Post Spinal Back Pain ခါးထုံဆေးနှင့် ခါးနာခြင်း


ဆရာရှင့် အသက်က ၃၀ ပါ။ ကလေးက ၁နှစ်ရှိပါပြီ။ ကလေးကို ခွဲမွေးတာပါ။ ခွဲမွေးပြီး ကလေး ၃လလောက်ကတည်းက ခါးတအားနာလာပါတယ်။ ညဆို မအိပ်နိုင်လောက်အောင် နာပါတယ်။ ထုံဆေးကြောင့်လို့ထင်ပါတယ်ရှင့်။ ဆေးတွေသောက်လည်းမသက်သာသလို လိမ်းဆေးနဲ့ ကပ်ခွာကပ်လည်း မသက်သာပါဘူးရှင့်။ ဘယ်လိုဆေးမျိုးသောက်မလည်း ဆရာအားတဲ့အခါ ဖြေကြားပေးပါရှင့်။ ခါးနာတာ နေ့ခင်းဆို အကောင်းပါ။ မနက် ၃ နာရီလောက် ဆို ပုံမှန်တိုင်း နာလာပါတယ်။ ဟိုဘက် ဒီဘက်လှည့်ဖို့တောင် အားယူရပါတယ်။ မခံစားနိုင်တော့လို့ လမ်းညွှန်ပေးပါရှင့်။ အသိ တယောက်အမဆို ကလေးမွေးပြီး ၅ လကြာမှာ ခါးနာရာကနေ ထုံဆေးကြောင့် ခါးနာရာကနေ အရိုးကင်ဆာ ဖြစ်သွားပါတယ်ဆရာ။ မျက်မြင်ကိုယ်တွေ့ပါ။ ကင်ဆာဖြစ်မှာ ကြောက်တယ်ဆရာ။ ဆေးလေး ညွှန်ကြားပေးပါရှင့်။ ဆရာ ကျန်းမာ ပျော်ရွှင် သက်ရှည်ပါစေ။

ကလေးဗိုက်ခွဲမွေးဖွားပြီးနောက်မှာ ခါးနာလို့မေးကြသူတွေ အတော်များတယ်။ ဆေးသုတေသနတခုအရ ခါးထုံဆေးနဲ့ ခွဲစိတ်ကုသခံရသူတွေထဲမှာ ၁၃% ကနေ ၃ဝ% မှာ ဖြစ်တယ်။ အဲလိုဖြစ်တာကို Post spinal backache လို့ခေါ်တယ်။ ခါးထုံဆေးထိုးတဲ့အပ်ဝင်ရာနေရာမှာ ကွက်ပြီး ရောင်ရမ်းဖြစ်စဉ်ကြောင့် ဆက်ဖြစ်တာဖြစ်တယ်။ ဒဏ်ထိတဲ့ကြွက်သား အစုမှာ မာဆယ်စပါဇမ်ခေါ်တာပါဖြစ်နိုင်တယ်။ အများအားဖြင့် ရက်ပိုင်းအတွင်း သက်သာပျောက်ကင်းပါတယ်။ အပူ + အအေး ကပ်ပေးတာနဲ့ Acetaminophen ခေါ် ပါရာစီတမောနဲ့ NSAIDs ဆေးတမျိုးမျိုး သောက်နိုင်တယ်။

ခါးထုံဆေးထိုးအပ်အရွယ်အစားနဲ့ အမျိုးအစား၊ ဆေးထိုးစဉ်က လူနာအနေအထားပေါ်မှာလည်း မူတည်တယ်။ တချို့က ငြိမ်မနေနိုင်ကြဘူး။ ခွဲစိတ်ချိန်ကာလလည်း ကြည့်ရတယ်။ အရင်ကနည်းက ခါးနာနေသူတွေလည်းရှိတယ်။

ခါးနာတာ ဘယ်လိုခံစားကြရသလဲ။ မတူကြပါ။ တိတ်သလိုနာတယ်။ ခါးအောက်ဖက်အထိနာတယ်။ နောက်လေ့လာမှုတခုမှာ လူနာ ၂၆့၆% က တပတ်အတွင်းပျောက်သွားကြတယ်။ အများအားဖြင့် ၇၂ နာရီကနေ ၃ လအထိ ကြာတယ်။ နောက်လေ့လာမှုတခုမှာ ဗိုက်ခွဲမွေးရတဲ့ ကိုယ်ဝန်ဆောင် ၉၁၈ ယောက်ထဲက ၄၃၁ ယောက်မှာ အနည်းဆုံး တကြိမ်ခါးနာကြတယ်။ ၉၆ ယောက်မှာ အရင်ကတည်းက ခါးနာနေကြတယ်။

မေ့ဆေးပေးသူတွေမှာလည်းဖြစ်တတ်တယ်။ ၄၆% အထိဖြစ်တာ တွေ့ရတယ်။ ဆန်းစစ်မှုတခုမှာ လူနာ ၁၃့၎% က ခါးထုံဆေးမထိုးချင်ကြပါ။ ဗိုက်ခွဲမွေးတာမဟုတ်တဲ့ တခြားခွဲစိတ်ကုရာမှာလည်း ခါးထုံဆေးသုံးပါတယ်။ လေ့လာမှု (၁၁) ခုမှာ ၁၅့၎% ကနေ ၁၈% အထိ ခါးနာကြတယ်။ ၃ လအထိကြာတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ