ဒိန်ချဉ်ဆို ကြိုက်မှကြိုက်
အိန္ဒိယအစားအစာလို့  လူသိများတဲ့ ဒိန်ချဉ်ကို အိန္ဒိယလူမျိုးသာမက ၊ လူမျိုးဘာသာမရွေး ၊ ကျားမ မရွေး နှစ်သက်စွဲလန်းနေကြပါ တယ် ။ ထိုစာရင်းထဲတွင် ကျွန်မလည်းထိပ်ဆုံးကတစ်ယောက်အဖြစ် ပါကောင်းပါနိုင်ပါလိမ့်မယ် ။ မိမိကိုယ်ကို ပြန်လည်စမ်းစစ် ကြည့်တဲ့အခါ ၊ ရန်ကုန်မြို့ ရှိ ကျွန်မ ရောက်ဖူးခဲ့သမျှ နံမည်ကြီးဆိုင်များရော ၊ ဆိုင်သေးသေးလေးတွေမှာပါ ဒိန်ချဉ် မသောက်ဖူးတဲ့ ဆိုင်ရယ်လို့  မရှိသလောက်ပါဘဲ ။ နောက်ပြီး ကျွန်မအလည်ရောက်ခဲ့သမျှ မြို့ များမှာလည်း ဒိန်ချဉ်သောက်ခဲ့ တာ ချည်းပါဘဲ ။ ဒါနဲ့ တောင်အားမရသေးလို့  စတိုးဆိုင်ကြီးများက ရယ်ဒီမိတ် ပလပ်စတစ်ဗူး ၀ယ်သောက်လေ့ရှိပါတယ် ။ ဒိန်ချဉ်ကို မတူညီသော လက်ရာအမျိုးမျိုးနှင့် မိတ်ဆက်ဖူးတဲ့ ကျွန်မအတွက်တော့၊ မိမိမျက်စေ့ရှေ့ ခွက်ရောက်လာသည်နှင့် အရသာကိုကြိုတင်မှန်းဆ တတ်နေပါပြီ ။ ဒိန်ချဉ်အသားပျစ်ပျစ်ခဲခဲကြီးထက်၊ အမြှုံ့ ထပြီး မလိုင်ဖတ်အနည်းငယ် ရောနေသောအရသာကတော့ ကျွန်မ အကြိုက်ဆုံးပါဘဲရှင် ။ နွားနို့ /ကျွဲနို့ /ဆိတ်နို့ /ပဲနို့ တို့ ဖြင့် ဒိန်ချဉ်ပြုလုပ်နိုင်ပြီး၊ မြန်မာပြည်မှာတော့ နွားနို့ နှင့် ကျွဲနို့ တို့ ဖြင့် ဒိန်ချဉ်လုပ် လေ့ရှိပါတယ် ။ နွားနို့ ဒိန်ချဉ်က အရောင်ဝါတာတာဖြစ်ပြီး ၊ အသားလဲပျော့ပါတယ် ။ ကျွဲနို့ ဒိန်ချဉ်ကတော့ ဖြူဖွေးကာ၊ အတန်ငယ် အသားတောင့်တင်းပါတယ် ။ အထူးသဖြင့် ရန်ကုန်မြို့ ရှိ အိန္ဒိယဒိန်ချဉ်ဆိုင်များက ကျွဲနို့ ကိုအသုံးပြုလေ့ရှိပါတယ် ။
ဆေးပညာရှုထောင့်အရ လေ့လာကြည့်တဲ့အခါ၊ နို့ ထွက်ပစ္စည်းတစ်ခုဖြစ်တဲ့ ဒိန်ချဉ်ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝနေ တဲ့ပြင်၊ Probiotic (ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေ ပါရှိလို့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေကြောင်း  ၊ ခန္ဓကိုယ် အတွက် မကောင်းသော LDL ကိုလက်စထရောကိုကျစေပြီး ၊ ကောင်းသော HDL ကိုလက်စထရောကို မြှင့်တင်ပေးကြောင်း၊ အဆီိကျ ဗိုက်ချပ်စေကြောင်း ၊ လည်ချောင်းနာ သက်သာစေကြောင်း ၊ တစ်ပတ်မှာအနည်းဆုံး ဒိန်ချဉ် လေး ကြိမ်သောက်ခြင်းသည် သွားပိုးစားနိုင်ခြေကို ၂၅ ရာခိုင်နှုန်းလျော့ကျစေပြီး ၊ သွားဖုံး နှင့် သွားများ ကျန်းမာစေကာ ခံတွင်းရနံ့ ဆိုးတွေ ပြေပျောက်စေ ကြောင်း ၊ ညဘက်နှစ်ခြိုက်စွာ အိပ်ပျော် စေကြောင်း ၊ ဒိန်ချဉ်ကိုငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲသောက်သုံးသူဟာ သွေးတိုးရောဂါ မဖြစ်စေကြောင်း၊ သက်ကြီး ပိုင်းတွင် ဖြစ်တတ်တဲ့ အရိုးပါး နှင့် အရိုးပွရောဂါ မဖြစ်စေကြောင်း စသည်ဖြင့် WHFoods မှ အတည်ပြု ထားပါတယ် ။
ဒါ့ပြင် အဟာရပြတ်တဲ့ ရောဂါမှာ ဒိန်ချဉ်က နံပါတ်တစ် အကောင်းဆုံး ဆေးတစ်ပါးပါပဲ။ စားချင်သောက်ချင်စိတ် မရှိတာကြောင့် မစားမသောက်ပဲ နေရာကနေ အစာအိမ်ကျဉ်းကျူံ့ ကာ ၊ အစာအိမ် နာကျင်လာပြီး စားလို့ လည်းမရဖြစ်၍ မစားမသောက်ပဲနေ တာကြောင့် အဟာရပြတ်လပ် သွားတဲ့  ရောဂါဝေဒနာရှင်ကို ဒိန်ချဉ် တိုက်ကျွေးပေးခြင်းအားဖြင့် အစာအိမ နှင့် အူသိမ်အူမတွေပါ
ကောင်းစွာအလုပ်လုပ်လာပြီး ပြန်လည်ကျန်းမာ နေကောင်းသွားစေနိုင်ပါတယ် ။ စတင်နေကောင်းစပြုလာတာနဲ့  သာမာန်လူ ဒိန်ချဉ် တစ်ခွက်သောက်ရင် ဝေဒနာရှင်က လေးငါးခွက်မ ကသောက်နိုင်ပါတယ်။ သောက်နိုင်သလောက် သောက်ပါစေ ။
ဆီးဝမ်းများများသွားခြင်း မရှိသေးပါဘူး။ ရက်ရှည်လများ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက် ပြည့်မှီအောင် စုပ်ယူမှုအားကောင်း ကောင်းနဲ့ ခန္ဓာကိုယ်က အလုပ်လုပ် နေတာကြောင့် ဖြစ်ပါတယ် ။ နောက်ပိုင်းမကြာမီ ရောဂါသက်သာသွားတာနဲ့ သူ့ အလိုလိုပုံမှန် လောက်သာ သောက်သုံးသွားပါလိမ့်မယ်။ ဆေးနည်းမသိရင် အဟာရပြတ်တဲ့ ရောဂါ တော်ရုံ တန်ရုံ ကုသရဖို့  မလွယ်ကူပါဘူး။
ဒိန်ချဉ်တစ်မျိုးသာလျှင် အာဟာရပြတ်တဲ့ ရောဂါမှာ ဘာဆေးမှမလိုပဲ ကုသပေးနိုင်တဲ့  အကောင်းဆုံး ဆေးတစ်ပါးလို့ ညွှန်းဆို လိုက် ချင်ပါတယ်။
စင်ကာပူနိုင်ငံ၊ ဂျန်ဂီ အထွေထွေရောဂါကုဆေးရုံကြီးမှ အာဟာရ ဗေဒပညာရှင်အကြီးအကဲ Mrs Magdalin Cheong ကလည်း ဒိန်ချဉ်ဟာ ကယ်လ်စီယမ် ဖြည့်စွက်စာဖြစ်လို့  အရိုးအားကောင်းစေပြီး ကြီးထွားဖွံ့ ဖြိုးဆဲ ကလေး များကို အဆီမထုတ်တဲ့ ဒိန်ချဉ်ကျွေးသင့်ကြောင်း၊ နို့ တိုက်မိခင်များကတော့ အဆီနည်းတဲ့ ဒိန်ချဉ်သောက်သင့်ကြောင်း အကြံပြု ထားပါတယ်။ ဒါ့ပြင် အိန္ဒိယဆေးကျမ်းများတွင် ဒိန်ချဉ်ဟာ “သက်ရှည်ကျန်းမာ” စေတယ်လို့  ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်လည်း စား ကြပါ၊ ကလေးများ၊ ဖေဖေ မေမေ နှင့် ဘိုးဘိုး ဘွားဘွားတို့ ကိုလည်းကျွေးကြ ပါနော်။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်ဆိုရင်တော့ ကျန်းမာရေးတွက် အကောင်းဆုံးပေါ့ရှင်။
ဒိန်ချဉ်လုပ်နည်း။
အမှန်တကယ်ဝန်ခံရရင် ဒီနေ့ ထိ ကျွန်မတခါမျှအိမ်မှာ ဒိန်ချဉ်လုပ်မစားဖူးသေးပါဘူး။ ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့  ရနေလို့ ပါဘဲ။ ဒိန်ချဉ်ကြိုက်တဲ့ကျွန်မ ဆိုင်ထိုင်သောက်ရင်း၊ ဒိန်ချဉ်လုပ်နည်းလေးတွေကို စပ်စုကြည့်တဲ့ အခါ၊ (၄)နည်းလောက် သိခဲ့ရပါတယ်။
1. နွားနို့ကိုအတန်ငယ်ပျစ်အောင်ကျို၍အအေးခံထားပြီး၊ အဝကျယ်မြေအိုး သန့်သန့် တစ်လုံး ထဲထည့်၍ တဆေး (yeast) အနည်းငယ်ထညြ့်ပီးတဲ့အခါမှာတော့၊ ၁၂ နာရီမှ ၂၄ နာရီအတွင်း ဒိန်ချဉ်အဖြစ် စားသုံးနိုင်ပါပြီ။
2. ဒိန်ချဉ်နှစ်ဇွန်းခန့်ကို မြေအိုးထဲထည့်ပြီး၊ ကျိုချက်အအေးခံထားတဲ့ နွားနို့ကိုလောင်းထည့်ပေးရုံပါဘဲ။ နံက် ပိုင်းပြုလုပ်ရင် ညနေ ပိုင်းမှာ ဒိန်ချဉ်ဖြစ်သွားပါပြီ။
3. ဈေးကွက်မှာရောင်းချနေသော ဒိန်ချဉ်ဖောက်သည့်လျှပ်စစ်အိုးကို ဝယ်ယူ၍ ၎င်းအိုးထဲတွင် ကျိုချက်အအေးခံထားသော နွားနို့ကိုထည့်ပြီး၊ မီးခလုတ်ဖွင့်ကာ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ဖြင့် ၁၂နာရီခန့်ကြာအောင် ဒိန်ချဉ် လုပ်ပေးနိုင်ပါတယ်။
4. နွားနို့ဆူဆူကို ဒိန်ချဉ်လုပ်မယ့် မြေအိုး (သို့ မဟုတ်) ခွက်လေးထဲ လောင်းထည့်ပြီး အအေးခံထားပါ။ ခပ်နွေးနွေး အနေ အထားတွင် အဲ့ဒီနို့ထဲကို သံပုရာရည်နှစ်စက်လောက်ထည့်ပေးလိုက်ပါက၊ ၆ နာရီအကြာမှာ ဒိန်ချဉ်ရပါပြီ။ ဒိန်ချဉ်ကို ဆားနဲနဲခတ်ကာ၊ မိမိနှစ်သက်သလို ထန်းလျက်ရည်၊ သကြား၊ ပျားရည်တို့ ဖြင့်စားနိုင်ပါတယ်။
စာဖတ် ချစ်ပရိတ်သတ်များကို လှို့ ဝှက်ချက်လေးတစ်ခု ပြောချင်တာကတော့ ၊ မလိုင်ထူထူနဲ့  ဒိန်ချဉ်စားချင်ရင် ဥပမာ နွားနို့ တစ်လီတာကို မီးအားပြင်းပြင်း နဲ့ ပွက်ပွက်ဆူအောင်ကျိုပြီး ၊ နောက်ထပ် နွားနို့အစိမ်းတစ်လီတာကို ထပ်ဖြည့်ကာ ပွက်ပွက်ဆူ အောင် ထပ်ကျိုပေးတဲ့နည်းလေးပါဘဲ ။ ဒိန်ချဉ်လုပ်တဲ့အခါ အထူးသန့် ရှင်းမှသာ အရသာပြည့်မှီတဲ့ ဒိန်ချဉ်ကိုရမှာမို့  ၊ ဒိန်ချဉ် တည်မယ့် အိုး ၊ အ၀ကျယ်ပုလင်း ၊ ဖန်ပန်းကန်စတာတွေကို သန့်စင်အောင်ရေနွေးနဲ့ပြုတ်ပြီးဆေးပေးရပါမယ် ။ စားမကုန်တဲ့ ဒိန်ချဉ်ကို အဖုံးလုံအောင်ထားပြီး ၊ ရေခဲ သေတ္တာထဲ ၃-ရက် လောက်သိမ်းထားလို့ ရပါတယ် ။ ၃-ရက်ထက်ကျော်ရင်တော့ စားလို့  ရသေးပေမယ့်၊ ကျန်းမာရေး အာနိသင် တော့ ပျက်ပြယ် သလောက် ရှိသွားပြီပေါ့ရှင် ။
သစ်သီးဒိန်ချဉ်။
ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင်များတွင် နိုင်ငံခြားစတိုင်လ်အဖြစ် ၊ ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ်၊ ဖရဲ၊ သင်္ဘော၊ ဌက်ပျော၊ ဘယ်ရီသီး တို့ ကို ဒိန်ချဉ်ဖြင့် တခါတည်းထဲ့မဖျော်ဘဲ ထိုသစ်သီးများကို ဒိန်ချဉ် ခွက်လေးထဲနှစ်တို့  စားရန်ဧည့်ခံလေ့ရှိပါတယ် ။ ကျွန်မကတော့ အဲဒီလိုသစ်သီးများဖြင့်တို့ စာခြင်းထက် ၊ တခါတည်းရောဖျော်သောက်ရတာကို ပိုနှစ် သက်ပါတယ် ။ အခုလို ပူ့ပြင်းသောနွေဦးရာသီမှာ စတော်ဘယ်ရီ ဒိန်ချဉ်ဖျော်ရည်သောက်လိုက်ရရင် အမောပြေလန်းဆန်း သွားသလို ၊ ထောပတ်သီး ဒိန်ချဉ် ဖျော်ရည်လေးကိုတော့ ချိုချဉ်ဆိမ့်အရသာမို့  မကြာခဏသောက်ဖြစ်ပါတယ် ။ ယနေ့ အိန္ဒိယနိုင်ငံမှာ ခေတ်စားနေတဲ့ Tarator လို့ အမည်ရတဲ့ လွယ်ကူမြန်ဆန် ဒိန်ချဉ်ရနံ့ စုံဖျော်ရည် တစ်မျိုးနဲ့  မိတ်ဆက်ပေးပါရစေ ။ ဇလုံကြီး ကြီးတစ်ခုထဲမှာ ကြိတ်ချေထားတဲ့ လေးညှင်းပွင့် ၊ ဒိန်ချဉ် ၊ နုပ်နုပ်စဉ်းထားတဲ့သခွားသီး /သစ်ကြားသီး /စမုံစပါး တို့ နှင့် အတူ ရေကို လိုသလောက် ထဲ့ကာ ၊ အရသာအတွက် ဆားနဲနဲခတ်၍ နေကြာဆီ သင့်ရုံရောထားပါတယ် ။ အဲဒီအရောအနှောများကို ရေခဲသေတ္တာထဲ အနည်း ဆုံး ၂နာရီကြာမျှ အေးခဲထားပြီးစားခြင်းဖြစ်ပါတယ် ။ ရနံ့စုံဖျော်ရည်လေးကတော့ ပူရှရှ၊ ရှိန်းမြမြဖြင့် အလွန် အရသာရှိပါတယ် ။
ဒိန်ချဉ်အချိုပွဲလေးများ။
ဒိန်ချဉ်မလိုင်နဲ့  လုပ်ထားတဲ့ ရေခဲမုန့် ၊ ရေခဲချောင်း ၊ ဂျလ်လီ ၊ ချိစ် ၊ ချောကလက် ၊ ကိတ် ၊ ကွတ်ကီးစ် ၊ ကျောက်ကျော ၊ ပူတင်း စသည့် သွားရေစာမုန့် များကလည်း အရသာတစ်မျိုးဖြင့် စွဲမက်စရာပါ ။ ဒိန်ချဉ်ကျောက်ကျောကတော့ လုပ်ရတာ အင်မတန် လွယ်ကူလို့ မကြာခဏလုပ်စားဖြစ်ပါတယ် ။ ဆွစ်ဇာလန်ပြန် မိတ်ဆွေတစ်ယောက်က ဂျယ်လီမှုန့် ထုပ် လက်ဆောင်ပေးလို့  ၊ အိမ်မှာ လက်စွမ်းပြကြည့်ပါတယ် ။ အထုပ်ပေါ်ရှိအညွှန်းလေးအတိုင်း ၊ ဇလုံတစ်ခုထဲမှာ ဂျယ်လီမှုန့် ကို ၊ လိမ္မော်ရည်ထဲ စိမ့်ဝင် နေအောင်စိမ်ထားပြီး၊ ခဏကြာတဲ့အခါ ဒိန်ချဉ်နဲ့ အတူနွားနို့ မလိုင်ဖတ်ရောထဲ့ကာ သမအောင်မွှေပြီး၊ အခွံ နွှာသန့် စင်၍ တကိုက်စာစီဖဲ့ထားတဲ့ လိမ္မော်သီးအဖတ်တုံးကလေးတွေ ထည့်ပါတယ်။ အဲဒီအရောအနှောတွေကို ဖန်ခွက်လေးတွေ ထဲပြောင်း ထဲ့ပြီး ရေခဲသေတ္တာထဲမှာ ဂျယ်လီသားမာတင်းလာတဲ့အထိ အေးခဲထားခြင်းပါဘဲ ။ (အထုပ်ညွှန်း ပေါ်မှာတော့ မီးအေး အေးပေါ် မှာ ဘဘာဝလိမ္မော်ရည်စစ်စစ်ကို သကြားထဲ့ကြိုခိုင်းပေမယ့် ကျွန်မကတော့ အလွယ်တကူ Queen လိမ္မော်ရည်ကို သုံးလိုက်ပါ တယ်။ သူ့ အညွှန်းထဲမှာ လိမ္မော်သီးအစား ၊ grape fruit သီးကို သုံးနိုင်ပါတယ်တဲ့ ) လိမ္မော်ဒိန်ချဉ် ဂျယ်လီလေးကတော့ အရသာ ချိုချဉ်မွှေးလေးမို့ ခံတွင်းရှင်းစေပါတယ် ။ စူပါမားကတ်ဆိုင်တွေမှာလည်း စပျစ်/လိမ္မော်/စတော်ဘယ်ရီရနံ့  ရယ်ဒီမိတ် ဂျယ်လီ အမှုန့် ထုတ်လေးတွေ အလွယ်တကူရရှိနိုင်လို့ ၊ ရုံးပိတ်ရက် အပျင်းပြေလုပ်စားကြည့်ကြပါဦးနော် ။
ဒိန်ချဉ်ဟင်းလျာများ။
ဒိန်ချဉ်ထဲရှိ လက်တစ်အက်ဆစ်အစွမ်းက၊ အမဲ၊ ဆိတ်၊ သိုး၊ ဆတ်၊ ဂျီသားတို့လို အမျှင်ကြီိးသော အသားများကို အလွယ်တကူ နူးအိစေတဲ့ အစွမ်းရှိလို့ ၊ ဒန်ပေါက် /ထောပတ်ထမင်းဆိုင်တွေမှာ အသားဟင်းလျာများကို မချက်ပြုတ်ခင် အသားထဲကို စိမ့်ဝင် နေအောင် ဒိန်ချဉ်ဖြင့် ကြိုနယ် ဖတ်ထားလေ့ ရှိတာကို အားလုံးလည်းသိနှင့်ပြီးသာဖြစ်ကြမှာပါ ။
(၁) သူငယ်ချင်း အိမ်အလည်တခေါက်ရောက်ရင်း ထမင်းဝိုင်းနှင့်တန်းတိုးသဖြင့် ၊ ဆိတ်သားနှပ် ဆီပြန်ဟင်းစားကြည့်ပါ တိုက် တွန်းတာကြောင့် ၊ အသား တစ်ဖတ်ဆယ် ယူမြည်းကြည့်တဲ့အခါ ၊ အင်မတန်နူးအိလို့ စားကောင်းလှပါတယ် ။ အိမ်ကလက်ရာနဲ့ မတူ၍ ချက်နည်းကိုမေးကြည့်ရာ သူငယ်ချင်းမေမေက မချက်ခင်အသားကို ၁ နာရီလောက်ကြို၍ ဒိန်ချဉ် ၊ နနွင်း ၊ ဂျင်း ၊ ကြက်သားမှုန့်  တို့ ဖြင့် ကြိုတင်၍ နယ်ဖတ်ထားကြောင်း ၊ Pressure cooker အိုးထဲတွင် ထောပတ်ကို အပူပေးအရည်ပျော် စေကာ ကြက်သွန်နီ-ဖြူ၊ ဒိန်ချဉ်အနည်းငယ် ၊ ဖာလာစေ့ ၊ မဆလာ ၊ အရောင်တင်ဟင်းခတ်မှုန့် ၊ ကရဝေးရွက်တို့  ဆီသတ် ကြောင်း ၊ ရနံ့မွှေးတက်လာသည်နှင့်တပြိုင်နက် ဒိန်ချဉ် ဖြင့်နယ်ထားတဲ့ အသားများကို ထဲ့လုံးကြောင်း ၊ ၁၀ မိနစ်ခန့်လုံးပြီး အသားမြုပ်သည် အထိ ရေထဲ့ကာ မီးအနေတော်ဖြင့် နာရီဝက်ခန့်ချက်ရကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြပါတယ် ။ မဆလာနံ့  တသင်းသင်း ဆိတ်သားနှပ်ဆီပြန်လေးက ဒိန်ချဉ်အစွမ်းကြောင့် နဲနဲပိုဆိမ့်သလို ခံစားရပြီး ၊ ပျော့အိနေတာမျိုးမဟုတ်ဘဲ အမဲသားရဲ့  အသားအမျှင်လေးတွေကိုသွားနဲ့ ဆွဲဖဲ့ရာမှာ ပျော့ပျောင်းနူး ညံ့တဲ့ ဖီလင်လေးကတော့ ချက်စားကြည့်မှသိရမှာပါ ။
(၂) ကြက်-ဘဲ-ဘဲငန်း အသည်းအမြစ် ဟင်းလျာများ ချက်တဲ့အခါမှာ သဘာဝအရ အသည်းက အနူးမြန်သလို ၊ အမြစ်က တော် တော်နှင့် မနူးနိုင်တဲ့အတွက် ၊ ဦးစွာအမြစ်ကိုထဲ့ဆီသတ်၍ တစ်ရေခမ်းပြီးမှသာ အသည်းကို ထဲ့ချက်ရလေ့ ရှိပါတယ် ။ အကယ်၍ အမြစ်ကို ဦးစွာဒိန်ချဉ်ဖြင့် စိမ်နှပ် ထားရင်တော့ ၊ အသည်းနဲ့ အမြစ်ကို ခွဲချက်စရာ မလိုတော့ဘဲ အချိန်ကုန်သက်သာ ၊ အရသာ လည်း ထူးစေမှာအမှန်ပါ ။
(၃)ကျွန်မတို့ ငယ်စဉ်က ဖေဖေ အလုပ်တာ ၀န်ဖြင့် ကချင်ပြည်နယ် ၊ ကသာခရိုင်တွင်နေခဲ့ဖူးပါတယ် ။ မြန်မာပြည်မှာ ငမြင်းရှားပါး ပေမယ့် ၊ အဲဒီဒေသမှာတော့ ငါးမြင်းကို အများဆုံးတွေ့ ရပါတယ် ။ အသားများကာ ဆူဖြိုးသော ငမြင်းကိုအအီပြေစေရန် အဘွား က ဒိန်ချဉ်ဖြင့် ဆီပြန်ချက်ကျွေးလေ့ ရှိပါတယ် ။ ငမြင်းသားများကို အနေတော်အတုံးများတုံး၍ ဆား၊ နနွင်းနယ်ကာ အပေါ်ယံ တင်းအောင်ကြော်ပါတယ် ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနှင့် ဟင်းခတ်မွှေးကြိုင်များကို ဆီသတ်ကာ ၊ ဒိန်ချဉ်ထဲ့၍ ဆူလာတဲ့ အထိ မွှေပေးပြီးနောက် ၊ ငါးကြော်တုံးများ နှင့် ရေသင့်ရုံ ထည့်ပြီး ၁၅ မိနစ်ခန့်ချက်ထားတဲ့  အဘွားရဲ့  ငမြင်းသားဒိန်ချဉ်ဆီပြန် ဟင်းလျာကို ယနေ့ ထိ သတိရနေတုန်းပါဘဲ ။
အကင်/အကြော်။
(၁) မီးဖိုချောင်သုံးဟင်းခတ်မျိုးနွယ်ဝင်ဖြစ်တဲ့ ဒိန်ချဉ်ကို အသားကင်များတွင် ရှာလကာရည်အစား အသုံးပြုနိုင်ပါတယ် ။ ရှာလကာရည်သုံး၍အသားကင်မယ်ဆိုရင်၊ အသားတုံးများကို ရှာလကာရည်နှင့်အတူ အခြားအမွှေးအကြိုင်များဖြစ်တဲ့ ဂျင်းမှုန့် ၊ ကြက်သွန်ဖြူမှုန့် ၊ မဆလာတို့ ဖြင့် တပြိုင်တည်း ရောနယ်လေ့ ရှိသော်လည်း ၊ ဒိန်ချဉ်ကိုသုံးရင်တော့ အသားတုံးကိုရေ စင်စင် ဆေးပြီး ၊ ဒိန်ချဉ်တစ်မျိုးတည်းဖြင့် ဦးစွာသုတ်လိမ်းကာ အသားထဲစိမ့်ဝင်အောင်ဆုပ်နယ်၍ဆယ်မိနစ်ခန့် ကြာမှသာ အခြား အရော အနှောများဖြင့် နယ်သင့်ပါတယ် ။
(၂) အသားကြော်များမှာလည်း ထိုနည်း၎င်းပါဘဲ ။ ဦးစွာဒိန်ချဉ်ဖြင့် ၁၅ မိနစ်လောက် နှပ်ထားပေးခြင်းဖြင့် မအီစေတော့ဘဲ အသားလေးကလဲအရမ်းနူးညံ့ကာ ခံတွင်းထဲတွင်မွမွလေးဖြင့်အရသာရှိလှပါတယ် ။
(၃) အလျဉ်းသင့်လို စာဖတ်ချစ်ပရိတ်သတ်များကို ဥရောပတိုက်နန်းတက်ပွဲတွေမှာ တည်ခင်းလ့ရှိတဲ့ ကြက်သားဟင်း နဲ့  မိတ် ဆက် ပေးချင်ပါတယ် ။ သူတို့ နိုင်ငံမှာတော့ "တော်ဝင်ကြက်သားဆလတ်" လို့ ခေါ်ပါတယ် ။ ဦးစွာ ဇလုံကြီးကြီးတစ်ခုထဲမှာ ဒိန်ချဉ် ၊ လိမ္မော်ရည်တို့ရောထည့်ကာ သမအောင်မွှေ ထားပြီးနောက် ၊ တရုတ်ဆီးသီးခြောက် ၊ ငှက်ပျောသီး၊ စပျစ်သီးစို၊ စပျစ်သီး ခြောက်နဲ့ကြက်သားပြုတ်ကြော် အတုံးလေးတွေကို ထပ်ပေါင်းထဲ့ကာ ၊ အရသာအတွက် ဆား ၊ ဟင်းခတ်အသားမှုန့် တို့  သင့်တင့် ရုံမြည်းပြီး ထည့်ထားပါတယ် ။ အဲဒီအရောနှောတွေကို ဆလတ်ရွက်နဲ့ထုပ်ပြီး၊ သုံးဆောင်ပါတယ်တဲ့ ။ ကြက်သားဟင်း ရွက်ထုပ်လိုလို၊ အသုပ်လိုလို ဒီဟင်းလျာလေးကတော့ ဒိန်ချဉ်အရသာချဉ်ဆိမ့်ဆိမ့် ၊ ဆီမပါ ၊ သစ်သီးစုံနဲ့ မို့  အဆာလဲပြေ ၊ ကျန်းမာရေးနဲ့ ညီညွတ်စေတာပေါ့ရှင် ။
သက်သက်လွတ် ဒိန်ချဉ် အရံဟင်းလျာများ ။
သက်သက်လွတ် စားသော်လဲ အသားလွတ်၍ အသွေးမလွတ်ခြင်းကို အင်္ဂလိပ်လို Lacto–ovo vegetarians ခေါ်ပါတယ်။ ခြေလေးချောင်းသား၊ ခြေနှစ်ချောင်းသား နှင့် ငါးတို့ ကို ရှောင်သော်လည်း၊ ဥအမျိုးမျိုး နဲ့  နို့ ထွက် ပစ္စည်းများကို စားခြင်းဖြစ် ပါတယ်။ lacto ၏ အဓိပ္ပါယ်မှာ နို့ ထွက်ပစ္စည်းများဖြစ်၍၊ ovo ၏ အဓိပ္ပါယ်မှာ ဥ အမျိုးမျိုးတို့ ဖြစ်ပါတယ်။ သက်သက်လွတ် သမား အများစုက ဤနည်းအတိုင်း စားသုံးလေ့ရှိပါတယ် ။
(၁) သက်သက်လွတ်ဟင်းလျာ တစ်မျိုးဖြစ်တဲ့ မြန်မာဆန်ဆန် ခရမ်းသီးမီးဖုတ်သုပ်ကိုတော့ လူတိုင်းစားဖူးကြမှာပါ ။ ဒိန်ချဉ် ခရမ်းသီးမီးဖုတ်သုပ်ကတော့ အသွင်တစ်မျိုးဖြင့် စွဲဆောင်မှုရှိပါတယ် ။ ခရမ်းသီးမီးဖုတ်ကိုအခွံနွှာပြီး ၊ နှမ်းဖြူကိုကြိတ်၍၊ အရသာ မှုန့် ၊ ငရုပ်ကောင်းမှုန့် ၊ ကြက်သွန်ဖြူ၊ သံလွင်ဆီတို့ ဖြင့် သမအောင်ရောနယ်ကာ ၊ ခပ်နွေးနွေးစားသင့်ပါတယ် ။ အနောက်နိုင်ငံ မီနူးများမှာတော့ လဘနွန်ခရမ်းသီးအနှစ် (ခေါ်) Baba Ghanoush ဟုခေါ်ကြပြီး၊ သူတို့ ကတော့ Tahina နှမ်းအနှစ်ကို အသုံး ပြု၍၊ နံပြားနဲ့တို့ စားကြပါတယ်တဲ့ ။
(၂) မုန်လာဥနီကို သေးသေးလေးတွေခြစ် ၊ ဆလတ်ရွက်နဲ့  ကြက်ဥပြုတ်ကို ပါးပါးလှီးကာ ၊ ဒိန်ချဉ်၊ ဆား၊ သကြား နှင့် ရနံ့  အတွက်ကိုတော့ သံပုရာရည်နဲနဲညှစ်၍ တရုပ်နံနံလေးညှပ်ထဲ့ထားတဲ့ ဆလတ်ရွက်သုပ် ကို ကြိုက်လွန်းလို့  မကြာခဏ သုပ်စား ဖြစ်ပါတယ် ။ ချိုချဉ်ဆိမ်အရသာလေးမို့ ခံတွင်းမြက်စေပါတယ် ။ ကျွန်မကတော့ ဆီမကြိုက်လို့  ဒီအသုပ်ထဲမှာ ဆီထဲ့သုပ် လေ့ မရှိပါဘူး ။
(၃) အုန်းထမင်း ၊ ထောပတ်ထမင်း၊ ပူရီ၊ ချပါတီ နဲ့ ကြက်သားပလာတာတို့ အတွက် မရှိမဖြစ် အရန်ဟင်းလျာလေးကတော့ သခွါးသီးချဉ်လေးပါဘဲ ။ ခြစ်ထားသောမုန်လာဥနီ၊ သခွားသီးခြစ်၊ ဒိန်ချဉ်၊ ပူဒီနံ၊ ဆား၊ အရသာမှုန့် တို့ ဖြင့် အစပ်အဟပ် တည့်အောင် စီမံထားတဲ့သခွားသီးချဉ်ထဲကို ငရုပ်သီးစိမ်း ပါးပါးလှီးစားရင်တော့ အအီလည်း ပြေ ၊ ခံတွင်းလဲရှင်းစေတာပေါ့ရှင် ။
++++++++++++++++++++++++++++
မီးဖိုချောင်သုံးဟင်းခတ်အဖြစ် စွယ်စုံရတဲ့ ဒိန်ချဉ်ဟာ အရသာရှိသလို ၊ ကျန်းမာရေးနဲ့  လည်းညီညွတ်တာမို့  မဖြစ်မနေစားကြပါလို့  တိုက်တွန်းလိုပါတယ် ။ ဒါပေမယ့်လိုတာထက်ပိုစားမိရင်ဝမ်းနူးစာဖြစ်စေနိုင်ပါတယ် ။ ၀မ်းနှုတ်ဆေးစားသောနေ့ များမှာ ၊ ဒိန်ချဉ်မ စားလိုက်ပါနဲ့ နော် ။ နောက်ပြီး ၀က်သား၊ ထန်းသီးမုန့်  တို့ ဖြင့် တွဲဖက်၍မစားသင့်ပါဘူး ။ စာဖတ်ချစ်ပရိတ်သတ်များ ဒိန်ချဉ် စားပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
Health Guide
https://www.facebook.com/healthguidemyanmar/
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Sponsors
အနုပညာရှင်နှင့် လူသိများသူများ
အားကစား သတင်များ
နည်းပညာ သတင်းများ
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
သတင်းစာနှင့် ဂျာနယ်များ