သွေးလွန်တုပ်ကွေး ကာကွယ်ရေး အားလုံးပူးပေါင်းပါဝင်ပေး


မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများထဲတွင် ကလေးဦးရေ အများဆုံး ဖြစ်သော်လည်း လက်ရှိအချိန်တွင် အသက်အရွယ်မရွေး လူကြီးလူငယ်မရွေး ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ သို့ဖြစ်၍ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အခြေအနေ၊ ဖြစ်ပွားမှုနှုန်း၊ ကြိုတင် ကာကွယ်သင့်သည့် နည်းလမ်းများနှင့် ပတ်သက်၍ မြဝတီ စာဖတ်ပရိသတ်များသိရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိ ညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါ သည်-

မေး။ ယခုနှစ် မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းကို သိပါရစေ ဆရာ။

ဖြေ။ ဆရာတို့အနေနဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၈ ရက်အထိ (ကူးစက်ရောဂါ စောင့်ကြည့်ရေး ရက်သတ္တ ၂၇ ပတ်ပေါ့) သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၁၇ဝ၆ ဦးရှိပြီးတော့ သေဆုံးတဲ့ ကလေးက ၆၆ ဦး ရှိပါတယ်။

မေး။ သွေးလွန်တုပ်ကွေးရောဂါ ဘယ်အသက်အရွယ်မှာ အဖြစ်များပြီး ဘယ်ဒေသတွေမှာ အဖြစ်များ ပါသလဲဆရာ။

ဖြေ။ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအများဆုံး အသက်အရွယ်က ငါးနှစ်ကနေ ကိုးနှစ်အရွယ်ပါ။ တစ်နှစ်ကနေ လေးနှစ်က ဒုတိယ အများဆုံး ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရန်ကုန် မှာတော့ ၂ဝ၆၄ ဦးဖြစ်ပွားပြီး ငါးဦး သေဆုံးမှုရှိပါတယ်။ ဒုတိယက ဧရာဝတီတိုင်းမှာ ၁၆၅၃ ဦးဖြစ်ပြီး ၁၉ ဦးသေဆုံးပါတယ်။ တတိယ အများဆုံးက ရခိုင်ပြည်နယ်မှာ ၁၄၅ဝ ဦးဖြစ်ပြီး ၁၁ ဦးသေဆုံးမှု ရှိပါတယ်။ လူဦးရေ ၁ဝဝဝ ကျော်ဖြစ်ပွားတဲ့ ဒေသတွေကတော့ မွန်ပြည်နယ်မှာ ၁၁၇၃ ဦး ဖြစ်ပြီး ထူးခြားတာကတော့ သေဆုံးမှုမရှိပါဘူး။ ပဲခူးတိုင်း ဒေသကြီးကလည်း ၁၁ဝ၈ ဦးဖြစ်ပွားပြီး ၁ဝ ဦးသေဆုံးမှုရှိပါ တယ်။ ရန်ကုန်မြို့မှာ ဖြစ်ပွားမှု များတာကတော့ နေထိုင်တဲ့ လူဦးရေနဲ့ နှိုင်းယှဉ်ရင်တော့ များတယ်လို့တော့ ပြောလို့ မရပါဘူး။ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် ဇူလိုင်မှာ အဖြစ်အများဆုံးပါ။

မေး။ သွေးလွန်တုပ်ကွေး ဖြစ်ပွားရတဲ့ အကြောင်းရင်းလေးကို ပြောပြပေးပါ ဆရာ။

ဖြေ။ သွေးလွန်တုပ်ကွေး ဖြစ်ပွားတာက အေးဒီး (Aedes) လို့ခေါ်တဲ့ ခြင်ကျား အကိုက်ခံရလို့ ဖြစ်တာပါ။ ခြင်ကျားက နှစ်မျိုးရှိပါတယ်။ အေးဒီး အေဂျစ်တိုင်း (Aedes Aegypti) လို့ခေါ်တဲ့ မြို့ပြတွေမှာ ရှိတဲ့ခြင်၊ အေးဒီးအယ် ဘိုးပစ်တက် (Aedes Albopictus) လို့ခေါ်တဲ့ နယ်တွေမှာ ရှိတဲ့ခြင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာကမြို့ပြနဲ့ နယ်နဲ့ ရောနေတာများတယ်။ ဒါကြောင့် ခြင်နှစ်မျိုးလုံးကို တွေ့ရတာများတယ်။ ခြင်နှစ်မျိုးလုံးက ဆရာတို့နိုင်ငံ ရာသီဥတုမျိုး နဲ့ဆိုရင် နှစ်ပေါက်အောင် ရှိပါတယ်။ မိုးရွာလာရင်တော့ ခြင်ပေါက်နိုင်တဲ့နေရာ သုံးနေရာရှိတယ်။ လူတွေမသုံးမဖြစ် သုံးဖို့ လှောင်ထားတဲ့ ရေကြည်၊ ရေသန့်မှာပေါက်မယ်။ မိုးရွာလာမယ်။ ဘူးခွံ၊ တာယာ၊ မိုးရေတင်နိုင်မယ့် ပစ္စည်းတွေ ထဲမှာပေါက်မယ်။ နောက်တစ်ခုက သဘာဝအတိုင်း ဖြစ်နေတဲ့ ဝါးရုံလိုနေရာမျိုးမှာ ဝါးခုတ်လို့ကျန်နေတဲ့ ပင်စည်အခေါင်းပေါက်မျိုးက ခြင်ကျားပေါက်ဖို့ အကောင်းဆုံးပဲ။ခြင်သားလောင်းတွေအတွက် နေဖို့နေရာရော စားဖို့အစားအစာပါရတဲ့အတွက် ပေါက်ပွားဖို့များတယ်။ မိုးတွင်းမှာ ပေါက်ပွားမှု များပြားတဲ့အတွက် ဖြစ်ပွားမှုနှုန်းလည်း များပြားတာ ပါ။ သွေးလွန်တုပ်ကွေးက တစ်နှစ်ပတ်လုံး ဖြစ်ပွား မှုနှုန်း ရှိနေပါတယ်။ အနည်းနဲ့အများ ကွာတာပါ။

မေး။ သွေးလွန်တုပ်ကွေး ရောဂါက မိုးရာသီမှာ အဖြစ်များတယ်လို့ သိရပါတယ်။ နွေရာသီနဲ့ ဆောင်းရာသီမှာ ဖြစ်ပွား မှုနှုန်းကိုလည်း သိပါရစေ ဆရာ။

ဖြေ။ ပုံမှန်အားဖြင့်တော့ ဆောင်းတွင်းနဲ့ အရမ်းပူတဲ့ နွေရာသီလို အချိန်မျိုးမှာတော့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု နည်းပါတယ်။ နည်းတယ်ဆိုတာကတော့ မိုးရာသီနဲ့ နှိုင်းယှဉ်ပြီး ပြောတာပေါ့နော်။ သွေးလွန်တုပ်ကွေးကို မြန်မာ နိုင်ငံမှာ ၁၉၇ဝ လောက်ကစပြီး ဖြစ်ပွားတာပါ။ ဟိုးအရင်နှစ်တွေမှာကတော့ နွေနဲ့ဆောင်းရာသီတွေမှာ သွေးလွန်တုပ် ကွေး ဖြစ် ပွားမှုမရှိပါဘူး။ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရတဲ့ လူတစ်ဦးတစ် ယောက်မှ မရှိတာမျိုးပေါ့။ သို့သော်လည်းပဲ အခုနောက်ပိုင်းကျတော့ မြန် မာနိုင်ငံမှာ ဆယ့်နှစ်လရာသီ ကာလပတ်လုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ရှိလာတာ တွေ့ရပါတယ်။ ရာသီအလိုက် ဖြစ်ပွားမှုနှုန်း အနည်းအများတော့ ကွာတာပေါ့။

မေး။ သွေးလွန်တုပ်ကွေး ရောဂါကို အဆင့်သတ်မှတ်ချက် အနေနဲ့ ဘယ်လို သတ်မှတ်ထားပါသလဲ ဆရာ။

ဖြေ။ ဒါကတော့ ကုသရေးပိုင်းနဲ့ ဆက်စပ်နေတာပေါ့။ သွေးလွန်တုပ်ကွေး ရောဂါက နည်းနည်း ကျယ်ပြန့်တယ်။ အတို ချုပ်ပြောရရင် သွေးလွန်တုပ်ကွေး ရောဂါ အဆင့်လေးဆင့် ရှိပါတယ်။ အဆင့်(၁)နဲ့ အဆင့်(၂)က သေဆုံးဖို့ ရာခိုင်နှုန်း နည်းပြီး အဆင့်(၃) နဲ့(၄)က သေဆုံးဖို့ရာခိုင်နှုန်းများတဲ့ အခြေအနေဖြစ်တယ်။ ဒါပေမဲ့ ဘယ်အဆင့်မဆို သွေးလွန်တုပ်ကွေးလို့ သံသယရှိပြီဆိုရင်တော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဖွင့်လှစ်ထားတဲ့ ဆေးရုံဆေးခန်းတွေကို သွားရောက်ပြသပြီး ကုသမှုခံယူဖို့ လိုပါတယ်။
သက်ဆိုင်ရာ ဆေးရုံဆေးခန်းတွေက လာရောက်ပြသတဲ့ သွေးလွန်တုပ်ကွေးလို့ သံသယရှိတဲ့ မည်သည့်လူနာကိုမဆို (က)အုပ်စု၊ (ခ)အုပ်စု၊ (ဂ)အုပ်စုဆိုပြီးတော့ အုပ်စုသုံးစု ခွဲ လိုက်ပါတယ်။ (က)အုပ်စုကတော့ အိမ်မှာပဲ ပြန်ပြီးတော့ ကုလို့ရတယ်။ ဆေးရုံဆေးခန်းတွေကနေ ကုသဖို့လိုအပ်တဲ့ ဆေးဝါး၊ ဓာတ်ဆားအစရှိသဖြင့် ပေးလိုက်မယ်။ နောက် ပြီးတော့ အိမ်မှာဘယ်လို ပြုစုစောင့်ရှောက်ရမယ် ဆိုတာမှာလိုက်မယ်။ အန္တရာယ်ရှိတဲ့ လက္ခဏာရပ်တွေဖြစ်ရင် ဆေးရုံကို ပြန်လာဖို့မှာပြီး အိမ်ကိုပြန်ပြီး နေစေမယ်ပေါ့။ဒါကတော့(က)အုပ်စုပါ။ နောက်(ခ)အုပ်စုလို့ သတ်မှတ်ပြီဆိုရင်တော့ ရောဂါပြင်းထန်မှု အထိုက်အလျောက် ရှိလာပြီပေါ့။ သူကတော့ ဆေးရုံတက်ပြီး စောင့်ကြည့်ကုသရမယ့် အနေအထားပေါ့။ သူကတော့ အသင့်အတင့် ပြင်းထန်တာပေါ့။ နောက်ဆုံးအုပ်စု(ဂ)ကတော့ သေချာပေါက်ကို ဆေးရုံတက်ပြီး ချက်ချင်းကို အရေးပေါ် ကုသမှုခံယူရတော့မှာပါ။ အသက်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ သူကတော့ ရောဂါအပြင်းထန်ဆုံး အခြေအနေပေါ့။

မေး။ မိဘတွေအနေနဲ့ မိမိကလေးဖျားနာတဲ့အခါ ဘယ်လို အခြေအနေမျိုးမှာ သွေးလွန်တုပ်ကွေးလို့ သတ်မှတ်ပြီး ဆေးရုံဆေးခန်းကို သွားသင့်ပါသလဲ ဆရာ။

ဖြေ။ဒါကတော့ မိဘတိုင်း သိထားသင့်တဲ့ မေးခွန်းပါ။ သွေးလွန်တုပ်ကွေးက အရင်တုန်းကတော့ ခြောက်လသား လောက်မှစဖြစ်တာပါ။ အခုတော့ လေးလသားဆိုရင် သွေးလွန် တုပ်ကွေး ဖြစ်နိုင်ခြေရှိတဲ့ အနေအထားပါ။ ကလေးက တစ်ရက်ထက် တစ်ရက်ပိုပြီးဖျားပြီဆိုတာနဲ့ အိမ်မှာ ဆေးမြီးတိုလေးတွေနဲ့ ကုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အထူးသဖြင့် သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး မိဘတွေ မှားတတ်ကြတဲ့ အမှားကတော့ မိဘတွေက ကလေးကိုယ်ပူရင် စိတ်ပူသလောက် ကလေးကိုယ်ပူကျသွားရင် လုံးဝစိတ်အေး သွား တတ်ပါတယ်။ ကိုယ်ပူကျသွားပြီဆိုပြီး စိတ်အေး လက်အေးနေလို့ မရပါဘူး။ အဲလိုအချိန်မျိုးက ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရမယ့် အခြေအနေပါ။ ကလေး သဘာဝက ဘယ်ကလေးမဆို ငယ်ငယ်ကြီးကြီး ကိုယ်ပူနေရင်တော့ ငြိမ်နေမယ်။ ကိုယ်ပူကျသွားတာနဲ့ ထပြီးစားမယ်၊ သောက်မယ်၊ ဆော့မယ်၊လန်းဆန်းနေရပါမယ်။ အဲလိုမှ မဟုတ်ဘဲ ကလေးက ကိုယ်ပူကျသွားပေမယ့် ငြိမ်နေမယ်၊ မှိန်းနေမယ်၊ မစားမသောက်ဘူး၊ ဆော့ကစားတာမျိုး မရှိဘူးဆိုရင်တော့ ကလေးအတွက် အန္တရာယ်များနိုင်တဲ့ အခြေ အနေပါ။ ဒါကိုမိဘတွေက အထူးသတိပြုရပါမယ်။ ကလေးက ဖျားလည်းဖျား၊ ဗိုက်လည်းနာနေတယ်၊ သွေးလွန်တုပ် ကွေးရာသီလည်း ဖြစ်တယ်ဆိုရင်တော့ မိဘတွေ သတိထားသင့်ပါ တယ်။ ဒါဟာ အသည်းကြီးနေတဲ့ အနေအထားပါ။ အသည်းကကြီးပြီးတော့ အပြင်က ဖုံးအုပ်ထားတဲ့ အမြှေးပါးကို သွားပြီးတွန်းနေတဲ့အတွက် ကလေးက ဗိုက်နာတာပါ။
နောက်ပြီး ကလေးက ဆက်တိုက်အန်မယ်၊ အန်ရင်လည်း ကော်ဖီရောင်အန်မယ်၊ ဖျားလည်း ဖျားနေမယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းသွားသင့်တဲ့ အနေအထားပါ။ နောက်ဝမ်း သွားတဲ့အခါ ကတ္တရာစီးလိုမျိုးအရောင် ဝမ်းသွားတာမျိုး၊ သွားဖုံး သွေးယို၊ နှာခေါင်းသွေးယိုတာမျိုးဆိုရင်လည်း ဆေးရုံ၊ ဆေးခန်းသွားသင့်တဲ့ အနေအထားပါ။

မေး။ သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကိုလည်း သိပါရစေ။

ဖြေ။ ကြိုတင်ကာကွယ်မှုက နှစ်ပိုင်းရှိပါတယ်။ တစ်ကိုယ်ရေ ကြိုတင်ကာကွယ်တာနဲ့ ခြင်ကျားပိုးလောက်လမ်း နှိမ်နင်းပြီး ကာကွယ်တာပါ။ ဗိုင်းရပ်ပိုးကို ခြင်ကျားကကိုက်ပြီး မသယ်ဆောင်ရင် ကျွန်တော်တို့ကို မကူးစက်နိုင်ဘူး။ ဒီတော့ အဓိကတော့ မိမိအိမ်တွင်းမှာ ခြင်ကျားတစ်ကောင်မှ မရှိအောင်လုပ်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးသား လည်းဖြစ်သလို ပတ်ဝန်းကျင် အတွက်လည်း လုပ်ဆောင်ပြီးသားဖြစ်တယ်။ ခြင်ကျားကို နှိမ်နင်းဖို့ဆိုရင် ပိုးလောက် လမ်းကို နှိမ်နင်းတာ အကောင်းဆုံးပါ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရေစည်ထဲမှာ ပိုးလောက်လမ်းရှိရင် ရေလှယ်မယ်။ ဘူးခွံ အဟောင်းတွေထဲမှာ ရေရှိနေရင် သွန်မယ်၊ အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်တော့ ကိုယ့်အိမ်၊ ကိုယ့်လမ်း၊ ကိုယ့်ရပ် ကွက်၊ ကိုယ့်မြို့မှာ လုပ်သင့်ပါတယ်။ နောက်တစ်ခုက ခြင်ကိုက်မခံရအောင် လုပ်တာပါ။ ဘယ်နေရာမှာပဲ အိပ်အိပ် ခြင်ထောင်နဲ့အိပ်ပါ။ ခြင်လုံဆန်ခါတပ်ပါ။ ခြင်လိမ်းဆေးလိမ်း ပါ။

မေး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနအနေနဲ့ သွေးလွန်တုပ်ကွေး ရောဂါကို ကြိုတင်ကာကွယ် လုပ်ဆောင် နေမှုများကိုလည်း သိပါရစေ။

ဖြေ။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန အနေနဲ့ လုပ်ငန်းသုံးရပ်ဖြစ်တဲ့ ပြည်သူလူထုနဲ့ အုပ်ချုပ်ရေးအဖွဲ့၊ လူထု အခြေပြု အဖွဲ့အစည်းတွေကို ပေါင်းစပ် ဆောင်ရွက်ပေးတာ၊ နောက် ပြည်သူတွေကို ကျန်းမာရေး ဗဟုသုတတွေ၊ ကာကွယ်ရမယ့် နည်းလမ်းတွေ၊ လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သိအောင် အသိမှန်တွေ၊ အကျင့် မှန်တွေ လုပ်ဆောင်ပေးရပါတယ်။ နောက်တစ်ခုက ရပ်ကွက်တစ်ခုက ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ပြီးလို့ အကြောင်းကြားရင် ပြန်လည်ဆန်းစစ်ပေးရတယ်။ မနှိမ်နင်းခင်က အရေအတွက်က ဒီလောက်၊ နှိမ်နင်းပြီးသွားတော့ အရေအတွက်က ဘယ်လောက်နည်းသွားတယ်၊ သူတို့လုပ်ဆောင်တာက အောင်မြင်တယ်၊ မအောင်မြင်ဘူးကို ဆန်း စစ်ပေးရ တာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေဖြင့် ဘတ်ဂျက်ထဲက Abate ပိုးလောက်လမ်းသေဆေးကို ဖြစ်နိုင်ခြေများတဲ့ရပ်ကွက်၊ မြို့ကိုရွေးချယ်ပြီး ဆေးခတ်ပေးတယ်။ ကျွန်တော်တို့ အခုထိ တစ်နိုင်ငံလုံး အတိုင်းအတာ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ဆေးခတ်ပေးပြီးတဲ့ အိမ်ခြေပေါင်း ၆၇ဝဝ၁၈ အိမ်ခြေရှိပါပြီ။ ကျောင်းပေါင်း ၁၆၁၅ ကျောင်းနဲ့ ဆေးခတ်ပေးတဲ့ အိုး၊ ခွက်၊ ရေစည်ပေါင်း ၆၅၈၂၂၆၈ ကိုဆေးခတ်ပေးပြီးပါပြီ။ ကာကွယ်ရေးမှာ လူထု အားနဲ့ဆေးခတ် နှိမ်နင်းတာနဲ့ပါ။

မေး။ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အခြေအနေက မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်အခြေ အ နေရှိနေပါသလဲ။

ဖြေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (အရှေ့တောင် အာရှနိုင်ငံများ)က သတ်မှတ်ထားတဲ့ နှစ်စဉ်သွေးလွန်တုပ်ကွေး အဖြစ် များတဲ့နိုင်ငံတွေထဲမှာ ကျွန်တော်တို့ နိုင်ငံပါတယ်။ ရောဂါဖြစ် ပွားမှု အများဆုံးကို သတ်မှတ်ချက်လေးချက်နဲ့ ဆုံးဖြတ် တာပါ။ ဒီအချက်တွေကတော့ ပထမအချက်အနေနဲ့ သွေးလွန်တုပ်ကွေး ရောဂါက သက်ဆိုင်ရာ နိုင်ငံထဲမှာ ကျန်းမာ ရေြး ပဿနာ တစ်ရပ်အဖြစ် အမှန်တကယ် ရှိသလား၊ ဒုတိယအချက်က သွေးလွန်တုပ်ကွေး ရောဂါက ကလေးငယ် တွေကို ဆေးရုံတက်စေတဲ့ အကြောင်းရင်းတွေထဲမှာ အကြောင်း ရင်း တစ်ရပ်ဖြစ်သလား။ ဆေးရုံတက်ရတဲ့ ကလေးငယ်တွေထဲမှာ သေဆုံးစေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်သလား။ တတိယ အချက်က သွေးလွန်တုပ်ကွေး ဖြစ်စေ တဲ့ခြင်ကျား အမျိုးအစား လေးမျိုးထပ်ကွဲတယ်။ အဲဒီလေးမျိုးလုံးက ကျွန်တော်တို့နိုင်ငံမှာ ရှိနေသလား။ အရင်တုန်း ကတော့ သွေးလွန်တုပ်ကွေး ရောဂါက မြို့ပေါ်မှာပဲဖြစ်တာ၊ တောရွာတွေ မှာရော ပျံ့နှံ့သွားပြီလား။ ဒီအချက်လေးချက် လုံးနဲ့ကိုက်ညီနေတဲ့အတွက် ကျွန်တော်တို့နိုင်ငံဟာ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ နိုင်ငံတွေထဲမှာ ပါနေတာဖြစ်ပါ တယ်။

မေး။ ဆရာ့အနေနဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေး တိုက်တွန်းစကားလေး ပြောပေးပါ။

ဖြေ။ ဆရာ့အနေနဲ့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးက လူထုပါမှ ထိရောက်အောင်မြင်မှာပါ။ လူထုမပါရင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးက အင်မတန် ခက်ခဲပါတယ်။ လူထု အနေနဲ့ သူများကို ကာကွယ်နေတယ်လို့ မသတ်မှတ်စေချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတယ်လို့မှတ်ပါ။ အခုက ကလေးတွေတင် မကပါဘူး။
ကိုယ်တွေပါဖြစ်နေပါတယ်။ မိမိပိုင်တဲ့အိမ်၊ မိမိနေတဲ့အိမ် အဲဒီအိမ်အတွင်းက လှောင်ထားတဲ့ ရေတွေထဲမှာ ခြင်ကျား ပိုးလောက်လမ်း လုံးဝမရှိစေနဲ့။ နောက်တစ်ချက်က မိမိရဲ့ခြံ ထဲမှာလည်း ပက်လက်လန်နေတဲ့ အိုးခွက်တွေရဲ့အထဲမှာ ခြင်ကျားပိုးလောက်လမ်းတွေ မရှိအောင်နေပါ။ နောက်တစ်ချက်က မိမိနေတဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်သစ်ခေါင်း ပေါက်တွေရှိနေရင် မြေဖို့စေချင်ပါတယ်။ ခြံထဲမှာရှိတဲ့ မိုးရေဝင်နိုင်တဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းပါ။ ကိုယ့်အိမ်မှာ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစဉ်အတိုင်း လုပ်စေချင်ပါတယ်။ တစ်အိမ်ချင်းစီကသာ အခုဆရာပြောသမျှကို အကုန်လုပ် သွားမယ်ဆိုရင် သွေးလွန်တုပ်ကွေး ရောဂါကို ကျကျနန ကာကွယ်နိုင်ပါတယ်။ နောက်တစ်ချက်က မိမိကိုယ်ကို ခြင်မ ကိုက်အောင် ကာကွယ်ပါ။
မိမိကလေးတွေကိုလည်း ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။ ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင် ထောင်အိပ်ပါ။ ခြင်နိုင်ဆေးလိမ်းပါ။ တတ်နိုင်ခဲ့မယ်ဆိုရင် ခြင်လုံ ဆန်ခါတပ်ပါ။ နောက်တစ်ခုမှာချင်တာက သွေးလွန် တုပ်ကွေး ဆိုတိုင်းလည်း ကြောက်လန့်မသွားဖို့နဲ့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်နဲ့တစ်ပြေးညီ သွားရောက် ကုသပါလို့ ပြောချင်ပါတယ်။ ။

အိဖြူပိုင်
မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ