနှစ်မှာလည်း ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်တယ်လို့ ပညာရှင်တွေခန့်မှန်းထားကြတယ်။ ကလေးတွေမှာသာအဖြစ်များလေ့ရှိပေမဲ့ အဲဒီရောဂါသယ်ဆောင်တဲ့ ခြင်ကိုက်ခံရာကနေ ရောဂါဖြစ်တာဆိုတော့ ခြင်ကိုက်ခံရတဲ့ ကလေးလူကြီး ဘယ်သူမဆို သွေးလွန်တုပ်ကွေးဖြစ်လာနိုင်ပါတယ်။
ခြင်မက သယ်ဆောင်
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ်အီဂျစ်ပ်တိုင်း(Aedes aegypti) ခြင်မ ကိုက်ရာကတစ်ဆင့်၊ တစ်ဦးကိုတစ်ဦး ရောဂါကူးစက်စေပါတယ်။ အဲဒီခြင်မကမျိုးပွားဖို့အတွက် လူ့သွေးကိုကိုက်ပြီးစုပ်ယူခြင်းဖြစ်ပါတယ်။
၁၉၅၀ခုနှစ်လောက်မှစပြီး ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှာအကြီးအကျယ်ဖြစ်ပွားခဲ့ရာက အခုတော့ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံအားလုံးနဲ့ လက်တင်အမေရိကနိုင်ငံအတော်များများမှာ အသေအပျောက်များတဲ့ ရောဂါဖြစ်နေပါတယ်။
အမျိုးအစား
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး (Den 1,2,3,4) ဆိုပြီးလေးမျိုးရှိတယ် အမျိုးအစားတစ်ခုခုကြောင့် သွေးလွန်တုပ်ကွေးဖြစ်ဖူးပြီးရင် အဲဒီဖြစ်တဲ့ ဗိုင်းရပ်ကိုတော့ တစ်သက်တာကာကွယ်နိုင်စွမ်းရရှိသွားစေတယ်။ ဒါပေမဲ့ နောက်တစ်ခါဝင်လာတဲ့ ဗိုင်းရပ်က၊ အရင်ဝင်ပြီးသား အမျိုးအစားမဟုတ်ရင် ကိုယ်ခန္ဓာကိုယ်အတွင်းဖြစ်ပေါ်ထားပြီးသား အင်တီဘော်ဒီတွေရဲ့ ခုခံမှုကြောင့်ပြင်းထန်တဲ့ အသက်အန္တရာယ်ရှိတဲ့၊ သွေးလွန်တုပ်ကွေး အကြီးအကျယ်ဖြစ်နိုင်လာစေတယ်။ အရင်နှစ်က ခြင်ကိုက်ခံရလို့ဖြစ်တဲ့ ဗိုင်းရပ်နဲ့အခုနှစ်ခြင်ကိုက်ခံရလို့ဖြစ်လာရတဲ့ ဗိုင်းရပ်ချင်းက တူချင်မှတူမှာဆိုတော့ သွေးလွန်တုပ်ကွေးရာသီမှာ ကလေးလူကြီးမရွေး အပြင်းဖျားရင်သေချာဂရုစိုက်ကုသဖို့ လိုပါတယ်။
အေဒီးစ်ခြင်တွေရဲ့ အလေ့အထများ
ရေကြည်ရေသန့်မှာ ပေါက်ပွားလေ့ရှိတယ်။ နေ့အလင်းရောင်ရှိတဲ့အချိန်မှာ ကလေးလူကြီးမရွေးဘဲ ကိုက်လေ့ရှိတယ်။ နံနက်ခင်း နေရောင်စတင်ရချိန်ကနေ ညနေမမှောင်ခင်အချိန်ဆိုရင် ပိုတောင်အကိုက်များတယ်ဆိုပါတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်သယ်ဆောင်ထားတဲ့ အေးဒီးစ်အီဂျစ်ပ် တိုင်းခြင်မက၊ နေ့ခင်းဘက်မှာလူတစ်ယောက်ပြီးတစ်ယောက် အတော်များများကိုက်ရင်းနဲ့၊ အဲဒီရောဂါပိုးတွေကို လူတွေဆီချန်ထားပေးခဲ့ကြတယ်။ လူတွေဆီမှာ အကိုက်ခံရပြီး ၄ရက်မှ၁၀ရက်အတွင်း ဗိုင်းရပ်တွေထပ်ပွားနေချိန်နဲ့ ရောဂါဖြစ်နေတုန်းအချိန်တွေမှာ အဲဒီလူကို ခြင်မက ထပ်ကိုက်ပြန်ရင်းဗိုင်းရပ်ပိုးတွေ သယ်ဆောင်သွားကာ၊ တစ်ခြားလူတွေဆီ ဖြန့်ဝေပျံ့နှံ့စေပါတယ်။
အာရှမှာ သွေးလွန်တုပ်ကွေးကိုသယ်ဆောင်တဲ့ နောက်ထပ်ခြင်တစ်မျိုးရှိသေးတယ်။ အဲဒါက (Aedes albopictus) လို့ခေါ်ပြီး၊ အဲဒီခြင်တွေက တောင်အမေရိကနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေကို တိုင်ယာတွေ၊ အလှထား ၀ါးလုံးဝါးပင်တွေကတစ်ဆင့်၊ ရောက်ရှိသွားကြပြီး၊ အဲဒီနိုင်ငံတွေမှာပါသွေးလွန်တုပ်ကွေး ဖြစ်ပွားလာစေတာဖြစ်ပါတယ်။ အဲဒီ အယ်လ်ဘိုပစ်တပ်ရဲ့ ထူးခြားချက်က၊ ရောက်တဲ့နေရာမှာအဆင်ပြေအောင်၊ လိုက်လျောညီထွေပြုလုပ် ပေါက်ပွားနိုင်တယ်။ ဒါကြောင့် အနှုတ်ဒီဂရီအထိအေးစက်တဲ့ ဥရောပမှာ၊ အေဒီးစ် အယ်လ်ဘိုပစ်တပ်စ်တွေ၊ ရှင်သန်ပွားများနိုင်ကြပြီး၊ သွေးလွန်တုပ်ကွေးရောဂါကို ဥရောပတစ်လွှားမှာပါ ဖြစ်ပေါ်ခံစားလာရတယ်။
ရောဂါလက္ခဏာများ
ရုတ်တရက်ချက်ချင်းကောက်ကာငင်ကာ၊ ၁၀၄ံ F အထက်အထိအဖျားပြင်းထန်စွာတက်လာတယ်။ ခေါင်းကိုက်လာသလို၊ မျက်လုံးတွေအနောက်က နာကျင်လာတယ်။ တစ်ကိုယ်လုံးရှိ အရိုးရောကြွက်သားတွေပါနာကျင် ကိုက်ခဲလာပြီး၊ ပျို့အန်တာတွေအကြိမ်ရေစိတ်လာတယ်။ ပြန်ရည်ဖုတွေကြီးလာပြီး၊ အရေပြားပေါ်မှာအနီရောင်အစက်အပြောက်တွေကနေ၊ သွေးခြေဥသလို ညိုညိုမဲမဲအကွက်တွေပေါ်လာတယ်။ နှာခေါင်းနဲ့သွားဖုံးကသွေးယိုတာတွေ၊ အစာအိမ်နဲ့အူလမ်းကြောင်းက သွေးယိုတာတွေကြောင့်၊ အန်တဲ့အခါသွေးစပါတာတွေနဲ့ဝမ်းမည်းမည်းသွားတာတွေအထိ၊ လက္ခဏာတွေကိုပြင်းထန်တဲ့သွေးလွန်တုပ်ကွေးမှာ တွေ့ရတယ်။ ရောဂါကအဖျားတာရှည်ပြီး၊ ၂ ရက်မှ ၇ရက်အထိရောဂါခံစားရတယ်။
အသက်အန္တရာယ်ရှိတဲ့ပြင်းထန် သွေးလွန်တုပ်ကွေးမှာ၊ သွေးရည်ကြည်တွေက သွေးကြောပြင်ပသို့ရောက်ရှိသွားတဲ့အတွက်၊ ကိုယ်ခန္ဓာအတွင်း အရည်တွေစုလာတဲ့အတွက်၊ မောပမ်းကာ အသက်ရှူရခက်လာတယ်။ ဗိုက်ဖောင်းလာသလို မျက်ခွံတွေရောင်ကိုင်းလာတယ်။ သွေးပေါင်ချိန်ထိုးကျလာ လို့၊ ရှော့ Shock ရလာကာ၊ အချိန်ကြာလာတာနဲ့အမျှ အသက်ဘေးပိုနီးကပ်စေတယ်။ ကိုယ်တွင်းသွေးယိုမှုတွေကြောင့် အရေးကြီးအင်္ဂါအစိတ်အပိုင်းတွေ အလုပ်မလုပ်နိုင်ကြတော့ဘဲ ထိခိုက်ပျက်စီးလာတယ်။
အသက်အန္တရာယ်ကြီးတဲ့လက္ခဏာတွေက
စဖျားပြီး ၃ရက်မှ ၇ရက်အတွင်း အပူချိန်စကျတာနဲ့ပေါ်ပေါက်လာတယ်။ မိဘတွေအများစုက အဖျားတက်ကိုယ်ပူနေတုန်းသာ စိတ်ပူနေကြပေမယ့်၊ အဖျားကျသွားရင် သက်သာတယ်ထင်ပြီး သေချာဂရုမစိုက်မိကြတော့ပါဘူး။ အဲဒီ အသက်အန္တရာယ်လက္ခဏာတွေသတိမထားမိတော့၊ ပစ်ထားသလိုဖြစ် သွားကြတာမို့၊ အင်မတန်မှားယွင်းပါတယ်။ အဖျားကျလာရင်တကယ် ကျန်းမာလာတဲ့ကလေးက စားစား၊ သောက်သောက်နဲ့ ဆော့ကစားနေရမှာပါ။ အပူကျသွားပေမယ့်၊ မှိန်းနေ ဗိုက်နာနေရင်၊ နှာခေါင်းနဲ့သွားဖုံးသွေးယိုနေရင်၊ ခံတွင်းမလိုက်ဘဲ ဘာမှဟုတ္တိပတ္တိကောင်းစွာမစားရင်၊ ဘာစားစား အန်, အန်နေရင်၊ ၀မ်းမဲမဲသွားနေရင်၊ ခြေဖျားလက်ဖျားအေးစပြုနေရင်၊ အဲဒါတွေ အားလုံးစုံအောင်ပြတဲ့အဆင့် မဟုတ်ဘဲ တစ်ချက်ချက်ထူးခြားပြတာနဲ့၊ အချိန်မဆိုင်းဘဲ၊ ဆေးရုံဆေးခန်း ချက်ချင်းပြသင့်တယ်။ တောရမ်းမယ် ဘွဲ့ဆေးမြီးတိုနဲ့ ရမ်းကုနဲ့ကြိတ်ကုပြီး၊ အလွန်အရေးကြီးတဲ့ အချိန်တွေကို မဖြုန်းတီးသင့်ပါဘူး။
အဖျားရှိပြီး အန်နေတဲ့ပထမ၂/၃ ရက်သာ ဆေးခန်းပြပြီးအိမ်တင်ကုပေးနိုင်ပေမယ့်၊ သွေးပေါင်ချိန်ကျတဲ့(pre Shock) နဲ့ အခြေအနေဆိုးတဲ့ သွေးလန့်တဲ့ shock အဆင့်တွေမှာ၊ ဆေးရုံစောစောရောက်ရှိကုသပါမှ၊ အသက်ဘေးက ကင်းလွတ်မှာမို့၊ မပေါ့ဆသင့်ပါဘူး။ အပြင်မှာသွေးလန့်တာကြာခဲ့ပြီး၊ အသက်အန္တရာယ်အတော်နီးကပ်လှပါတယ်။ ဆိုးလာစပြုတဲ့ရောဂါရှင်တွေကို ဆေးရုံအမြန်တက်ကုတာ ဘေးကင်းစေပါတယ်။
ကာကွယ်ဆေးအဖြစ်
၂၀၁၅နှစ်ကုန် ၂၀၁၆လဆန်းကစပြီး၊ ဆာနိုဖီပါစချာ (Sanofi Pasteur) ဆေးကုမ္ပဏီက သွေးလွန်တုပ်ကွေးရောဂါအတွက် ပထမဆုံးကာကွယ်ဆေး၊ Dengvaxia ကို ဆယ်စုနှစ်များစွာ၊ သုတေသနလုပ်ပြီးစတင်ထုတ်လုပ်ဖြန့်ချီခဲ့တယ်။ အသက်၉နှစ်မှ၄၅နှစ်အတွင်းလူတွေကို (၀-၆လ-၁၂လ) အပိုင်းအခြားနဲ့သုံးကြိမ်ပြည့်အောင် ထိုးနှံပေးရင်၊ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်လေးမျိုးစလုံးကို ကာကွယ်ပေးနိုင်တယ်ဆိုပါတယ်။ အသေအပျောက်များပြီး သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ ဒေသတွေမှာမဖြစ်မနေထိုးနှံပေးသင့်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို ၂၅% ကျဆင်းစေပြီး သေဆုံးနှုန်းကို ၅၀% တောင်လျော့ကျစေနိုင်တဲ့ Dengvaxia ကာကွယ်ဆေးဟာ၊ WHO ရဲ့ ရောဂါထိန်းချုပ်ရေးရည်မှန်းချက်နဲ့လည်း ကိုက်ညီပါတယ်။ ၁၀ယောက်ရောဂါဖြစ်ရင် ၈ယောက်ကိုဆေးရုံတက်ရစေလောက်တဲ့အထိ ရောဂါအဖြစ်ပြင်းထန်မှုနည်းပါးစေတယ်။
ရောဂါကာကွယ်ခြင်းနဲ့ ထိန်းချုပ်ခြင်း
သွေးလွန်တုပ်ကွေးကို ပျံ့သွားအောင် သယ်ဆောင်ပေးတဲ့အထက်ပါခြင်တွေ မရှိရင်ဒီရောဂါက ကမ္ဘာပေါ်က ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ လုံးဝပျောက်ကွယ်သွားအောင် မပြုလုပ်နိုင်သေးပေမယ့် အောက်ပါတို့ကရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။
ခြင်ဥနိုင်တဲ့ရေကြည်ရေသန့်စုဆောင်းသိုမှီးထားရာ ပစ္စည်းဟူသမျှဖယ်ရှားရှင်းလင်းပေးရမယ်။ ရေအိုးရေလှောင်ကန်တွေကို ၁-ပတ်ခြားသေချာပွတ်တိုက်ဆေးကြောပြီး ရေအသစ်လဲလှယ်ရမယ်။ အဖုံးတွေသေချာဖုံးအုပ်ထားရမယ်။ ပိုးလောက်လန်းတွေကင်းစင်အောင် ရေစစ်နဲ့ရေထဲဆယ်ရင်းစစ်ပြီး ဖယ်ရှားရမယ်။ ပိုးလောက်လန်းစား ငါး ဒေါင်းမြီးငါးတွေထည့်မွေးထားသင့်တယ်။ ရေကန်ထဲကိုခြင်မပေါက်ပွားဖို့ (အဘိတ်ဆေး)ပေါင်ဒါကို ရေလှောင်ကန်ရဲ့ အကျယ်အ၀န်းအလိုက်၊ အချိုးကျထည့်သင့်တဲ့ပမာဏအလိုက် ထည့်ပေးသင့်တယ်။
အိမ်တွင်းအိမ်ပြင်သန့်သန့်ရှင်းရှင်းထားကာ၊ လေ၀င်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းရနေစေဖို့ အရေးကြီးပါတယ်။ ခြင်လုံဇကာနဲ့လိုက်ကာ ကောင်းကောင်းတပ်ဆင်ပြီး အိမ်အတွင်း ခြင်အ၀င်နည်းအောင် ကာကွယ်ထားသင့်တယ်။ အေးဒီးစ်ခြင်က နေထွက်ကာစနံနက်ခင်းနဲ့၊ ညနေအလင်းရောင်မပျောက်ခင်အထိ၊ ကျက်စားတတ်တာမို့၊ တစ်နေ့လုံးဘယ်အချိန်အိပ်အိပ် ကလေး၊လူကြီးတိုင်း ခြင်ထောင်ထဲပဲအိပ်သင့်တယ်။ ကလေးတွေက လူးလှိမ့်ရင်ခြင်ထောင်အစွန်းနားကပ်နေရင်လည်း ခြင်ကအပြင်ကနေ ကိုက်မှာသေချာတာမို့ ခြင်ထောင်ထဲ ခြင်မ၀င်ဖို့နဲ့အလယ်ခေါင်မှာသိပ်ထားဖို့လိုအပ်ပါတယ်။
အင်္ကျီလက်ရှည် ထမီဘောင်းဘီရှည်တွေ လုံခြုံအောင်ဝတ်ဆင်ထားသင့်တယ်။ စာသင်ခန်းတွေ၊ အိမ်တွေ မှာနေရင် ခြင်မလာနိုင်တဲ့ repellent crem တွေကို၊ ၃-၄နာရီခြားပြီးလိမ်းထားသင့်တယ်။ ခြင်ဆေးခွေဆိုတာက အဆိပ်ငွေ့တွေပါလာစေတာမို့ ဖြစ်နိုင်ရင်မထွန်းတာကောင်းပါတယ်။ စာရေးသူအမြင်မှာတော့ ခြင်ဆေးခွေမီးခိုးအနှံ့ဆိုးလွန်းလို့ ခြင်ပြေးမပြေးမသိနိုင်ပေမယ့် အနီးရှိလူကတော့အရင်ထွက်ပြေး ချင်စိတ်ပေါက်လာပါလိမ့်မယ်။
အထက်ပါအချက်တွေကို အိမ်တိုင်းလူတိုင်း ပါဝင်ဆောင်ရွက်ကြရင်၊ ခြင်ပေါက်ပွားမှုကို သိသိသာသာထိန်း ချုပ်လာနိုင်မှာဖြစ်ပါတယ်။ လူထုအကြား အဲလိုဆောင်ရွက်ကြဖို့၊ ပညာပေး သရုပ်ပြမှုတွေကိုလည်း အချိန်မှန်လုပ်သင့်ပါတယ်။
ကပ်ရောဂါအသွင်ဖြစ်နေတဲ့ ရပ်ကွက်ရှိ အိမ်တွေကျောင်းတွေမှာခြင်သေဆေးမှုတ်တာတွေလည်း ပြုလုပ်ပေးနိုင်ပါတယ်။ အိမ်တစ်အိမ်မှာသွေးလွန်တုပ်ကွေးဖြစ်နေရင် အနီးရှိကိုက် ၁၀၀ ၀န်းကျင်အတွင်းသွေးလွန်တုပ်ကွေးဖြစ်ဖို့ အလားအလာများပါတယ်။ အဲဒီရောဂါဖြစ်နေတဲ့အိမ်က အေဒီးခြင်တွေက ကိုက်၁၀၀အတွင်းကျင်လည်ကျက်စားကြလို့ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ ခြင်ကိုက်မခံရအောင်၊ ခြင်ပေါက်ပွားမှုနည်းအောင်ဆောင်ရွက်ပြီး၊ ရောဂါစတင်ဖြစ်လာရင်လည်း စောစီးစွာအချိန်မီဆေးရုံ ဆေးခန်းပြသကြဖို့ အရေးကြီးပါကြောင်း အသိပေးနှိုးဆော်လိုက်ပါတယ်။
လူတိုင်းသွေးလွန်တုပ်ကွေး အဖြစ်နည်းကြပါစေ။

ဒေါက်တာမြမြချယ် (ကလေး အထူးကုဆရာဝန်ကြီး)
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ