Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း


၁။ သမီးခင်ပွန်းအသက် က ၃၁နှစ်ပါ။ သူ့မှာ ငယ်ငယ်ကတည်းက နှာခေါင်းတဖက်ပိတ်တတ်ပါတယ်တဲ့။ ဆေးခန်းတော့ ဂုထိမပြဘူးသေးပါဘူးဆရာရှင့်။ အဂုလည်း အိပ်နေရင်းဘဲဖြစ်ဖြစ် ဒီအတိုင်းနေရင်လည်း နှာခေါင်းတဖက်က နှာစေးရင်ပိတ်သလို ပိတ်နေတတ်တာသမီးမြင်လို့ပါ။ စိတ်ပူလာလို့ပါဆရာရှင့်။ ပြန်ဖြေပေးဖို့မျှော်နေပါမယ်ရှင့်။ ကျေးဇူးတင်ပါတယ်။

ခုထိ၊ အခုထိ၊ ယခုထိလို့သာရေးရတယ်။

၂။ ဆရာမင်္ဂလာပါ။ သမီးအသက်က ၂၆ နှစ် Single ပါ။ နှာစေးသလိုကနေစပြီး အခု နှာခေါင်းတဖက်ပိတ်နေလို့ပါ။ နှာရည်ကြောင့်မဟုတ်ပါဘူး။ အထဲမှာ အလုံးကိုမြင်နေရပါတယ်။ အရင်က နည်းနည်းပွင့်နေတော့ ရှူလို့ရသေးတော့ Cetrine ဘဲသောက်ဖြစ်ပါတယ်။ မနေ့ကရွာပြန်တော့ ပိုအေးလို့လာမသိ အခုတဖက်က လုံးဝကိုရှူမရတော့လို့ပါ။ နက်ဖြန်လဲ long day duty ရှိလို့ပါ။ ဘာဆေးသောက်လို့ရမလဲလို့ပါ။

၃။ ကျွန်တော့်အသက် ၃ဝ ပါဆရာ။ အိမ်ထောင်မရှိပါ။ ကျွန်တော့်နှာခေါင်းအတွင်းမှာ အသားပို (အနီရောင် အသားတုံး) ဘယ်ဖက်နှာခေါင်းမှာထွက်နေတာ နှာခေါင်းပေါက် ပိတ်လုနီးနီး ဖြစ်နေပါပြီဆရာ။ ကျွန်တော်သတိထားမိတာ (စဖြစ်တဲ့အချိန် အသားစသေးသေးလေး) လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကပါဆရာ။ အသားတုံးရှိတဲ့နေရာက နှာနုရဲ့ အဆုံး နှာခေါင်းရိုး အတွင်းဖက်မှာပါဆရာ။ ဒီအတိုင်းနေနေရင်တော့ မနာမကိုက်ပါဘူး။ နှာခေါင်းပေါက်ထဲ ထိုးကြည့် ထိကြည့်ရင်လဲ သိပ်မနာပါဘူးဆရာ။ ထိမှန်းသိရုံကလေးနာပါတယ်။ ဆရာ့ဘလော့ခ်ထဲမှာ အဲ့ဒီအကြောင်း (နှာခေါင်း ကင်ဆာ ဒါမှမဟုတ် ရောဂါတခုခု) အကြောင်းရေးထားတာ မတွေ့မိပါဘူးဆရာ။ ကျွန်တော်ရှာတာလဲ မနှံ့သေးတာပါ။

နှာခေါင်းအတွင်းကို ဖုံးထားတဲ့အလွှာကနေဖြစ်ဖြစ် နှာခေါင်းဘေးက လေခိုအိတ် Sinus ကဖြစ်ဖြစ် အသားပိုထွက်လာကို ခေါ်တယ်။ အသားပို တခုမကလည်းဖြစ်တတ်တယ်။ တခုခုအရင်ဖြစ်ပြီးမှ ရလဒ်အဖြစ် အသားပို ထွက်လာတာပါ။ တခုခုနဲ့ မတည့်ခြင်း အလာဂျီ၊ ပန်းနာ၊ နာတာရှည် ထိပ်ကပ်နာ ဆိုင်းနပ်စ်၊ ဖန်းဂတ်စ် မှို နဲ့ ကလေးများမှာ မွေးရာပါ မျက်ရည်၊ တံတွေး၊ ချွေး၊ အစာခြေရည် စတဲ့ အရည်ထွက် ဂလင်းမှန်သမျှကို ထိခိုက်တဲ့ ဆစ်စတ်ဖိုက်ဘရိုးဆစ်ဖြစ်ရာကနေ ဆက်ဖြစ်တာမျိုး ပြောတာပါ။

အသားပိုဆိုတာ ဆေးပညာအလိုအရ အမျိုးအစားခွဲရင် အများကြီးပါ။ ဖတ်ရတာရှုတ်နေမှာမို့ ထည့်မရေးတော့ပါ။ ဘယ်လိုက ဘယ်လို ဖြစ်လာရတာကိုတော့ ဆရာ့ဆရာများ အသေအချာ မသိသေးပါ။ သိဘို့ကောင်းတာက လူ့ကိုယ်မှာ အလုံး-အကြိတ် မှန်သမျှ ကင်ဆာမဟုတ်တာနဲ့ ကင်ဆာ ဆိုပြီး နှစ်မျိုးရှိတယ်။ ဒီနေရာမှာလဲ ဒီအတိုင်းပါဘဲ။ ကင်ဆာ မဟုတ်တာတွေအတွက် ရေးပါရစေ။

အရွယ်အစားသေးနေတုံး ဘာမှမခံစားရသေးပါ။ စစ်ဆေးတာတောင်မှ နောက်နားကဖြစ်နေရင် မတွေ့ဘဲနေတတ်ပါတယ်။ လက္ခဏာစဖြစ်ရင် ဆိုင်းနပ်စ်မှာလို နှာခေါင်းပိတ်၊ နှာစေး၊ နှာချေတာတွေပါဘဲ။ မနာပါ။ နှာခေါင်းပိတ်တာ၊ နှာရည်က နှာခေါင်း နောက်ဖက်မှာ ယိုတာ၊ ခေါင်းက အုံပြီးကိုက်မယ်၊ အသက်ရှူရ ခက်လာမယ်။ အိပ်ရင် ဟောက်မယ်။ စကားသံပါ ပြောင်းလာပါမယ်။ အနံ့ကောင်းကောင်းမရလဲ ဖြစ်နိုင်တယ်။ နှာခေါင်းသွေးယိုတာ နဲပါတယ်။ သိပ် ကြီးလာရင် ပါးစပ်နဲ့ဘဲ အသက်ရှူရပြီး၊ အိပ်ရတာတောင် မလွယ်တော့ဘူး။

ကုသနည်းတွေ -
• Antihistamines အင်တီဟစ်စ်တမင်းဆေး၊ ဆေးနာမယ်တွေက အေတူဇက်ရှိပါတယ်။ (Diphenhydramine, Loratadine, Desloratadine, Meclizine, Quetiapine, Fexofenadine, Pheniramine, Cetirizine, Promethazine, Chlorpheniramine, levocetirizine)
• Decongestants ချွဲပျော်ဆေး၊ (Acetaminophen, Chlorpheniramine, and Pseudoephedrine)
နှာခေါင်းထဲပန်းထည့်ရတဲ့ဆေး Cromolyn sodium Nasal Spray (Intal, Intal Inhaler, Gastrocrom)
စတီရွိုက်ဆေး (Fluticasone, Beclomethasone, Budesonide) တွေဖြစ်ပါတယ်။ အတော်ထိရောက်ပါတယ်။
• (ဗက်တီးရီးယား) ဝင်တာကို Antibiotics ပဋိဇီဝဆေးပေးရပါမယ်။ (Amoxicillin , Ciprofloxacin, Norfloxacin, Ofloxacin, Gatifloxacin, Gemifloxacin, Levofloxacin, Moxifloxacin, Trovafloxacin)
• အလာဂျီနဲ့ဆိုင်သူများအတွက် ပါးစပ်ကနေသောက်တာနဲ့ နှာခေါင်းထဲထည့်ရတဲ့ ကော်တီကိုစတီရွိုက်ဆေးတွေကို အားကိုးရမှာပါ။ အသားပိုကို တိုက်ရိုက်ဆေးထိုးနည်းကို ခွင့်မပြုပါ။ Aristocort (Triamcinolone) Tablets နဲ့ Aristocort (Triamcinolone diacetate) injection က စိတ်ချရတယ်လို့ ဆိုပါတယ်။
• အများသုံးကြတာကတော့ Prednisone 30-60 mg စားဆေးကို ၄ ရက်ကနေ ၇ ရက် ကြာပေးပြီး၊ တဖြည်းဖြည်း ဆေးကို ၂ ပါတ် ၃ ပါတ်နဲ့အပြီး၊ လျော့လျော့ပေးသွားရပါတယ်။ ကလေးဆိုရင် ကိုယ်အလေးချိန် ၁ ကီလိုကို ၁ မီလီဂရမ် နှုန်းနဲ့ ပေးပါတယ်။ အစရက်တွေမှာ ၂ လုံး ၄ ကြိမ် = ၈ ပြား (၆ နာရီခြား)၊ နောက် ၆ ပြား၊ နောက် ၄ ပြား၊ ၂ ပြား၊ ၁ ပြား၊ တခြမ်း။
• စတီရွိုက်ဆေးမျိုးက စားဆေး၊ ရှူဆေး၊ ထိုးဆေး ဘာဖြစ်ဖြစ် တာရှည်မပေးသင့်ပါ။ ဆေးရဲ့ မကောင်းချက်က ဆီးချို၊ သွေးတိုး၊ မျက်စိရေတိမ်၊ အတွင်းတိမ်၊ အရိုးအားနည်း၊ ကလေးဆိုရင် ကြီးထွားတာကို နှေးစေမယ်။
• နှာခေါင်းကြည့်ကရိယာနဲ့ စစ်ဆေးမယ်။ လိုအပ်ရင် တိတိကျကျသိရအောင် CT scan လုပ်ပါမယ်။ အလာဂျီကြောင့် ဖြစ်ရသူတွေကို Immunotherapy ခေါ်တဲ့ ဓါတ်ပြီးကုသမှုမျိုးလုပ်ပေးသင့်ပါတယ်။ ဒီနည်းက ရောဂါတခုခုဖြစ်ရင် အဲဒါကို နောင် ဖြစ်မလာအောင် ဒုတ်ပြီး၊ ဒါးပြီးလို ပြီးသွားအောင်လုပ်ပေးနည်းဖြစ်ပါတယ်။
• Homeopathic ဟိုမီယိုပက်သစ်ဆေး Sanguinaria က နာတာရှည်အအေးမိတာကနေ အသားပို ထွက်တာမျိုးအတွက် အစွမ်းထက်ပါတဲ့။ နောက်ဖက်နားကနေထွက်တဲ့ ခပ်ကြီးကြီး အသားပိုကို Teucrium က ကောင်းပါသတဲ့။ ခွဲစိတ်ပြီးနောက် Calcarea Carb ပေးရင် ထပ်ဖြစ်တာနည်းတယ်လို့ ဆိုပါတယ်။

ဆေးနဲ့မရတော့ရင် ခွဲစိတ်ကုသနည်းလုပ်ရပါတော့မယ်။ တခုတည်းသော အသားပို၊ တခုမကပေမဲ့ သိပ်မကြီးရင်၊ Simple polypectomy နည်းက အကောင်းဆုံးပါ။ ကျန်တာတွေကိုတော့ Endoscopic sinus surgery ဒါမှမဟုတ် Functional endoscopic sinus surgery (FESS) နည်းသုံးရပါမယ်။ သေခြာအောင် CT scan ကြည်ရင်းခွဲရပါတယ်။
အောင်မြင်တဲ့ခွဲစိတ်မှု ဖြစ်ပေမဲ့ ပြန်ဖြစ်တတ်တယ်။ အလာဂျီဖြစ်တာ၊ မတည့်တာတွေ ဆက်ရှိနေ၊ ထပ်ဖြစ်နေလို့ ပြန်ပေါ်လာတာ ဖြစ်တာကြောင့် ဘာကိုရှောင်ရမလဲဆိုတာ သိအောင်လုပ်ပြီး ရှောင်နိုင်အောင် ရှောင်ပါလေ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ