ပြင်းထန်တုပ်ကွေး ရောဂါ


ယခုတလော လူအများ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသော ပြင်းထန် တုပ်ကွေးရောဂါ အကြောင်းကို အနည်းငယ် ဆွေးနွေးလိုပါသည်။ အဆိုပါ တုပ်ကွေးမှာ တုပ်ကွေးဗိုင်းရပ် အမျိုးအစား တစ်မျိုးဖြစ်သော Influenza virus type A,H1N1 ကြောင့် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ရောဂါပိုး အကြောင်းရောဂါ လက္ခဏာများနှင့် ကာကွယ်ရန် နည်း လမ်းများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

ဗိုင်းရပ်ပိုးအကြောင်း

တုပ်ကွေးရောဂါကို ဖြစ်စေသော ဗိုင်းရပ်အမျိုးအစားမှာ influenza type A,B,C,D ဟူ၍ ကွဲပြားသည်။ Influenza type A မှာ လူတွင်သာမက တိရစ္ဆာန်များ အထူးသဖြင့် ကြက်၊ ငှက်နှင့် ဝက်တို့အကြားတွင်ပါ ကူးစက်ပြန့်ပွားလေ့ ရှိသည်။ ၎င်းဗိုင်းရပ် ကူးစက်ခံရသော လူတို့တွင် ပြင်းထန်သော တုပ်ကွေးရောဂါကို ခံစားရနိုင်ပြီး အချိန်မီ ဆေးကုသ မှုခံယူခြင်း မရှိပါက အသက်ဆုံးရှုံး စေနိုင်သည်။

ယခုပြင်းထန် တုပ်ကွေးရောဂါမှာ အဆိုပါ Type A အမျိုးအစားဖြစ်ပြီး လူ လူချင်းကူးစက် ပြန့်ပွားလျက် ရှိနေသည်။ ဗိုင်းရပ် Type B အမျိုးအစားမှာ လူတို့အကြား ကူးစက်ပြန့် ပွားလေ့ရှိသော ရာသီတုပ်ကွေး ဗိုင်းရပ် အမျိုးအစားဖြစ်ပြီး ရောဂါအလွန်အမင်း ပြင်းထန်လေ့မရှိပါ။ Type C အမျိုးအစားမှာမူလူနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိကာ လူတွင် ကူးစက်ခံရပါက ဆိုးရွားပြင်းထန်လေ့ မရှိပေ။ နုနယ်ကလေးများတွင်သာ ကူးစက်ပြန့်ပွားလေ့ ရှိသည်။ Type D အမျိုးအစားမှာ လူတွင်ဖြစ်ပွားလေ့ မရှိဘဲ ကျွဲ၊ နွားများတွင် အဓိက ကူးစက် ပြန့်ပွားတတ်ပါသည်။

ကူးစက် ပျံ့နှံ့ပုံ

ပြင်းထန် တုပ်ကွေး ရောဂါသည် အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက် ကူးစက် ပြန့်ပွားပါသည်။ ရောဂါဖြစ် ပွားနေသူ တစ်ဦး ချောင်းဆိုး၊ နှာချေလိုက်ပါက ထွက်ပေါ် လာသော အရည်အစက်များကို ပတ်ဝန်းကျင် ရှိသူများက ရှူရှိုက်မိရာမှ ကူးစက် ပျံ့နှံ့နိုင်သည်။ ထို့ပြင် ထိုသူက ၎င်း၏နှုတ်ခမ်း ပါးစပ်တို့ကို လက်ဖြင့် ကိုင်တွယ်၍ သော် လည်းေ ကာင်း၊ လက်အုပ်ကာ နှာချေ၊ ချောင်းဆိုး ပြုလုပ်ခြင်းဖြင့် သော်လည်းကောင်း ထိုသူ၏ လက်တွင် ဗိုင်းရပ် ရောဂါ ပိုးပေကျံစေပါသည်။ ထိုပေကျံနေသော လက်ဖြင့် အရာဝတ္ထု ပစ္စည်းများကို ကိုင်တွယ်လိုက်ပါက ဗိုင်းရပ်ပိုးမှာ ထိုအရာများပေါ်သို့ ရောက်ရှိသွားမည်။ ထိုအရာဝတ္ထုကို အခြားသူများက ကိုင်တွယ်ကာ ၎င်းတို့၏ နှာခေါင်း၊ပါးစပ်များသို့ ထိေ တွ့ခြင်းမှ တစ်ဆင့်လည်း ကူးစက် ပြန့်ပွားနိုင်သည်။ ရောဂါပိုး ဝင်ရောက်ခြင်း ခံထားရသူ တစ်ဦးသည် ရောဂါလက္ခဏာ မပြမီ တစ်ရက်အလိုမှ စတင်ကာ ရောဂါဝေဒနာ ခံစားေ နရသည့် ငါးရက်မှ ရက်သတ္တပတ်အတွင်း အခြား သူများကို ကူးစက်စေနိုင်သည်။

ရောဂါ လက္ခဏာများ

ပြင်းထန်တုပ်ကွေး ရောဂါကူးစက် ခံရပါက တွေ့နေကျ တုပ်ကွေးရောဂါကဲ့သို့ စတင်ခံစား ရတတ်သည်။ ရောဂါ လက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်အင်္ဂါများ ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးနှာချေခြင်း၊ လည်ပင်းနာခြင်း၊ အော့အန် ဝမ်းလျှောတတ်ခြင်း၊ ပင်ပန်းနုံးချည့်ခြင်းနှင့် အစားအသောက် ပျက်ခြင်းစသည်တို့ ဖြစ်ကြသည်။ ထို့နောက်ပိုင်းတွင် ပိုမိုဆိုးရွားသော လက္ခဏာများ ဖြစ်ကြသည့် အသက်ရှူကျပ်ခြင်း၊ မောပန်းခြင်း၊ အဖျားကြီး ခြင်း(အပူချိန်မှာ ၁ဝ၁ ဒီဂရီ ဖာရင်ဟိုက်နှင့် အထက်အထိ အဖျားကြီး နိုင်ပါသည်)၊ ချောင်းအလွန်ဆိုးခြင်း (တစ်ခါတစ် ရံ ချောင်းဆိုး သွေးပါ တတ်ပါသည်)၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် လက်ဖျား၊ ခြေဖျားများ အေးစက်ခြင်း စသည်တို့ကို ခံ စားတွေ့ကြုံ ရနိုင်သည်။ အချိန်မီ ဆေးကုသမှု ခံယူခြင်းမရှိပါက နောက်ဆက်တွဲ ပြင်းထန်သော အဆုတ်ရောင်ရောဂါဖြင့် အသက်ဆုံးရှုံးနိုင်သည်။ အချို့မှာ ဦးနှောက် အမြှေး ပါးရောင်ကာ အသက်ဆုံးရှုံးခြင်းလည်း ဖြစ် နိုင်သည်။

ရောဂါကူးစက် နိုင်ခြေများသော သူများ

ကူးစက်မြန်ပြီး ပြင်းထန်သော တုပ်ကွေးရောဂါ ကူးစက်နိုင်ခြေများသော သူများမှာ အသက် ၆ လမှ ၂ နှစ်အတွင်းရှိ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ဆီးချိုသွေးချို ရောဂါဝေဒနာသည်များ၊ နာတာရှည် အဆုတ်ရောဂါ ဝေ ဒနာသည်များ၊ ကိုယ်ခံအား နည်းနေသောသူများ၊ နာတာရှည် ရောဂါဝေဒနာ ခံစားနေကြရသူများနှင့် အသက် ၆ဝ နှစ် ကျော်သော သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ ၎င်းတို့ကူးစက်ခံရပါက အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထား သို့ အလွယ်တကူ ရောက်ရှိသွားနိုင်သည်။

ကာကွယ်ရန် နည်းလမ်းများ

ရောဂါကာကွယ်ခြင်းသည် ကုသခြင်းထက် ကုန်ကျမှုစရိတ် သက်သာကာ ပိုမိုထိရောက် အကျိုးရှိကြောင်း သိရှိကြပြီး ဖြစ်ပါလိမ့်မည်။ ကာကွယ်ရန် နည်းလမ်းများမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-

(က) ချောင်းဆိုးပါက လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးစဖြင့် အုပ်၍ ချောင်းဆိုးရပါမည်။

(ခ) အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးပါက လက်ကိုဆပ်ပြာနှင့် သန့်ရှင်းသော ရေဖြင့်သော် လည်းကောင်း၊ Hand swab အရည်ဖြင့်သော် လည်းကောင်း စင်ကြယ်အောင် ဆေးကြော ပေးရပါမည်။

(ဂ) လူနေထူထပ်သော နေရာဒေသများသို့ မလိုလားအပ်ဘဲ သွားရောက်ခြင်းများကို ရှောင်ရှားသင့်သည်။

(ဃ) နှာခေါင်းစည်း (Mask) ကိုနှာခေါင်းရော ပါးစပ်ပါ လုံခြုံအောင် တပ်ထားသင့်ပါသည်။ အထူးသဖြင့် တုပ်ကွေး ရောဂါ ဝေဒနာ ခံစားနေရသူများ တပ်ဆင်ထားပါက အခြား သူများသို့ ကူးစက်ခြင်းကို လျှော့ချပေးနိုင်ပါသည်။ လူကောင်းတစ်ဦး အနေဖြင့်လည်း မိမိထံသို့ ကူးစက်ခြင်း မခံရလိုပါက အဆိုပါ နှာခေါင်းစည်းကို တပ်ဆင်ထားသင့်ပါသည်။

(င) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုပြုရပါမည်။

(စ) တုပ်ကွေးရောဂါ လက္ခဏာများ ခံစားရပြီး သုံးရက်ခန့် ကြာသည့်တိုင် သက်သာ ပျောက်ကင်းမှု မရှိလျှင်သော် လည်းကောင်း၊ ရောဂါဝေဒနာ ခံစားရမှု ပိုမိုဆိုးရွား လာလျှင်ေ သ်ာလည်းကောင်း၊ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကာ စမ်းသပ်စစ်ဆေး ကုသမှုကို ခံယူရပါမည်။

အချုပ်အားဖြင့် ဆိုရပါမူ ပြင်းထန်တုပ်ကွေး ရောဂါသည် ရာသီတုပ်ကွေး အမျိုးအစားထဲတွင် ပါဝင်ပြီး မိုးရာသီနှင့် ဆောင်းဦးရာသီတို့တွင် ဖြစ်ပွားလေ့ရှိကာ တစ်ခါတစ်ရံ ကပ်ရော ဂါအသွင်သို့ ပြောင်းလဲ သွားတတ်ပါသည်။ ယခု ၎င်းရောဂါခံစား နေရသူများ တွေ့ရှိနေရသောကြောင့် အထူးသတိ ပြုသင့်သော်လည်း အလွန်အမင်း စိုးရိမ်ပူပန်မှု မဖြစ်သင့်ပေ။ အထက်တွင် ဖော်ပြခဲ့သော ကာကွယ်ရန် နည်းလမ်းများကို စနစ်တကျ လိုက်နာကျင့်သုံးကြမည် ဆိုပါ က ပြင်းထန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း အသိပေး ရေးသားဖော်ပြ လိုက်ရပေသည်။ ။

ဒေါက်တာ မင်းစိုးဦး
မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ