Septic Shock ဆက်ပတစ် ရှော့ခ် (သို့) ခုတလောမေးမေးနေကြတဲ့ သေဆုံးရခြင်းအကြောင်းရင်း


ဆရာ မင်္ဂလာပါရှင့်။ ကျမသိချင်တာလေးမေးပါရစေ။ GE spsis profond shock ဆိုတဲ့ရောဂါအကြောင်းသိပါရစေဆရာ။

တယောက်ပြီးတယောက် မေးနေကြတယ်။ ကာယကံရှင်မေးတာ မဟုတ်ရင် အချက်အလက် မမှန်တတ်လို့ မဖြေပါ။ အဲဒီရောဂါအမည်ကို ဆက်ရေးထားပေမဲ့ (၃) ခုဖြစ်နိုင်တယ်။ GE ဆိုတာ အစာလမ်းပိုးဝင်ခြင်း၊ Spsis ဆိုတာ သွေးထဲ ပိုးရောက်တာနဲ့ Profond shock ဆိုတာ ရှော့ ဆိုးဆိုးဝါးဝါးဖြစ်တာ။

Septic shock ဆက်ပတစ်ရှော့ခ်ဆိုတာ ရောဂါပိုးဝင်ရာကနေထွက်တဲ့ အဆိပ်အတောက်တွေကြောင့်ဖြစ်တယ်။ အသက်ကြီးသူတွေ၊ ငယ်တဲ့ကလေးတွေမှာ သေဆုံးတဲ့အထိဖြစ်နိုင်တယ်။ နာတာရှည်လူနာတွေမှာလည်း ဖြစ်နိုင်တယ်။ မွေးစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်းဖြစ်နိုင်တယ်။ HIV ရှိနေသူလည်းဖြစ်နိုင်တယ်။

ပိုးဝင်တိုင်း ရောင်ရမ်းဖြစ်စဉ်ဖြစ်တယ်။ တနေရာမှာ ပိုးဝင်တာကနေ တကိုယ်လုံးရောက်တာကို သွေးထဲပိုးဝင်တာလို့ ခေါ်တယ်။ အရေပြားမှာဖြစ်ရင် အရောင်ပြောင်းလာမယ်။ ခြေလက်တွေမှာပိတ်ရင် တစ်ရှူးတွေသေမယ်။ ဂင်ဂရင်းလို့ ခေါ်တယ်။ ဖြစ်တဲ့ခြေလက် ဖြတ်ပေးရတယ်။ အရေးပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ မရှိမဖြစ်တဲ့အောက်စီဂျင် မရ ဖြစ်လာနိုင်တယ်။ အဲဒီအစိတ်အပိုင်းက အလုပ်မလုပ်နိုင် ဖြစ်လာမယ်။ သွေးဖိအားကျဆင်းရာကနေ သေဆုံးရတယ်။

မွေးစကလေးငယ်လေးတွေ၊ အသက်အရွယ်ကြီးလွန်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ HIV ရှိနေသူတွေ၊ လူးပတ်စ်ရောဂါ ရှိနေသူတွေ၊ ဆိုရီယေးဆစ်ရောဂါရှိသေူတွေ၊ ကင်ဆာဆေးယူနေသူတွေ၊ ခွဲစိတ်မှုအကြီးစား လုပ်ထားသူတွေ၊ ဆီးချိုရှိသူတွေ၊ အာဟာရချို့တဲ့သူတွေ၊ ဆေးရုံမှာတာရှည်နေရသူတွေ၊ ဆေးကုသဘို့ ပိုက်တွေ၊ ဆီးပိုက် စတာတွေတပ်ထားရသူတွေ၊ ခွဲစိတ်လူနာတွေမှာ ဆက်ဖြစ်နိုင်တယ်။ မီးလောင်နာရှိသူတွေ၊ စက်နဲ့ အသက်ရှူနေရသူတွေမှာ ဖြစ်လာနိုင်တယ်။

Septicemia ဆက်ပတီဆီးမီးယားဆိုတာ သွေးထဲပိုးရောက်တာ။ Bacteremia လို့လည်းခေါ်တယ်။ Blood poisoning လို့လည်းခေါ်တယ်။ Septicemia ဆက်ပတီဆီးမီးယားကနေ ဆေးမကုရင် Sepsis ဆက်ပဆစ် ဖြစ်လာနိုင်တယ်။ မတူကြပါ။ တကိုယ်လုံးကိုပိုးရောက်တာကိုသာ ဆက်ပဆစ်ခေါ်တယ်။ ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ ဖန်းဂတ်စ်ပိုးတွေကနေ ဖြစ်စေတယ်။ မူလနေရာကပိုးတွေ နေရာအနှံ့ရောက်လာမယ်။ ပွါးများလာတယ်။

ဆီးလမ်းပိုးဝင်ခြင်းနဲ့ ကျောက်ကပ်ပိုးဝင်ခြင်း၊ အဆုပ်ပိုးဝင်ခြင်းနဲ့ နူမိုးနီးယား၊ အစာလမ်းနဲ့ ဗိုက်ထဲပိုးဝင်ခြင်း (မေးခွန်းထဲကရောဂါ) တွေကနေ ဆက်ဖြစ်နိုင်တယ်။ မျိုးပွါးလမ်းကနေလည်းဆက်ဖြစ်နိုင်တယ်။

ဆက်ပဆစ်ဆိုတာ ရောဂါပိုးအတွက် ခုခံအားစနစ်က အပြင်းအထန်ခုခံလို့ဖြစ်တယ်။ တကိုယ်လုံး ရောင်ရမ်းဖြစ်စဉ် ဝင်လာမယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အလုပ်မလုပ်နိုင်ဖြစ်တာနိုင်တယ်။ သွေးဖိအားသိပ်ကျတာကို Septic Shock ဆက်ပတစ် ရှော့ခ် လို့ခေါ်တယ်။ အဆိပ်တွေကနေ ဖြစ်စေတယ်။ Acute Respiratory Distress Syndrome (ARDS) ခေါ် ရုတ်တရက် အသက်ရှူလမ်း ဖိအားသက်ရောက်ခံရခြင်းလည်း ဆက်ဖြစ်လာနိုင်တယ်။

ဖြစ်လာရင် မြန်တယ်။ ဖျားမယ်။ 101˚F (38˚C) ကျော်မယ်။ ကိုယ်ပူချိန် ပုံမှန်ထက် နည်းတာလည်းဖြစ်နိုင်တယ်။ အေးစက်လာမယ်။ ချမ်းမယ်။ ပျို့အန်မယ်။ အသက်ရှူမြန်မယ်။ တမိနစ်မှာ ၂ဝ ကျော်နိုင်တယ်။ သတိလစ်မယ်။ ဆီးသိသိသာသာနည်းမယ်။ စိတ်မကြည်လင်ဖြစ်မယ်။ ခေါင်းမူးမယ်။ အသက်ရှူရခက်မယ်။ နှုတ်ခမ်းပြာနေမယ်။ သွေးဖိအားကျမယ်။ နှလုံးအလုပ်မမှန်ဖြစ်လာမယ်။ မြန်လာမယ်။ အားနည်းမယ်။ ပိုဆိုးလာရင် အရေပြားrSm အနီစက်လေးတွေ ပေါ်လာမယ်။ ပိုဆိုးရင် ရှော့ခ်ရမယ်။ Severe sepsis အဆင့်ဆိုတာ မေးခွန်းထဲမှာပါတဲ့ Prodound ကိုပြောတာဖြစ်တယ်။

စစ်ဆေးခြင်း
သွေးစစ်ရင် ဗက်တီးရီးယားတွေ့မယ်။ သွေးမှုံနည်းနေမယ်။ အသည်းအလုပ်နဲ့ ကျောက်ကပ်အလုပ် အားနည်းနေမယ်။ ဓါတ်ဆားမညီတာဖြစ်မယ်။ X-rays ရိုက်မယ်။ CT scan ရိုက်မယ်။ ultrasound ရိုက်မယ်။ MRI ရိုက်မယ်။

နောက်ဆက်တွဲဖြစ်နိုင်တာတွေ
နှလုံးနိုင်အောင်မလုပ်နိုင်တော့ခြင်း၊ ကျောက်ကပ်မလုပ်နိုင်တော့ခြင်း၊ အသက်ဝအောင်မရှူနိုင်ခြင်း၊ သွေးခဲခြင်း၊ ဆထုပ်ခေါ် ဦးနှောသွေးကြောမတော်တဆဖြစ်ခြင်း၊ အသည်းနိုင်အောင်မလုပ်နိုင်တော့ခြင်း၊ ရှော့ရခြင်း၊ သေဆုံးခြင်း။

ကုသခြင်း
စောလေကောင်းလေဖြစ်တယ်။ အထူးကုသခန်းမှာထားကုသရမယ်။ ပိုးသေဆေး ရွေးပေးရမယ်။ ပိုးသေဆေးကို သွေးကြောကနေသွင်းပေးရတယ်။ အနာသက်သာဆေး ပေးရမယ်။ အရည်တွေ သွေးကြောနေ သွင်းပေးရမယ်။ ကျောက်ကပ်မကောင်းရင် ကျောက်ကပ် စစ်ပေးရမယ်။ သွေးဖိအားတက်ဆေးပေးရမယ်။ ကော်တီကိုစတီရွိုက်ဆေး လိုမယ်။ အသက်ရှူကူစက်လိုနိုင်တယ်။ တချို့ခွဲစိတ်ကုသမှုလိုတယ်။

အလားအလာ
လူနာ ၅ဝ%သာ အသက်ရှင်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ