အမေတို့ကို ဘုရားပေးတဲ့ဆု


ကျွန်မအိမ်က ခွေးမလေးက အမွေးအညိုရင့်ရောင်ဆိုတော့ "ချောကလက်"လို့ နာမည်ပေးထားပါသည်။" ချောကလက်"က "မွတ်တား"ဆိုတဲ့ ခွေးသားလေးတစ်ကောင်မွေးသည်။ "မွတ်တား"လို့ နာမည်တွင်ရတာတော့သူက သူ့အမေနို့ကို တစ်ချိန်လုံးစို့နေလို့လေ။ နှစ်လသားလောက်ကတည်းက ခွေးကြီးစားတာတွေလည်း လိုက်စား၊ သူ့အမေနို့ကိုလည်း အလွတ်မပေးဘူးပေါ့။ သူ့အမေရဲ့အစာခွက်ထဲ ကိုလည်း ၀င်စားတယ်။ဒါတင်မကသေးဘူး။ သူ့အမေပါးစပ်ထဲကအစာကိုလည်း လုစားတယ်လေ။ ဘယ်လောက်ဆိုးတဲ့မွတ်တားပါလိမ့်။ ဒါပေမဲ့အမေဖြစ်တဲ့ ချောကလက်ကတော့ သူ့သားကို နို့တိုက်တာပုံမှန်ပါပဲ။ မွတ်တားနို့စို့နေတဲ့အချိန်မှာလည်း လျှာနဲ့လျက်ပြီးသန့်ရှင်းရေးလုပ်ပေးသေးတယ်။ သူ့စိတ်ထဲမှာ သူ့ သားနို့ဝဖို့၊ အစာဝဖို့၊ ကျန်းမာဖို့ပဲရှိတယ်။ သူ့အတွက်ဘာမှမမျှော်လင့်ပါဘူး။ အားလုံးသူ့သားအတွက်ပဲပေါ့။တိရစ္ဆာန်ဖြစ်တဲ့"ချောကလက်"တောင်ဒီလိုဆိုတော့ ကျွန်မတို့ရဲ့အမေတွေဆိုရင် အတိုင်းထက်အလွန်ပေါ့။ မိခင်မေတ္တာဆိုတာ အင်မတန်    ကြီးမားပါတယ်။ ကိုယ့်သားသမီးကိုထွေးပိုက်ပြီး မိခင်နို့တိုက်ရတာကို အင်မတန်ပီတိဖြစ်ပါတယ်။ကလေးငိုပြီဆိုရင် အမေက ချက်ချင်းထပြီးနို့တိုက်လိုက်တာပဲ။ နေ့နေ့ညည ဒီအတိုင်းပါပဲ။ အမေတွေက ဘယ်လိုပဲ အိပ်ရေးပျက်ပျက် ကိုယ့်အတွက် ဘယ်တော့မှမစဉ်းစားဘူး။ ကိုယ့်သားသမီး မိခင်နို့ဝဖို့ပဲ စိတ်ထဲမှာရှိတယ်လေ။

အမေတို့ကိုယ်ဝန်စရှိတဲ့အချိန်မှာကတည်းက မိခင်နို့စပြီးအရည်တည်ပါတယ်။ တဖြည်းဖြည်းကိုယ်ဝန်လရင့်လာ တာနဲ့အမျှ အမေတို့ရဲ့သားမြတ်တွေကလည်း ကြီးကြီးလာပြီး နို့ရည်ဖွဲ့မှုလည်း ပိုလာတာပေါ့။ အမေ့ဗိုက်ထဲက ထွက်ထွက်ချင်းနို့တိုက်နိုင်အောင်၊နို့စို့နိုင်အောင် ဇီဝကမ္မပြောင်းလဲမှုတွေဖြစ် လာတာလေ။ ကလေးစစချင်းနို့စို့လိုက်ရင်နို့ပိုထွက်လာတာပေါ့။ ဟော်မုန်းဓာတ်ပြောင်းလဲမှုတွေကလည်း နို့ရည်တိုက်ကျွေးမှု
အဆင်သင့်ဖြစ်အောင် ၀ိုင်းဝန်းကူညီကြပါတယ်။ အမေရဲ့စိတ်ပိုင်းဆိုင်ရာလည်းပါတာပေါ့။

အမေရဲ့နို့ရည်ဟာ ကလေးကို ရောဂါအတော်များများက ကာကွယ်ပေးပါတယ်။အမေရဲ့နို့ရည်ထဲမှာ ရယ်ဒီမိတ်လက်နက်တွေပါတယ်လေ။ ရယ်ဒီမိတ်လက်နက်တွေကလည်း အမေဘ၀မှာ တိုက်ခိုက်ကြုံတွေ့ခဲ့တဲ့ ရန်သူတွေကိုတုံ့ပြန်ရင်း ဖြစ်လာတာလေ။ တစ်နည်းအားဖြင့် အမေဘ၀နဲ့ ရင်းထားရတာတွေပေါ့။ အဲဒါအပြင် အမေနို့ရည်က အချိုဓာတ်ပါတယ်လေ။ အသားဓာတ်၊ အဆီဓာတ်လည်းပါတာပေါ့။ဒီနေရာမှာ နွားနို့နဲ့နှိုင်းယှဉ်မယ်ဆိုရင်နွားနို့မှာ အဆီဓာတ်ပိုများပါတယ်။ အမေနို့လိုမကောင်းဘူးပေါ့။ အသားဓာတ်ပါဝင်မှုလည်း နွားနို့မှာရှိပေမယ့် ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။ ဘယ်နေရာမှာမှ အမေ နို့ရည်နဲ့ယှဉ်လို့မရပါဘူး ။

အမေနို့တိုက်ခြင်းဖြင့် မိခင်အပေါ်မှာေ ကာင်းတဲ့အချက်တွေ အတော်များများရှိပါတယ်။နို့တိုက်မိခင်ဟာ အ၀လွန်ရောဂါဖြစ်နိုင်ခြေနည်းပါတယ်။ သူ့ဆီက အချိုဓာတ်၊အဆီဓာတ်၊ အသားဓာတ်၊ အရည်ဓာတ်တွေ ကလေးဆီရောက်သွားတာကိုး။ ကိုယ်အလေးချိန်ထိန်းပြီးသား တစ်နည်းအားဖြင့်ဘီအမ်အိုင်ထိန်းပြီးသားဖြစ်တာပေါ့။ ဒါ့အပြင်အမေရဲ့သွေးထဲမှာ ကိုလက်စထရောလည်းကျစေတယ်လေ။ သကြားဓာတ်လည်းလျော့သွားတော့ကောင်းတာပေါ့။ အမေရဲ့သွေးပေါင်ကိုလည်းလျော့စေတော့ သွေးတိုးမဖြစ်ဘူးပေါ့။ ကလေးနို့စို့တိုင်း အမေရဲ့သားအိမ်လည်းလိုက်ပြီးကျုံ့တော့၊ သားအိမ်လည်း ပုံမှန်အရွယ်အစားဖြစ်သွားတော့ ကောင်းပြန်ရောပေါ့။ အခုပြောတာတွေက အမေနို့တိုက်သူတွေမှာ နို့တိုက်စဉ်အချိန်အတွင်း ရနေ တဲ့ကောင်းကျိုးတွေ ဖြစ်ပါတယ်။လူအတော်များများလည်းသိပြီးသားပါ။

ဒါပေမဲ့ ဒီအမေတွေရေရှည်မှာ ဘယ်လိုအကျိုးရှိတယ်ဆိုတာ ယခင်ကအတိအကျမသိသေးပါ။ အဲဒါကြောင့် အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပီကင်းတက္ကသိုလ်မှာ မိခင်များနို့တိုက်ပြီး ရေရှည်မှာဘယ်လိုကွားခြားသလဲဆိုတာ သူတို့နဲ့အသက်အရွယ်တူ မိခင်နို့မတိုက်သူများနဲ့ လေ့လာခဲ့ပါတယ်။ ဒီသုတေသနမှာ မိခင်ပေါင်းသုံးသိန်းနီးပါးပါဝင်ပြီးပျမ်းမျှအသက်မှာ ၅၁ နှစ်ဖြစ်ပါတယ်။ သူတို့ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်၊ နို့တိုက်ချိန်၊ကိုယ်လက်လှုပ်ရှားမှုစသည် တို့ကို အသေးစိတ် ကြည့်ပါတယ်။ ယခင်ကတည်းကနှလုံးရောဂါဝေဒနာရှင်များ ဤသုတေသနမှာ မပါဝင်ပါ။ အချိန်ကာလရှစ်နှစ်စောင့်ကြည့်လေ့လာခဲ့ပါတယ်။ဆေးလိပ်သောက်
သုံးခြင်း၊ သွေးပေါင်ချိန်၊ ကိုယ်အလေးချိန်၊ဆီးချိုရောဂါ၊ ကိုယ်လက်လှုပ်ရှားမှုစသည့်အချက်များကိုလည်း ထည့်သွင်းလေ့လာခဲ့တယ်။ အဲဒီမိခင်သုံးသိန်းအနက် နှစ်သောင်းနီးပါးဟာ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊ နှစ်သောင်းကျော်ကျော်ဟာ လေဖြတ်ရောဂါဖြစ်သူများဖြစ်ကြောင်း တွေ့ရပါတယ်။ဒီနှလုံးရောဂါရှိသူအမေများ၊ လေဖြတ်ရောဂါရှိသူအမေများရဲ့ သူတို့ရဲ့ကလေးတွေကိုမိခင်နို့တိုက်ကျွေးမှု ရာဇ၀င်အသေးစိတ်ကိုဤရောဂါကင်းသူ အမေများနှင့်နှိုင်းယှဉ်ပြီးအသေးစိတ်လေ့လာကြည့်ပါတယ်။

ဒီသုတေသနက အတည်ပြုလိုက်တာကတော့ မိခင်နို့တိုက်သူများသည် တစ်ခါမှမိခင်နို့မတိုက်သူများနှင့်ယှဉ်သော် နှလုံးရောဂါဖြစ်နိုင်ခြေနှင့်လေဖြတ်ရောဂါဖြစ်နိုင်ခြေနှုန်းသည် ၁၀ ရာခိုင်နှုန်းလျော့နည်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေနို့တိုက်ချိန် ခြောက်လထက်ပိုပြီးကြာလာလေလေ နှလုံးရောဂါဖြစ်နှုန်းနှင့် လေဖြတ်နှုန်း ၄ ရာခိုင်နှုန်းပိုလျော့လေလေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အမေနို့တိုက်သောအချိန်ကာလနှစ်နှစ်ထက်ပိုပါက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် လေဖြတ်ရောဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းနီးပါး လျော့နည်းသွားကြောင်း တွေ့ရှိရပါတယ်။

ဒါဟာနို့တိုက်တဲ့ "အမေတို့ကို ဘုရားပေးတဲ့ဆု" မဟုတ်ပါလား။ သုတေသီတို့ကအမေနို့တိုက်ခြင်းဟာ    ဘယ်လိုလုပ်ပြီးနှလုံးရောဂါ၊ လေဖြတ်ရောဂါဖြစ်နှုန်းလျော့ကျရတာလည်းဆိုတာ ရှာဖွေကြဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် အမေနို့တိုက်တာဟာ အကျိုးရှိတာပါပဲ။ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်တွေ ပုံမှန်ပြန်ဖြစ်တာ မြန်သွားလို့လားဆိုတာ စဉ်းစားကြဆဲပါတဲ့။

ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ အမေတွေအားလုံး ၀လာတာလေ။ မိမိဗိုက်ထဲကကလေးအတွက် အင်နာဂျီစွမ်းအင်ရှိလို့အဆီတွေကို ဂိုဒေါင်သဖွယ်စုဆောင်းထားတာပေါ့။ အမေနို့တိုက်လိုက်တော့ ဒီဂိုဒေါင်
ထဲက အဆီကို ဖယ်တာမြန်သွားလို့လားဟုထင်မြင်ချက်ပေးကြပါတယ်။ အဆီဆိုတာသွေးကြောပိတ်တာတွေရဲ့ အဓိကတရားခံမို့လား။

ဤအောက်စဖို့ဒ်နှင့် ပီကင်းကောလိပ်သုတေသီအဖွဲ့များ၏တွေ့ရှိချက်သည် အမေရိကန်သူနာပြု သုတေသီအဖွဲ့၏ တွေ့ရှိမှုနှင့်တူနေကြောင်း တရုတ်ကျန်းမာရေးသတင်းဌာနက ဇွန်လနောက်ဆုံးပတ်သတင်းတွင် ဖော်ပြခဲ့ပါတယ်။

ကျွန်မတို့ရဲ့အမေတွေ မိခင်နို့တိုက်တာကိုယ့်ကလေးကိုအဆာပြေစေဖို့၊ ဗိုက်ဝစေဖို့၊အာဟာရပြည့်စေဖို့ဆိုတဲ့ အမေစိတ်တစ်ခုပဲလေ။ အမေတို့အတွက်ဘာများ မျှော်လင့်ခဲ့လို့လဲ။ အဲဒါကြောင့် အမေတို့ကို ဘုရားကဆုပေးတာဖြစ်မှာပေါ့။ မိခင်များအားလုံး မဖြစ်ဖြစ်တဲ့နည်းနဲ့ အမေနို့ကိုတိုက်ကြပါလို့အကြံပြုလိုပါတယ်။ မိခင်များအားလုံးအသက်ကြီးလာတဲ့အခါ နှလုံးလည်း ကောင်းကောင်း၊ လေဖြတ်ခြင်းလည်းကင်းသော၊ကျန်းမာသန်စွမ်းသော အမေကြီးများဖြစ်ကြပါစေ။ ။

ပါမောက္ခဒေါက်တာခင်ဖြူပြာ
မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ