PN care မွေးဖွားပြီးနောက် စောင့်ရှောက်ပေးခြင်း


၁။ ဆရာရှင့်။ ကျွန်မ ဒီနေ့မနက် ၆နာရီခွဲမှာ ရိုးရိုးမွေးသွားပါတယ်။ ကလေးကတော့ လမစေ့၊ပေါင်မပြည့်နဲ့ ဘယ်အချိန်ထိ အသက်ရှင်ခွင့်ရမလဲမသိပါ။ ကံတရားပါပဲရှင်။ ကျွန်မကတော့ မွေးလမ်းချဲ့ထားတဲ့ဒဏ်ရာနဲ့ပါ။ အထိုင်အထမှာ သွေးနဲနဲ ဆင်းပါတယ်။ ချုပ်ထားတဲ့ဒဏ်ရာကို ဘီတာဒိုင်းဆေးထည့်ပြီး ဖိထိုင်ခိုင်းပါတယ်။ ဒဏ်ရာကျက်မြန်အောင် ဘယ်လို အစားအစာတွေ ရှောင်သင့်ပါသလဲရှင်။

၂။ ဆရာရေ ကျမ ရိုးရိုးမွေးထားတာ ၁ လနဲ့ ၃ ရက်ရှိပါပြီ။ ခုသွေးဆင်းနေတာများနေလို့ ဘာဖြစ်တာလည်းလို့ ပြောပြပေးပါရှင်။ လူပ်လို့တောင်မရပါဘူး။ ကလေးကတော့အဖတ်မတင်ပါဘူး။

၃။ ဆရာရှင့် ကျွန်မအသက် ၃၂ ပါ။ ကလေးမွေးပြီးတာ ဒီနေ့ဆိုရင် (၇) ရက်ပြည့်ပါပြီ။ ဆီးပိုက်တပ်ထားတဲ့ နေရာက နာနေပါတယ်ဆရာ။ အရင်ရက်တွေတုန်းကအရမ်းမနာပါဘဲ ဒီနေ့မှ ပိုပြီးတော့ နာနေပါတယ်ဆရာ။ ဆီးသွားတာ တော်တော်နဲ့သွားလို့မရပါဘူးဆရာ။ ညတုန်းကတော့ မှောက်အိပ်မိပါတယ်။ ဗိုက်ချုပ်ရိုးကလည်း ညာဘက်အခြမ်းက နာတာလိုလို အောင့်တာလိုလိုနဲ့နေလိုမကောင်းပါဘူးဆရာ။ ကျွန်မအိမ်ကထမင်းစားရင်လည်း အသားပြုတ်ကြော်နဲ့ ဆီဆမ်းပြီးကျွေးပါတယ်။ မီးဖွားပြီးတဲ့သူတွေကဘာတွေကိုရှောင်ပြီး ဘာတွေကိုစားရမှာလဲဆရာ။ ဖြေပေးပါအုံးနော်ဆရာ။

၎။ ဆရာ မီးယပ်ကျိုးတယ်ဆိုတာ ဘာကြောင့်ဖြစ်တာလဲရှင့်။ ကလေးမွေးပြီး မီးယပ်ကျိုးတာ ဖြစ်တက်ပါသလား။ ဆောင်ရန် ရှောင်ရန်လေး သိပါရစေဆရာ။

Gynecology မီးယပ်ရောဂါ
ဆေးပညာမှာ မီးယပ်ဆိုတာ အမျိုးသမီးရောဂါအားလုံးကို ခြုံခေါ်တယ်။ OG အိုဂျီဆိုတာ သားဖွါးပညာနဲ့ မီးယပ်ရောဂါ နှစ်မျိုးလုံးကို ပေါင်းခေါ်တာဖြစ်တယ်။ ယောက်ျားဆီး၊ မိန်းမမီးဆိုတာ မီးဖွါးတာနဲ့ဆိုင်တယ်။ မီးယပ်ကျိုးဆိုတာ တနေရာတမျိုး ခေါ်ကြတယ်။ တချို့က ဘာမှန်းမသိတာကိုလည်းခေါ်ကြတယ်။ အခေါ်အဝေါ် အရေးမကြီးပါ။

PN care မီးတွင်း
ကလေးမွေးပြီးလုပ်ပေးစရာတွေကို Postpartum Care (PN care) မွေးဖွားပြီးနောက် စောင့်ရှောက်ပေးခြင်းလို့ခေါ်တယ်။ မွေးပြီး ၆-၈ ပတ်ကာလကိုခေါ်တယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းအပြောင်းအလဲတွေနဲ့ ဟော်မုန်း အပြောင်းအလဲတွေဖြစ်တယ်။ ဆီးအိမ်၊ ကျောက်ကပ်၊ ရင်သားရောင်တာဖြစ်တယ်။ နို့ရောင်တာ၊ နို့နာဖြစ်တာ၊ အနေအထိုင်ခက်တာ၊ နာကျင်တာတွေ ဖြစ်မယ်။

Lochia လော်ခီရာ
မွေးဖွားပြီး အရည်ဆင်းတာ အစမှာ အရောင်နီမယ်။ ၂-၃ ရက်နောက် ပန်းရောင်ဖြစ်လာမယ်။ ၁ဝ ရက်နောက်ပိုင်း အဖြူရောင်။ အဝါရောင်ဖြစ်လာမယ်။ နည်းနည်းလာမယ်။ ၇-၁ဝ ရက်ထက်မပိုပါ။ ရာသီက ၇-၉ ပတ် နေရင်ပြန်ဆင်းမယ်။ အစမှာရက်တိုပြီး နည်းမယ်။ နောက်ပုံမှန် ဖြစ်မယ်။ နို့တိုက်နေလျင် ကြာမှ ဆင်းနိုင်တယ်။ ဆက်တိုက် ကိုယ်ဝန်ရှိသွားတတ်တယ်။

Episiotomy မွေးလမ်းကြောင်းချဲ့ခြင်း
သားဦးမွေးသူအများစုကို မွေးလမ်းချဲ့ပြီးမွေးပေးရတယ်။ တခါတလေ နောက်ကလေးမှာပါ ချဲ့ရတာရှိတယ်။ ထုံဆေးနဲ့သာ လုပ်တယ်။ ၃ ထပ်ချုပ်ပေးမယ်။ ၅-၇ ရက်မှာ ချုပ်ရိုးဖြည်ပေးမယ်။ ပဋိဇီဝဆေးနဲ့ အနာသက်သာဆေး ၄-၅ ရက်ပေးမယ်။ ချုပ်ထားတဲ့နေရာ ကြာလေကောင်းလေဖြစ်မယ်။ ချဲ့တာဖြစ်ဖြစ် စုတ်လို့ ချုပ်တာဖြစ်ဖြစ် အနေအထိုင်တော့ ဂရုစိုက်ပါ။ ပိပိယိယိထိုင်ပါ။ အနာနေရာကို အပူခပ်သင့်သင့် ကပ်ပေးနိုင်တယ်။ ဆီးပိုက်တပ်ခဲ့ရသူ ဆီးလမ်းပိုးဝင်နိုင်တယ်။ ဆေးတွေကနိုင်ပါတယ်။ မွေးလမ်းကြောင်းဂရုစိုက်ရမယ်။ နာကျင်မှုရှိမယ်။ ရောင်တာနဲ့ နာတာသက်သာဆေး လိုမယ်။ ဆီးသွားတာမှာ ပြောင်းတတ်တယ်။ သွားချင်တာကို အောင့်မထားပါနဲ့။ ဆီးလမ်းပိုးဝင်တာရှိရင် ချက်ချင်း ဆေးသောက်ပါ။ ဆီးသွားပြီးတိုင်း ရေနဲ့ဆေးပါ။ တကိုယ်ရေသန့်ရှင်းရေးစာ သပ်သပ်ရေးထားပါတယ်။

မွေးလမ်းဟာ အဲလိုကာလအတွင်း သွေးလျှောက်တာ သိပ်ကောင်းတော့ အနာကျက်လွယ်တယ်။ အဆင်မပြေလို့ အနာရင်းရင် ပိုနာမယ်။ အရည်တခုခုပါ ထွက်နိုင်တယ်။ ကိုယ်ပူနိုင်တယ်။ စစ်ကြည့်ရင် ချုပ်ရိုးမှာ နီရဲပြီး ဖေါင်နေးမယ်။ အလိုဖြစ်ရင် ဆရာဝန်ပြန်ပြပါ။ လိုအပ်ရင် ဆေးပြောင်းပေးမယ်။ ချုပ်ရိုး တချို့ဖြစ်ဖြစ် အကုန်ဖြစ်ဖြစ် ဖြုတ်ပေးမယ်။ ဆေးထည့်စရာပေးမယ်။ အဲလိုဖြစ်လည်း စိတ်မပူပါနဲ့။ အနာကောင်းကောင်းကျက်သွားရင် အေးအေးဆေးဆေး ရက်ရွေးပြီး၊ အနာသစ်လုပ်၊ ပြန်ချုပ်ပေးပါမယ်။ အကောင်းပကကိဖြစ်ပါတယ်။ လိုသေးရင် မအိုသေးတဲ့သူလိုဖြစ်အောင် ပြင်ပေးလို့ရပါသေးတယ်။

သတိပေးချက်များ = အပူချိန် ၁ဝ၄။ ပျို့-အန်ခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ သွေးဆင်းများလွန်းခြင်း၊ ရင်ဘတ်နာခြင်း ချောင်းဆိုးခြင်း၊ နို့နာ၍ရောင်ခြင်း၊ မီးဖွားရာနေရာပတ်ဝန်းကျင်က အလွန်နာခြင်း။

Tear စုတ်ပြဲခြင်း
သားဦးမွေးသူအများစုကို မွေးလမ်းချဲ့ပြီးမွေးပေးရတယ်။ အဲလိုမချဲ့လို့ စုတ်ပြဲသွားတတ်တယ်။ ချဲ့တာနည်းရင်လည်း ဖြစ်နိုင်တယ်။ အဆင်မသင့်သူတွေ ချုပ်ရိုးပိုးဝင်တယ်။ နာမယ်၊ ရောင်မယ်။ ချုပ်ရိုး တချို့ဖြစ်ဖြစ် အကုန်ဖြစ်ဖြစ် ဖြုတ်ပေးမယ်။ ဆေးထည့်စရာပေးမယ်။ အဲလိုဖြစ်လည်း စိတ်မပူပါနဲ့။ အနာကောင်းကောင်းကျက်သွားရင် အေးအေး ဆေးဆေး ရက်ရွေးပြီး၊ အနာသစ်လုပ်၊ ပြန်ချုပ်ပေးပါမယ်။ အကောင်းပကကိဖြစ်ပါတယ်။ လိုသေးရင် မအိုသေးတဲ့သူလို ဖြစ်အောင် ပြင်ပေးလို့ရပါသေးတယ်။

PPH မွေးဖွားပြီး သွေးသွန်ခြင်း
၅-၁၅% ဖြစ်တတ်တယ်။ သာမန်အားဖြင့် ပြဿနာမရှိပါ။ အချင်းအစအနကျန်ခြင်း၊ သားအိမ်ညှစ်အား မမှန်ဖြစ်ခြင်း၊ သွေးမတိတ်ရောဂါရှိနေခြင်း၊ ထိခိုက်မိခြင်းတို့ကြောင့်ဖြစ်ရတယ်။ သွေးအဆင်းများပါက (ရှော့ခ်) ရနိုင်တယ်။ Oxytocin ဆေးသုံးရမယ်။ အချင်းချရင် ဂရုစိုက်ရမယ်။ လိုအပ်ရင် လက်နဲ့ထုတ်ပေးရမယ်။ အချင်းကို စစ်ဆေးရမယ်။ ချက်ကြိုးကို စောစောစီးစီးဖြတ်ရမယ်။ သွေးသွင်းဘို့လိုနိုင်တယ်။ ခွဲစိတ်ပြီး သားအိမ်သွား သွေးလွှတ်ကြောကို ချည်ပေးရတတ်တယ်။

Advice အကြံပေးချက်
နားပါ။ ကလေးအိပ်ရင် မိခင်လည်းအိပ်ပါ။ ကလေးနဲ့ မိခင်နီးနီးကပ်ကပ် အိပ်စက်ပါ။ အစာဟာဟာရ အရေးကြီးတယ်။ ကိုယ်အလေးချိန် တက်လာမယ်။ ကလေးနို့တိုက်နေရတယ်။ အဲတာကြောင့် ခါတိုင်းထက် ပိုစားရမယ်။ ဒါပေမယ့် စားသောက်တာက ကျန်းမာရေးနဲ့ညီညွတ်ရမယ်။ ဆာရင်စားပါဆိုတာ ဖေါ်မြူလာ ဖြစ်တယ်။ အဆီများတာရှောင်ပါ။ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရတ်၊ အသီး၊ ဟင်းသီးဟင်းရွက်နဲ့ ရေ-အရည်တွေကို မျှတပြည့်စုံအောင်ပါရတယ်။ ဝမ်းချုပ်တာမကောင်းသလို ဝမ်းမမာအောင် ရေများများသောက်၊ အသီးအနှံ၊ အသီးအရွက် များများစားပေးပါ။ အရပ်နည်း၊ ရှေးနည်းတွေအတိုင်း ရှောင်ရတာများသူတွေမှာ ဗီတာမင် ဘီ-၁ နည်းလို့ ထုံနာကျင်နာဖြစ်ကြတယ်။ အဲတာကိုသာ မီးယပ်ကျိုးခေါ်ရင်သင့်မယ်။ ကိုယ်ဝန်ဆောင်အားဆေးကို ဆက်သောက်ရမယ်။ သွေးဆင်းများလို့ သွေးအားနည်းမယ်။ သံဓါတ်ဆေးဆက်သောက်ရမယ်။ တချို့သွေးသွင်းရမယ်။ ဝမ်းသွား-ဆီးသွားပြီးတိုင်း Dettol စတဲ့ ပိုးသတ်ဆေးရည်ကို ရေနဲ့ရောပြီးဆေးပါ။ လိပ်ခေါင်းလည်းဖြစ်တတ်တယ်။ တင်ပဆုံတွင်း-အင်္ဂါတွေ သန်မာစေတဲ့ လေ့ကျင့်ခန်း Kegel exercise လုပ်ပါ။ ရေးထားပါတယ်။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ