သင်္ဘောသီးစိမ်း၏ ထူးခြားသော အာနိသင်များ


သင်္ဘောသီးအစိမ်းသည် ထူးခြားသော အာနိသင်များရှိသည်။ အစာအိမ်နှင့် အူလမ်းကြောင်းကို ကောင်းစေသည်။ အစာအိမ်အနာကို ကျက်စေသည်။ ဆီးလမ်းကြောင်း ရောင် ရမ်းခြင်းကို သက်သာစေသည်။ လေနာနှင့်လည်းတည့်သည်။ အညှာမှထွက်သော အစေးသည် ပိုးကိုသေစေနိုင်သည်ဟု အာယုဗ္ဗေဒကျမ်းများတွင်ဆိုသည်။ ကင်းဆိပ်၊ မြွေဆိပ် များကိုပင် ပြေစေနိုင်သည်။

မည်သူ စလိုက်သည်မသိ။ ယခုတလော အင်တာနက် Facebook ပေါ်တွင် ''သင်္ဘောသီးအစိမ်း ရေနွေးကြမ်း''ဖြင့် ဆီးချိုရောဂါပျောက်ကင်းနိုင်ကြောင်း ပါလာသည်။(အမှန်ကတော့ ဆီးချိုရောဂါသည် ဖြစ်ပြီးလျှင် ပျောက်ကင်းနိုင်သော ရောဂါမျိုး မဟုတ်ပါ။ အခိုက်အတန့်သက်သာပြီး အစားအသောက် မဆင်ခြင်လျှင် ဆီးချိုပြန်တက်လာတတ်ပါသည်။)

ဆီးချိုရောဂါ ပျောက်ကင်းသည် ဆိုသူများကို မေးမြန်းကြည့်သော အခါတွင်လည်း နေ့စဉ်သွေးဖောက် မတိုင်းဘဲ မှန်းခြေနှင့်ပြောခြင်း၊ ဆီးအိုးကို ပုရွက်ဆိတ်မတက်ရုံဖြင့် ဆီးချိုမရှိတော့ ထင်နေခြင်းမျှသာ ဖြစ်ကြောင်း တွေ့ရှိရသည်။ ထိုသူများ အထူးသတိထားသင့်သည်မှာ ဆီးတွင် ပုရွက်ဆိတ်အုံနေသော အဆင့်ရောက်လျှင် သွေးချိုအဆင့် ၁၂ ကျော်နေတတ်သည်။ အတော်ပင်မြင့်နေပြီဖြစ်သည်။

မကြာသေးမီရက်က လူနာဦးလေးကြီးတစ်ဦး (ဆီးချိုရောဂါရှိသူ) ရောက်လာပြီးသူများ ညွှန်သဖြင့် သူကိုယ်တိုင်စမ်းသပ်ပြီး သင်္ဘောသီးရေနွေးကြမ်း သောက်နေကြောင်း ပြောပါသည်။ မည်ကဲ့သို့ ပြုလုပ်သနည်းမေးရာ-

''သင်္ဘောသီးအစိမ်း ကြီးကြီးတစ်လုံးကိုဝယ်၊ အညှာရှိသော အပိုင်းမှ လက်နှစ်ဆစ်ခန့်ခွာပြီး လှီးဖြတ်လိုက်သည်။ အတွင်းမှ အခေါင်းပေါက် ပေါ်လာသောအခါ အစေ့များကို ဇွန်းဖြင့်နှိုက်ထုတ်သည်။ အစေ့များ ကုန်သောအခါ အတွင်းသို့ လက်ဖက်ခြောက် အနည်းငယ်ထည့်သည်။ ထို့နောက် ရေနွေးဖြူ လောင်းထည့်သည်။ ဖြတ်ထားသော အညှာဖြင့် အဖုံးပြန်ပိတ်ပြီး ထောင်လျက်ထားသည်။ နာရီဝက်ခန့် ကြာသောအခါ သင်္ဘောသီး စိမ်းထဲမှာ နှပ်ထားသောရေနွေး ကြမ်းကို ငှဲ့ယူပြီး ရေနွေးကြမ်းသောက်သကဲ့သို့ သောက် သည်''ဟုပြောပါသည်။ ထူးခြားချက်မှာ သူညတိုင်း ငါးကြိမ်၊ ခြောက်ကြိမ် ဆီးထသွားရသည်မှာ ယခုအခါ သုံးရက်သောက်ပြီး ညနှစ်ကြိမ်သာ ထရတော့သည်
ဟုပြောသည်။ (အမှန်တော့ သွေးဖောက်စစ်ပြီး မှတ်တမ်းထားလျှင် ပိုကောင်းပါမည်။)

သင်္ဘောရွက်ကို ပြုတ်သောက်လျှင် ကင်ဆာရောဂါပျောက်သည်ဟု မနှစ်က ခေတ်စားခဲ့ပါသည်။ ဂျာနယ်များတွင် ဖတ်ရှုသောအခါ ထိုသတင်းသည် မြန်မာနိုင်ငံမှမဟုတ်၊ သြစတြေးလျနိုင်ငံမှ သုတေသီအချို့က စခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်လည်း စာရေးဆရာကြီးတစ်ဦးမှ ဖြန့်ဝေခဲ့သဖြင့် သင်္ဘောရွက် ပြုတ်သောက်သူတွေများစွာရှိသည်ဟု သိရသည်။ (လက်တွေ့ တိုက်တိုက်ဆိုင်ဆိုင် ကင်ဆာရောဂါ ပျောက်သူကိုတော့ မတွေ့ ရသေးပါ။ မတွေ့ရခြင်းမှာလည်း ကင်ဆာလူနာများသည် အနောက်တိုင်းဆေးနှင့် ဓာတ်ကင်ကုသမှု ခံယူနေကြသူများ ဖြစ်ကြပြီး ကြားအချိန်တွင်လည်း မြန်မာဆေးမြီးတိုကို စမ်းသပ်သုံးစွဲသူများသာ ဖြစ်သဖြင့် သီးသန့်သင်္ဘောရွက်ပြုတ်ရည် တစ်ခုတည်း သုံးစွဲကုသနေသူကို မတွေ့ရ ခြင်းဖြစ်ပါလိမ့်မည်။)

သင်္ဘောသီးအစိမ်းတွင် ဖြစ်နိုင်ခြေအတော်ရှိသည်မှာ အညှာမှ ထွက်သောအစေးနှင့် သင်္ဘောသီးစိမ်းတွင် ရှိသော အစေးဓာတ်တို့သည် အဆိပ်ကို နိုင်သည်ဟု ရှေးက အာယုဗ္ဗေဒကျမ်းစာများတွင် တွေ့ရ၊ ဖတ်ရဖူးသောကြောင့်ဖြစ်သည်။ အဆိပ်သည် သင်္ဘောအစေးနှင့် ပြယ်နိုင်သဖြင့် ဆေးဖက်ဝင်သော အစေးဖြစ်သည်ဟု ယူဆနိုင်ပါသည်။

အာယုဗ္ဗေဒ ဆေးပညာအရ အချိုဓာတ်ကို ပျက်စေရန် အစပ်ဓာတ် ပေးရမည်ဟု ဆိုပါသည်။ အခါးကို အရသာအား ဖြင့် ဆန့်ကျင်ဘက် ဖြစ်သော်လည်း အစာကြေကျက်ပြီးနောက် ဖြစ်ပေါ်သော ရသရည်တွင် အခါးသည် ချိုကျက်တတ်သည်ဟုဆိုပါသည်။ ဆီးချိုသမားများအတွက် အချိုဓာတ်သွေးထဲမှာ များသဖြင့် ပျက်စေလိုလျှင် အစပ်ဓာတ် ပေးရသည်။ သင်္ဘောသီးအစိမ်းကို နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြသည်။ အစိမ်းကို စိန်ခလုတ်ခေါ် အမျှင်များခြစ်ထုတ်နိုင်သည့် လက်ကိုင်ကိရိယာဖြင့် အမျှင်များရယူပြီး လက်သုပ် လုပ်စားကြသည်။ မာလာဟင်း အရောင်း ဆိုင်များတွင် ယိုးဒယားသင်္ဘောသီးထောင်းဟု ရောင်းသည်။ အလွန်အစပ်များသော ယိုးဒယားသုပ်ဖြစ်သဖြင့် အစာအိမ်နှင့်မတည့်ပါ။

စာရေးသူအကြိုက် နည်းလမ်းမှာ သင်္ဘောသီးအစိမ်းကို ဟင်းချက်လျှင် (ဘူးသီးဟင်းခါး ချက်သကဲ့သို့) အတုံးများ တုံးပြီးဟင်းချက်ပါ။ အခွံနှင့် အသီးကြားမှ အစေးများသည် ဆေး ဖက်ဝင်သည်။ ဟင်းကျက်ပြီးနောက် ငရုတ်ကောင်း အမှုန့်ဖြူးပြီး ဟင်းခါးအဖြစ် သောက်နိုင်သည်။ ငရုတ်ကောင်းမှုန့်သည် ဆီးရွှင်စေသည်။ ဤဓာတ်စာသည် ဆီးချို သမားများနှင့် သင့်သည်။

ဆီးချိုရောဂါ ရှိသူများသည် သင်္ဘောသီးအမှည့် (အဝါရောင်)နှင့် မသင့်သော်လည်း အစိမ်းနှင့်တည့်သည်။ သင်္ဘောသီးဟင်းခါးသည် ဆီးချို၊ သွေးတိုး၊ လေနာ၊ အစာအိမ်ရောင်ရောဂါများအတွက် ကောင်းသည်။ တစ်ပတ်လျှင် တစ်ကြိမ်ချက်စားပါ။ အစာအိမ်လေနာရောဂါ လက်တွေ့ပျောက်သည်။ ။

ကြည်လွင်မြင့် (မုဒြာ)
မြ၀တီ
https://www.facebook.com/pg/mwdmedia/photos/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ