Abscess ကိန္နရာနာ နှင့် ခူနာ


မင်္ဂလာပါ ဆရာ။ ကျွန်တော့်သမီး အသက် ၁၁ နှစ်၊ ဂျိုင်းမှာ အဖုသေးသေးလေး ပေါက်နေတယ်ဆရာ။ နဲနဲရောင်နေတယ်။
လက်သိပ်မြှောက်လို့ မရဘူးဖြစ်နေတယ်ဆရာ။ ဘာဆေးတိုက်ထားရမလဲဆရာ။

ကျွန်တော်တို့ လူမျိုးများဟာ နာမည်ပေးအလွန်ကောင်းသလို အတော်လည်း လွယ်လွယ်ပေးကြတယ်။ တခြားဟာတွေက ပြဿနာသိပ်မရှိပေမဲ့ ရောဂါနာမည်က တလွဲရောက်စေတတ်တယ်။ ဆေးစာမှာတော့ အနာမှာပြည်ရှိလာရင် ပြည်တည်နာ ခေါ်ပါတယ်။ ချိုင်းမှာ ပေါက်ရင် ကိန္နရာနာခေါ်ကြတယ်။ ချိုင်းကနာလို့ လက်ကိုကိုယ်မှာမကပ်နိုင်တော့ ကိန္နာက ကသလို နေရတာမို့ပါ။ လက်မှာပေါက်ရင် ခူနာလို့ ခေါ်ကြတယ်။

ပြည်မတည်ခင် အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါး ဖြစ်လာတယ်။ ဖြစ်တဲ့နေရာ တစ်ရှူးအင်္ဂါ အစိတ်အပိုင်းဟာ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့ အလုပ်ကို မလုပ်နိုင် ဖြစ်လာတယ်။ ဒီအဆင့်မှာ Infection ရောင်ခြင်းဆိုတာသာ ရှိပါသေးတယ်။ ရောဂါနာမည်တွေ အဆုံးမှာ -itis ပါရင် ဒါဖြစ်တာလို့ မှတ်ပါလေ။ Stomatitis လျှာနာ၊ Conjunctivitis မျက်စိနာ၊ Appendicitis အူအတက်ရောင်၊ Hepatitis အသည်းရောင် စတာတွေပေါ့။

အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့ မပေါ်ဘူး။ ဥပမာ တင်ပါး၊ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်းခြေချောင်းတွေမှာနေရာက ကျဉ်းတော့ အာရုံကြောနဲ့မဝေးဘူး။ ဒါ့ကြောင့် နာတယ်။

Antibiotic ပဋိဇီဝဆေး ပေးရမယ်။ ဒီပိုးကိုနိုင်တဲ့ဆေး ရွေးတတ်ရမယ်။ ဗက်တီးရီးယားတွေကိုနိုင်တာ ပနယ်စလင်တွေ။ ဒါပေမဲ့ မွေးကျွတ်နာဖြစ်စေတဲ့ အကောင်အတွက် Antistaphylococcal Penicillins ဆိုပြီး သပ်သပ်ရှိတယ်။ Cloxacillin, Dicloxacillin, Oxacillin နဲ့ Nafcillin တို့ဖြစ်တယ်။

1. Cloxacillin စားဆေး
• အရေပြားအနာများ = 500 mg ၆ နာရီတခါ ၇ ရက်ထိုးပါ။ 4 g/day ထက်မပိုစေရ။

2. Dicloxacillin စားဆေး
• အရေပြားအနာများ = 500 mg ၆ နာရီတခါ ၇ ရက်ထိုးပါ။

3. Oxacillin Injection ထိုးဆေး
• အသင့်အတင့်ဆိုးတဲ့ ဗက်တီးရီးယားဝင်ခြင်း = 250-500 mg I.V. ၄-၆ နာရီတခါထိုးပါ။
• ဆိုးဝါးတဲ့ ဗက်တီးရီးယားဝင်ခြင်း = 1 gram I.V. ၄-၆ နာရီတခါထိုးပါ။

4. Nafcillin ထိုးဆေး
• အရေပြားအနာများ = 1 to 2 g IV ၄-၆ နာရီတခါ၊ ၇ ရက်ထိုးပါ။

ပြည်တည်နာကို ပိုးသေဆေး ၂ မျိုးတွဲပေးတာများတယ်။
(၁) Cloxacillin တနှစ်အထက် ၁၈ နှစ်အထိ = Cloxacillin 50 to 100 mg/kg/day ကို ၄ ကြိမ်ခွဲတိုက်ပါ။
(၂) Ampicillin ၇ ရက်သားအထိ Ampicillin 50 mg/kg IM or IV ၁၂ နာရီတခါထိုးပါ။
၈-၂၈ ရက်သားအထိ = Ampicillin 50 mg/kg IM or IV ၆-၈ နာရီတခါထိုးပါ။ တလအထက် (သာမန်) = ထိုးဆေး Ampicillin 25 to 37.5 mg/kg IM or IV ၆-၈ နာရီတခါထိုးပါ။ စားဆေး Ampicillin 12.5 to 25 mg/kg ၆ နာရီတခါသောက်ပါ။ အများဆုံး Ampicillin 4 g/day ထက်မပိုစေရ။ တလအထက်ကလေးဆိုးရင် ထိုးဆေး Ampicillin 50 to 100 mg/kg IM or IV ၆ နာရီတခါထိုးပါ။ အများဆုံး Ampicillin 12 g/day ထက်မပိုစေရ။ ၂ဝ ကေဂျီထက် နည်းတဲ့ကလေး စားဆေး = 50-100 mg/kg/day ကို တနေ့ ၄ ကြိမ်ခွဲပေး။

ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။ အနာမှန်သမျှကို ငြိမ်ငြိမ်ထားပေးရင် အနာကျက်မြန်စေတယ်။ အနာမပေါက်ခင် အပေါ်ကနေ ပိုးသတ်ဆေးရည်တခုခု လိမ်းပေးတာလဲ အကျိုးရှိတယ်။ ဒက်တော၊ အရက်ပြန်၊ အိုင်အိုဒင်း၊ ဆိုတာမျိုး။ အနည်းဆုံးတော့ ရေ-ဆပ်ပြာနဲ့ မကြာမကြာဆေးပေးပါ။ အပူပေးတာဟာ သွေးကိုပိုလျှောက်စေတာမို့၊ အနာကို မြန်မြန်ပျောက်စေတဲ့သဘောရှိတယ်။ ရေနွေးအိပ်တင်တာ၊ ရေနွေးပုလင်း ကပ်တာ။

ပြည်တည်လာရင်တော့ ခွဲထုတ်ရမယ်။ ခွဲစိတ်ပညာမှာ ပြည်ရှိရင်-ခွဲထုတ်ဆိုတာ ဖေါ်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသည်း၊ ဘယ်ထဲရှိရှိ ပြည်ကိုထုတ်ရပါမယ်။ ပြည်ပေါက်-ပျောက်ပြီဆိုတာ အမှန်ပါ။

နို့စို့အရွယ် အဇာတသတ်ရဲ့လက်မှာ ပေါက်တဲ့အနာကို ခူနာလို့ ပြောဟောကြတယ်။ သူ့အနာက ပြည်မှည့်နေချိန်မို့ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကနေ ပါးစပ်ထဲမှာ ငုံထားပေးတဲ့အခါ ပြည်ပေါက် ထွက်သွားရတယ်။ မင်းတရားကြီးဟာ သမားတော်ဇီဝကရဲ့ ဆေးညွှန်းအရလုပ်တာတော့ ဟုတ်မယ် မထင်ဘူး။ နှစ်နှစ်ကာကာချစ်လာရင် ဆီးဖြူ-ဖန်ခါး ငုံထားသလိုဆိုပြီး ပြောလေ့ရှိ တာကြောင့်နေမှာပါ။ ကိုယ်အပူချိန် အာငွေ့ဆိုတာက ၃၇ ဒီဂရီ ရှိလို့ အပြင်လေထက် ပိုပူမယ်။ မိဘမေတ္တာကိုညွှန်းရင် အထိမိဆုံးဥပမာရှိခဲ့သလို၊ ဇနီးသည်မှာ ခူနာပေါက်လို့ အဲလို ငုံပေးသူရှိလာရင်တော့ ချစ်မေတ္တာ ပုံပြင်သစ်ကလေးတခု တိုးလာပါမှာပေါ့ဗျာ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ