အအေးမိ တုပ်ကွေး နှာစေး ချောင်းဆိုးခြင်း ကာကွယ်ရန် နည်းလမ်း (၁၉) သွယ်


အအေးမိ တုပ်ကွေး ရောဂါဟာ ကမ္ဘာပေါ်မှာ ပျံ့နှံ့ကူးစက်မှု အမြန်ဆုံးနှင့် အဖြစ် များဆုံးသော ရောဂါတစ်မျိုးပါ။ လူတစ်ဦးလျှင် မိုးရာသီ သို့မဟုတ် ဆောင်းရာသီမှာ ပျမ်းမျှအားဖြင့် အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ဖြစ်တတ်ပါတယ်။ အအေးမိတုပ်ကွေး ဖြစ်နေသူ တစ်ယောက်ဟာ တစ်ရှူးခံ၍ နှာချေ၊ ချောင်းဆိုး သင့်ပြီးနောက် ထိုတစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်သင့်ပါတယ်။ လက်ကိုင်ပဝါနဲ့ အုပ်၍ နှာချေ၊ ချောင်းဆိုးတဲ့အခါ ဗိုင်းရပ်ပိုးက ထိုလက်ကိုင် ပဝါထဲမှာ နှစ်နာရီ၊ သုံးနာရီ လောက်ကြာမှ သေသွားပါတယ်။ အကယ်၍ လူအများကြား ထဲမှာ နှာချေ၊ ချောင်းဆိုးတဲ့ အခါ တုပ်ကွေး ဗိုင်းရပ်ပိုးတွေက တစ်ပေ၊ နှစ်ပေလောက်အထိ ပျံ့နှံ့ သွားပြီး ပတ်ဝန်းကျင်မှ ကိုယ်ခံအားနည်းသူ ထံသို့ ဗိုင်းရပ်ပိုးတွေ အလွယ်တကူ ကူးစက်သွား နိုင်ပါတယ်။ ထိုဗိုင်းရပ်ပိုး ဝင်ပါက အအေးမိ၊ နှာစေး၊ နှာရည်ကျ၊ နှာခေါင်းပိတ်၊ ချောင်းဆိုး(ချောင်းခြောက်လည်း ဖြစ်နိုင်သလို သလိပ်ပါခြင်း လည်းဖြစ်နိုင်)၊ လည်ချောင်းနာ၊ ကိုယ်လက် ကိုက်ခဲတာတွေ ခံစားရပါတယ်။ တစ်ခါတစ်ရံမှာ အဖျားဝင်လာပြီး သလိပ်များ ပျစ်လာခြင်း၊ ချွဲသလိပ် များ ဝါလာခြင်း ဖြစ်နိုင်ပါတယ်။ ထိုအခြေအနေ မျိုးမှာ ပိုးသတ်ဆေးသောက်မှ ရောဂါပျောက် နိုင်ပါတယ်။

နှာချေ၊ ချောင်းဆိုးတဲ့အခါ ပြင်ပနှင့် ထိတွေ့ ဆက်ဆံနေရသော အလုပ်သမား ဝန်ထမ်းများ သာမက ကျောင်းနေ အရွယ်ကလေးများအားလုံး ကိုယ်ခံအား မကောင်းရင် ကူးစက်ရာသီ ဖျားပိုးမွှားများ အလွယ်တကူ ကူးစက်လာနိုင်၍ အလုပ်ပျက်၊ ကျောင်းပျက်ဖြင့် စိတ်ညစ်စရာပါ။ အအေးမိဖျားနာခြင်းကြောင့် အသက်အန္တရာယ် မစိုးရိမ်ရသော်ငြား အဖျားပျောက်ပြီး ချောင်းတဟွပ်ဟွပ် စွဲကျန်ရစ်ခဲ့ကာ မိသားစုဝင်များနှင့်ပ တ်ဝန်းကျင် ရှိသူများကို လက်ဆင့်ကမ်း မကူးစက်ရ လေအောင် အောက်ပါနည်းလမ်း(၁၉)သွယ် ဖြင့် မျှဝေလိုက်ရပါတယ်။

အစိမ်းရောင်၊ အဝါရောင်များများစားပါ

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားပေးခြင်းက ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားစေပါတယ်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်းထဲတွင် ပါရှိသော ဓာတုဓာတ်ပေါင်းစုက အအေးမိ၍ တုပ်ကွေးနှင့် ကူးစက်ဖျားနာများကို ကောင်းစွာ တိုက်ထုတ် ပေးနိုင်ပါတယ်။

ဒါကြောင့် ပန်းဂေါ်ဖီစိမ်းကို ချင်းတစ်ပြား ရိုက်၍ ရောနှော ကြော်စားရန် Cambridge တက္ကသိုလ်ရှိ အာဟာရ ဗေဒပညာရှင်များက အကြံပြု ထားကြပါတယ်။ ထိုနည်းတူစွာပင် အဝါရောင် သီးနှံများ ဖြစ်ကြတဲ့ လိမ္မော်သီးနဲ့ သံပရာသီးတို့ကို ဖျော်ရည် အဖြစ်သော်လည်းကောင်း၊ လိမ္မော်ခွံ သို့မဟုတ် သံပရာခွံတို့ကို ရေနွေးစိမ်၍ သော်လည်းကောင်း သောက်သုံးခြင်းဖြင့် တုပ်ကွေး ဖျားနာခြင်းမှ ကြိုတင် ကာကွယ်ရာ ရောက်ပါတယ်။

အားဆေးမှီဝဲပါ

ဗီတာမင်စီက ကိုယ်ခံအားကို မြင့်တက်စေ၍ ဗီတာမင်ဒီက အအေးမိခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ အအေးမိတုပ်ကွေး ဖျားနာခြင်းအတွက် ဗီတာမင်စီတစ်ခုတည်း မလုံလောက်ပါဘူး။ ဗီတာမင်ဒီ အပါအဝင် အခြားဗီတာမင်နှင့် သတ္တုဓာတ်တို့ ပါဝင်သော အစားအသောက်များ မျှတစွာ စားပေးရပါမယ်။ ကျွန်မတို့ နေ့စဉ် စားသုံးနေသော အစားအစာ များထဲတွင် ထိုဓာတ်များ တစ်ပြိုင်နက်တည်း လုံလောက်စွာ မရနိုင်သဖြင့် ဖြည့်စွက် စာအဖြစ် အားဆေးမှီဝဲ ပေးဖို့ လိုပါတယ်။

အိပ်ရေးဝဝအိပ်ပါ

တစ်နေ့လျှင် ၈ နာရီနှင့်အထက် အိပ်ရေးဝဝ အိပ်စက်ခြင်းက သွေးတိုးရောဂါနှင့် အဝလွန်ခြင်းကို ကာကွယ်ပေးရုံသာမက အအေးမိ၊ နှာစေးကဲ့သို့ အသက်ရှူ လမ်းကြောင်းမှ ကူးစက် ရောဂါပိုး များကိုလည်း တိုက်ထုတ် ပေးနိုင်ပါတယ်။ ဒါ့အပြင် ၇ နာရီထက် လျော့နည်းစွာ အိပ်စက်သူများကို ၈ နာရီနှင့်အထက် အိပ်စက်သူများနှင့် နှိုင်းယှဉ်ပါက အိပ်ချိန် နည်းသူများဟာ အအေးမိကူးစက် ရောဂါ ဖြစ်နိုင်ခြေ အလားအလာ သုံးဆမျှပိုကြောင်း အမေရိကန် ဆေးသုတေသီများက အကြံပြု ထားပါတယ်။

ပဋိဇီဝဆေးဆောင်ထားပါ

ချမ်းအေးသော ရာသီမှာ ကိုယ်ခံအား နည်းသော ကလေးများနှင့် သက်ကြီးရွယ်အို များတွင် ဗိုင်းရပ်ပိုး ကူးစက် လွယ်သဖြင့် အိမ်မှာ အအေးမိ တုပ်ကွေး ဖျားနာ ပျောက်ဆေး အဆင်သင့်ဆောင်ထားပါ။ လိုအပ်ပါက အသက်ရှူ လမ်းကြောင်း မှ ကူးစက်ပိုး တွေကို ၂ဝ ရာခိုင်နှုန်းမျှ ကာကွယ်ပေးသည့် Actimel ခေါ် ပဋိဇီဝဆေး ကြိုတင် တိုက်ကျွေးပါ။

နံနက်စာစားပါ

နံနက်စာ ပုံမှန် စားသူများဟာ နံနက်စာ လုံးဝမစား သူများထက် အအေးမိ ကူးစက်ရောဂြါ ဖစ်နိုင်ခြေ နည်းပါးကြောင်း Cardiff University ရှိ အမေရိကန် ဆေးတက္ကသိုလ်မှ အကြံပြုထားပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ကောင်းစေရန် နံနက်စာထဲမှာ ဗီတာမင် ဘီအုပ်စုများ၊ သံဓာတ်နဲ့ သွပ်ဓာတ်ပါရှိသော အစားအစာများကို စားပေးကြရန် ဆေးသုတေသီများက ထပ်လောင်း အတည်ပြု ထားပါတယ်။

လက်ဆေးပါ

ဆေးသိပ္ပံ ပညာရှင်များ၏ ဓာတ်ခွဲ စမ်းသပ်ချက်များအရ အအေးမိ ဗိုင်းရပ် ပိုးရှိသောသူ

ကိုင်တွယ် ထားသည့် တံခါး လက်ကိုင်ဖုများပေါ်တွင် ကျန်ရှိခဲ့သည့် ဗိုင်းရပ် ပိုးမွှား များဟာ ၂၄ နာရီ ကျော်သည်အထိ အသက်ရှင်နိုင် ကြသည်ဟု ဆို၏။ ထို့ကြောင့် အများသုံး တံခါးလက်ကိုင်ဖုများ၊ အရောင်းစင်တာရှိ ပစ္စည်းထည့် တွန်းလှည်းများ၊ တံခါးလက်ရန်းများကို တစ်ခါသုံး တစ်ရှူးဖြင့် ကိုင်တွယ်ပါ။ ၄င်းတို့ကို ကိုင်တွယ် ပြီးနောက် မိမိ၏မျက်စိ၊ နှာခေါင်းတို့ကို မတို့ထိကြဘဲ ဆပ်ပြာသုံး၍ လက်စင်စင် ဆေးကြောပါ။

လက်ကိုဖွက်(ဝှက်)ထားပါ

အအေးမိဝေဒနာ ခံစားရသူ၏ လက်၊ ခံတွင်း၊ နှာရည်တို့မှ ကူးစက် ပြန့်ပွားစေနိုင်သဖြင့် ရောဂါရှိသူ၏ လက်နှင့် ၄င်း၏အခြား အသုံးအဆောင် ပစ္စည်းများကို မကိုင်တွယ် မထိမိပါစေနှင့်။ နှာချေ၊ ချောင်းဆိုးသော အခါတွင်လည်း ကျန်းမာရေး အသိဖြင့် လက် သို့မဟုတ် လက်ကိုင်ပဝါ သို့မဟုတ် တစ်ခါသုံး တစ်ရှူးအုပ်ပါ။ ကလေးငယ်များကို ဖက်ရမ်း နမ်းရှုပ်ခြင်း မပြုရ။

ပလုတ်(အာလုတ်)ကျင်းပါ

ရေနွေးဖြင့် ပလုတ်(အာလုတ်)ကျင်းခြင်းက လည်ချောင်း၊ လည်မျိုတို့မှ အကျိအချွဲများ နှင့် ဗိုင်းရပ်များကို သန့်စင်ပေးသဖြင့် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ ဂျပန်ရိုးရာ ကုထုံးများတွင် နံနက်အိပ်ရာထ သွားမတိုက်မီ တစ်ချိန်၊ နေ့လယ်စာနှင့် ညစာစားပြီးချိန် စုစုပေါင်း တစ်နေ့သုံးကြိမ်မျှ ရေကြက်သီးနွေး ခန့်ဖြင့် အာလုတ်ကျင်း လေ့ရှိပြီး ထိုသို့ပြုကျင့်ခြင်းက အအေးမိနှာစေး၊ ချောင်းဆိုးခြင်းကို ၃၆ ရာခိုင်နှုန်းမျှ လျှော့ချ ပေးနိုင်သည်ဟု ဂျပန်ဆေး သုတေသီများက ဆို၏။

ဟင်းခတ် အမွှေးအကြိုင် ဆောင်ပါ

ငရုတ်သီး အခြောက်မှုန့်ထဲတွင် ပါရှိသော Capsaicin ဓာတ်ဟာ အင်းဆက်ပိုးမွှားများကို သေစေသည့်အပြင် အသက်ရှူ လမ်းကြောင်းကို ပွင့်လန်းလာ စေပါတယ်။ ထို့အတူ ကြက်သွန်ဖြူထဲရှိ allicin ဓာတ်ကလည်း ကိုယ်ခံအားစနစ်ကို ကောင်းစေသည့် သဘာဝ ပဋိဇီဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုး ဖြစ်တာကြောင့် အအေးမိ စေတတ်တဲ့ ဗိုင်းရပ်ပိုးများကို တိုက်ဖျက်ပေးပါတယ်။ ထို့ပြင် အအေးမိတုပ်ကွေးနှင့် ချောင်းဆိုးခြင်း အတွက် ချင်းပြုတ်ရည်က အကောင်းဆုံး ဆေးတစ်ခွက်ဟု တရုတ်ဆေး သုတေသီများက ဆိုထားပါတယ်။

အရက် အလွန်အကျွံ မသောက်ပါနှင့်

အချို့သော ယမကာ လုလင်များကလည်း မိုးအေးအေးကို အကြောင်းပြ၍ အရက်ကို ဆေးဖြစ်ဝါး ဖြစ်မှီဝဲကြတယ်။ လိုအပ်သည်ထက် ပိုမိုသောက်သုံးပါက အသည်းကို ထိခိုက်စေသည့်အပြင် ပင်ပန်းအားယုတ်၍ အအေးမိ ကူးစက်ပိုးတို့ကို ခံနိုင်ရည် မရှိတော့ပေ။

ရေသောက်မပျင်းပါနှင့်

ခန္ဓာကိုယ်တွင်း ရေဓာတ် အလုံအလောက် ရရှိမှသာ စားထားသမျှ အာဟာရများကို စုပ်ယူနိုင်ပြီး ခွန်အားအဖြစ် ပြောင်းလဲပေးရုံ သာမက ခန္ဓာကိုယ်တွင်း မသန့်စင်သော အညစ်အကြေးများကို ချွေး၊ သွေး၊ သလိပ်၊ ဆီး၊ ဝမ်းအဖြစ် ကူညီ စွန့်ထုတ် ပေးပါတယ်။ ဓာတ်ကြီးလေးပါး ညီမျှရင်ဖြင့် ကိုယ်ခံ အားကောင်းကာ ပြင်ပကူးစက်ရောဂါများလည်း အလွယ်တကူ ဝင်မလာ နိုင်တော့ပါဘူး။

လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) သောက်ပါ

လက်ဖက်ရည်ကြမ်း သောက်ခြင်းက တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်ပိုးများကို နှိမ်နင်း နိုင်ပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေး ဖြစ်တဲ့အခါ ကော်ဖီအစား လက်ဖက်ရည် ကြမ်းပူပူသောက်ပေးပါ။

လမ်းမှန်မှန်လျှောက်ပါ

တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် လမ်းမှန်မှန်လျှောက်ခြင်းက ဇီဝကမ္မ လုပ်ဆောင်ချက်ကို ကောင်းကျိုးပြုပြီး ပြင်ပရောဂါ များကိုလည်း တိုက်ထုတ် ပေးနိုင်ပါတယ်။

အဖြူရောင် သကြားရှောင်ပါ

အရောင်ချွတ်ထားသော၊ ဖြူဆွတ်၍ မှုန့်ညက်နေသော သကြားများက ကိုယ်ခံစွမ်းအားကို လုံးဝ ကောင်းကျိုးမပြုပါ။ ဒါကြောင့် အမှုန့်အပွင့်ကြီး၍ ဝါကြန့်ကြန့် အရောင်ရှိသော သဘာဝ သကြားတို့ကိုသာ သုံးပါ။

မျက်စိကို ကာကွယ်ပါ

အကယ်၍ အအေးမိ တုပ်ကွေးရှိသူက မိမိရှေ့တွင် နှာချေလာပါက မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်ပါ။ သို့မဟုတ် မျက်စိကိုပါ ပိတ်ထားပါ။ သင့်နှာခေါင်းသာမက မျက်စိကလည်း လေထဲရှိ ဗိုင်းရပ်ပိုးများကို စုပ်ယူနိုင်စွမ်းရှိလို့ ပါပဲ။

အကောင်းမြင် စိတ်ဓာတ် မွေးမြူပါ

ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ်ရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ အတက်အကျကြောင့် hf cortisol ဟော်မုန်း ထွက်ရှိလာပါတယ်။ ထိုအခါ ဟော်မုန်းများ ညီညွတ်မျှတမှုကို ပျက်စီးစေပြီး ကိုယ်ခံစွမ်းအား ကျဆင်း လာတာကြောင့်လည်း အအေးမိလွယ်ပါတယ်။

ယူကလစ်ပင်ကို ဆောင်ပါ

ယူကလစ်ပင်၏ အဆီဟာ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပိုးသတ်ဆေး အဖြစ် အလွန်အသုံး တည့်တာကြောင့်လည်း ယူကလစ်ဆီကို ရှူဆေးအဖြစ် လည်းကောင်း၊ ယူကလစ်ပင် အရွက်နှင့် ကိုင်းတို့ကို ရေနွေးဖြော ရေချိုး၍ လည်းကောင်း အီတလီနိုင်ငံ ရိုးရာကုထုံးများတွင် အသုံးပြုလေ့ ရှိကြပါတယ်။

ဆေးလိပ်ရှောင်ပါ

ဆေးလိပ်သောက်ခြင်းက နှာခေါင်းနှင့် အဆုတ်အတွင်းရှိ ရောဂါ ကာကွယ် ပေးနိုင်သော အမြှေးပါး လေးများကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်ပိုးများကို ရှူရှိုက် မိတဲ့အခါ ပျက်စီးပြီး ဖြစ်နေသော ထိုအမြှေးပါး လေးတွေကို ကာကွယ် မပေးနိုင်တော့ ပါဘူး။

စိုထိုင်းမှုမှ ကာကွယ်ပါ

စိုစွတ်နေတဲ့ ဧရိယာမှာ ရောဂါဖြစ်စေတဲ့ မှိုပိုးမွှားတွေ ရှင်သန်ပေါက်ပွား လွယ်ပါတယ်။

ဒါကြောင့် မိမိအိမ်နှင့် ပတ်ဝန်းကျင်ကို စိုစွတ်ထိုင်းမှိုင်းမှု မဖြစ်ရအောင်၊ လေဝင် လေထွက် ကောင်းအောင်၊ အလင်းရောင်ဝင်အောင်၊ မှိုနံ့ပျောက်အောင် အထူးဂရု ပြုပေးပါ။

အထက်ပါ နည်းလမ်း(၁၉)သွယ်ကို လက်ကိုင်ထား၍ စိုစွတ်အေးမြသော မိုးဥတုတွင် မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို ကျန်းမာရေး အသိဖြင့် ကြိုတင်ကာကွယ် နိုင်ကြပါစေကြောင်း။ ။

ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ