ကမ္ဘာ့  ပထမဆုံးသွေးလွန်တုတ်ကွေး ကာကွယ်ဆေး


ကမ္ဘာပေါ်မှာ အသက်အန္တရာယ်အပေးဆုံးရောဂါတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့၊ သွေးလွန်တုတ်ကွေးရောဂါအတွက်ကာကွယ်ဆေးကို၊ ပြင်သစ် ဆာနိုဖီ ပါစချာ Sanofi pasture Co; က၊ ပထမဆုံးအကြိမ်အောင်မြင်စွာ ထုတ်လုပ်ဖြန့်ချီတော့မယ်လို့ ၂၀၁၆ အောက်တိုဘာ လေးရက်က စတင်ကျေညာခဲ့တယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း၊ အသိအမှတ်ပြုပြီ ဖြစ်လို့၊ အဲဒီကာကွယ်ဆေးကို ၊ မက္ကဆီကို၊ဘရာဇီး၊အယ်လ်ဆာဗေဒိုး၊ ကော်စတာ ရီကာ၊ပါရာဂွေး၊ဂွာတီမာလာ ၊ ပီရုး ၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ ၊ထိုင်းနိုင်ငံတွေမှာပါဖြန့်ဖြူးပေးတော့မှာဖြစ်တယ်။ အဲဒီဆေး နာမည်က၊ Dengvaxia ဒင်ဗက်ဆီးယား ဖြစ်ပါတယ် ။ရောဂါ အဖြစ်များပြီး၊ အသေအပျောက်များတဲ့ အဲဒီနိုင်ငံတွေမှာ၊ အဲဒီကာကွယ်ဆေးထိုးနှံလိုက်ရင်၊ ရောဂါ ဖြစ်ပွားနှုန်းကို ၂၅% လျှော့ချနိုင် ပြီး ၊သေဆုံးနှုန်းကိုတော့ ၅၀% တောင်၊ လျော့နည်း ကျဆင်းစေမှာ ဖြစ်ပါတယ်။

ဘရာဇီးက ပါရာနာ ပြည်နယ်ရှိ၊ လူထုကာကွယ်ဆေးထိုးဌာနတွေမှာ ပထမအကြိမ် ထိုးပေးပြီး၊ ဖိလစ်ပိုင်နိုင်ငံက၊ အဖြစ်အများဆုံးဒေသ ၃ခုရှိ စာသင်ကျောင်းတွေက ကျောင်းသားကျောင်း သူတွေကို ၊ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပေးပြီး ဖြစ်တယ်။ ကိုယ်ပိုင်ဆေးခန်းတွေမှာလည်း၊ အဲဒီ ဆေးကို ဖြန့်ဝေထိုးနှံနေတယ်။
သုတေသနအရ၊ အသက် ၉နှစ်နဲ့ ၉နှစ်အထက် ကလေးတွေကို၊ အဲဒီကာကွယ်ဆေး ထိုးပေးခြင်းဖြင့်၊ သွေးလွန်တုတ်ကွေး ဗိုင်းရပ် ဆီရိုတိုက်ပ် အမျိုးအစား လေးမျိုးစလုံးကို ၊ သုံးပုံ၂ပုံ အထိ ဖြစ်ပွားနှုန်းလျော့နည်းအောင် ၊ကာကွယ်ပေးနိုင်ခဲ့တာ တွေ့ရတယ်။ သွေးလွန်တုတ်ကွေးအဖျားရောဂါ ၁၀ယောက်မှာ ၈ယောက် ဆေးရုံတက်ကုသမှုမယူရလောက်အောင်၊ရောဂါပြင်းထန်မှု သက်သာစေတယ်။ ပြင်းထန်တဲ့အသက်အန္တရာယ်ပေးနိုင်တဲ့၊သွေးထွက်သံယိုပြီးသွေးလန့်တဲ့အဆင့်အထိ မရောက်အောင် ၉၃% တောင်မှ ကာကွယ်ပေးနိုင်ခဲ့တယ်။ဒီရလဒ်ကောင်းတွေက အဖြစ်အများဆုံးလက်တင်အမေရိကနဲ့ အာရှ စုစုပေါင်း ၁၀နိုင်ငံမှာ၊ ၂၅လကြာ သေချာစောင့်ကြည့်လေ့လာတွေ့ရှိခဲ့တာဖြစ်တယ်။ အဲဒီရာနှုန်းတွေကလည်း၊ WHO က ရည်မှန်းထားတဲ့သွေးလွန်တုတ်ကွေးရောဂါကို၊ လျော့ကျစေချင်တဲ့ target တွေ ဖြစ်ကြတယ်။

Dengvaxia ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်စွမ်းနဲ့၊ ဘေးထွက်ဆိုးကျိုးမရှိနိုင်မှုတွေကို
နောက်ဆုံး အဆင့်စမ်းသပ်မှုအဖြစ်၊ နိုင်ငံပေါင်း၁၅ ခုက၊ လူဦးရေ ၃၀ ၀၀၀ လောက်နဲ့၊ သေချာ စမ်းသပ်ကာ သက်သေပြပြီးသား၊ ဖြစ်ပါတယ်။ အဲဒီ စမ်းသပ်မှုတွေအရ၊ ဒီကာကွယ်ဆေးထိုး
ထားတဲ့၊ ၉ နှစ်နဲ့အထက် အရွယ်ကလေးတွေမှာ ၊ သွေးလွန်တုတ်ကွေးအဖျားနဲ့ သွေးလွန်တုပ်ကွေး အပြင်းစား သွေးလန့်တာတွေကြောင့်ပါ၊ ဆေးရုံတက်ကုသရခြင်းမှ၊ ကာကွယ်ပေးနိုင်
ခဲ့တာ၊ တွေ့ခဲ့ရတယ်။အဲဒီကာကွယ်ဆေးထိုးထားရင်၊ရာသီအလျောက် သွေးလွန်တုတ်ကွေးဖြစ် လာခဲ့ရင်တောင်မှ၊ အပြင်းအထန် မဖြစ်တော့ပဲ၊ အသက်အန္တရာယ် ကင်းဝေးစေတာ၊ သိခဲ့ရ
တယ်ဆာနိုဖီ ပါစချာ သွေးလွန်တုတ်ကွေး ကာကွယ်ဆေးအကြောင်းပြင်သစ်ပိုင် ကုမ္ပဏီထုတ် Sanofi Pasteur Dengue Vaccine က၊ ဒီဆေးအတွက် နှစ်ပေါင်း၂၀ကျော် နိုင်ငံပေါင်း ၁၅ ခုမှာ၊ အသေးစိတ်စစ်ဆေးစမ်းသပ်မှုပေါင်း၂၅ ခုကို၊ သိပ္ပံနည်းကျ ပြုလုပ် စမ်းသပ်တီထွင်ခဲ့တယ်။

လုပ်အားပေးဗော်လန်တီယာ ၄ သောင်းကျော်ကျော်က၊ ကာကွယ်ဆေးဖော်ထုတ်စမ်းသပ်တဲ့၊ အဆင့် ၁-၂-၃ (Phase l , ll ,lll ) တွေမှာပါဝင်ကူညီသလို၊ ကလေး ၂၉၀၀၀ ကလည်း၊ စမ်းသပ်ဆေး အထိုးခံပေးခဲ့ကြတယ်။
စမ်းသပ်ကာလအကြောင်း သမိုင်းကြောင်းပြန်ပြောရရင်၊ အသက်၉နှစ်နဲ့အထက် ကလေးတွေကို သွေးလွန်တုတ်ကွေးကာကွယ်ဆေး Dengvaxia နဲ့စမ်းသပ်ထိုးနှံနေတဲ့အကြောင်းကို၊
၂၀၁၅ ဂျူလိုင် ၂၇ ရက်နေ့ထုတ် ၊ နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်မှာ စတင် ဖော်ပြခဲ့တယ်။ ဒီကာကွယ်ဆေးက၊ သွေးလွန်တုတ်ကွေးရောဂါပိုးလေးမျိုးလုံးရဲ့အန္တရာယ်ကို၊ လျော့ကျအောင်
ကာကွယ်နိုင်စွမ်းရှိတယ်။ အဲဒီအစွမ်းကို၊ စမ်းသပ်ခံ အဆိုပါ ကလေးတွေရဲ့ သုံးပုံ ၂ပုံမှာ၊ သက်သေပြနိုင်ခဲ့တယ်လို့၊ ရေးသားထားတယ်။ သွေးလွန်တုတ်ကွေးအဖျား၁၀ယောက်ဖြစ်ခဲ့ရင်တောင် ၈ယောက်ကို ဆေးရုံမတက်ရစေဘူး။အဆိုးဆုံး သွေးလွန်တုတ်ကွေး အဆင့်တွေဖြစ်ခြင်းမှလည်း၊ ၉၃% ကာကွယ်ပေးနိုင်တယ်လို့၊ ၂၅ လကြာ အနီးကပ်စောင့်ကြည့်စစ်ဆေးတာတွေရဲ့ ရလဒ်ကောင်း အဖြစ် ၊ ထည့်သွင်းဖော်ပြပေးခဲ့တယ်။

ဆာနိုဖီ ပါစချာ Dengvaxia သွေးလွန်တုတ်ကွေး ကာကွယ်ဆေးဟာ၊ ကမ္ဘာ့ ပထမဆုံး တီထွင် ထုတ်လုပ်လိုက်တာ ဖြစ်ပြီး၊ ကလေးတွေကို ဒုက္ခပေးတဲ့ရောဂါကို ၊ တားဆီးနိုင်ဘို့ရည်ရွယ်
ချက် ကောင်းလည်းပါဝင်တယ်။
ပြင်သစ်အခြေစိုက် ဆာနိုဖီ ပါစချာ ကုမ္ပဏီဟာ၊လူသားအားလုံးအတွက် လိုအပ်သလိုဆေး ဝါးထုတ်လုပ်တီထွင်တဲ့၊ ကမ္ဘာပေါ်မှာ ကျော်ကြားလှတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီကုမ္ပဏီရဲ့ကာကွယ်ဆေးထုတ်ဌာနက၊ နှစ်စဉ် ကာကွယ်ဆေးပေါင်း တစ်ဘီလျံကျော်ထုတ်လုပ်ပြီး၊ ကမ္ဘာပေါ်က လူ သန်း၅၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံ ပေးပြီး၊ ရောဂါဆိုးတွေထံမှ ကာကွယ်ပေးနေ
ကြတယ်။ လူထုလိုအပ်ချက်နဲ့အညီ အဆင့်မီ အဆင့်မြင့် ကာကွယ်ဆေးတွေကို၊ ထုတ်လုပ်ဖြန့်
ဖြူးနေတဲ့၊ ကမ္ဘာ့ရှေ့ဆောင်၊ ကုမ္ပဏီကြီးလည်းဖြစ်ပါတယ်။ ကာကွယ်ဆေးအမျိုးမျိုးထွက်ပေါ်
လာအောင် နှစ်ပေါင်းများစွာ သုသေတနလုပ်ကာ ကြိုးစားရှာဖွေ ထုတ်လုပ်ခဲ့တာကလည်း ၊ ရာစုနှစ်တစ်ခုမကအောင်၊ အချိန်ကြာပြီဖြစ်တဲ့ နာမယ်ရ အကြီးမားဆုံး ဆေးဝါးကုမ္ပဏီလည်း
ဖြစ်တယ်။နေ့စဉ်လည်း၊ ဆေးဝါးသစ် ကာကွယ်ဆေးသစ်တွေ ပေါ်ထွက်လာအောင်၊ ငွေကြေးအမြောက်အ
များ၊ အကုန်ခံကာ ရင်းနှီး မြုတ်နှံနေပါတယ်။

အရှေ့တောင်အာရှမှာ ထိုင်း ဖိလစ်ပိုင်နဲ့ စင်္ကာပူတွေမှာပါ ကာကွယ်ဆေး သုံးစွဲ ဖြန့်ချီပြီဆိုတာကြောင့်၊ မဝေးတော့တဲ့ ကာလမှာ၊ မြန်မာနိုင်ငံမှာလည်း၊ ရောက်ရှိ ကာကွယ်နိုင်ပါတော့မယ်။ နှစ်စဉ်ထိုးရတဲ့ တုတ်ကွေးကာကွယ်ဆေးကို၊ မြန်မာပြည်မှာ တတ်နိုင်သူတွေနဲ့ ကာကွယဘို့ လိုအပ်သူတွေ( ဥပမာ အသက်အရွယ်ငယ်လွန်းသူ၊ ကြီးလွန်းသူ၊ ကိုယ်ခံအားနည်းပါးလွန်းသူ၊ AIDS , ကင်ဆာရောဂါရှိသူတွေ) အတွက်၊ ဆရာဝန်တွေက တုတ်ကွေးကာကွယ်ဆေး( Influenza vaccine) ထိုးနှံခိုင်းလေ့ရှိကြတယ်။ အဲဒီကာကွယ်ဆေးက သွေးလွန်တုတ်ကွေးကို မကာကွယ်နိုင်ပါဘူး။ တချို့မိဘတွေက အထင်မှားပြီး၊ သွေးလွန်ကာကွယ်ဆေးအမှတ်နဲ့ဆေးရုံဆေးခန်းတွေမှာ၊ အဲဒါထိုးချင်လို့ တောင်းဆို မေးမြန်းတတ်ကြလို့၊ ရှင်းပြနေကြရတယ်။

အခုနောက်ဆုံး အသစ်စက်စက် ပေါ်ပေါက်လာတဲ့၊ Dengvaxia vaccine သွေးလွန်တုတ်ကွေးဆေးကိုသာ၊ မြန်မာဈေးကွက် ရောက်လာပြီဆိုရင်၊ ကာကွယ်ဘို့ ထိုးနှံသင့်ကြောင်း၊ သတင်းကောင်း ပါးလိုက်ပါတယ်။

ဒေါက်တာ မြမြချယ် ကလေးအထူးကုဆရာဝန်ကြီး
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ