Heart rate နှလုံးခုန်နှုန်း


ဆရာရှင့် သမီးရဲ့နှလုံးခုန်နူန်းက 30 နဲ့ 40 ကြားမှာသာ ရှိနေတတ်ပါတယ်။ အသက်ရူမဝဘူးဆရာ။ ဖြေကြားပေးပါရှင့်။

မင်္ဂလာပါဆရာ သက်ရှည်ကျန်းမာပျော်ရွင်ပါစေရှင့်။ လိုင်းကမကောင်းတော့ဘာမှမမြင်ရသေးဘူး။ သမီးခံစားနေရတဲ့ဝေဒနာက စိုးရိမ်ရပါလား။ သမီးကကွက်ခိုင်ကပါရှင့်။ ဟိုနေ့ကတိုက်ပွဲကြားပြေးနေရတာ မပြေးနိုင်ပဲ ဖြစ်နေပါတယ်။ အလာကားနေရင်း နှလုံးခုန်နူန်းက 20 နဲ့ 30 ထိကျနေတတ်တယ်ရှင့်။ မှတ်ဥာဏ်လဲမကောင်းတော့ဘူး။ စိုးရိမ်ရပါလာရှင့်။ ဖြစ်နေတာ လွန်ခဲ့တဲ့တစ်နှစ်ကပါ။ အမောဆိုက်တတ်တာက လွန်ခဲ့တဲ့ဆယ်နှစ်ကပါ

2:19PM
တိုက်ပွဲတွေအတွက် ဆောရီး။ နှလုံးခုန်နှုန်းက သေချာပါသလား။ ပုံမှန် တမိနစ်မှာ ၇ဝ ကနေ ၈ဝ ရှိတယ်။ ပြေားရ လွှားရရင် ပိုမြန်မယ်။ တမိနစ်မှာ ၉ဝ-၁ဝဝ ဖြစ်နိုင်တယ်။ နှလုံးခုန်နှုန်း စမ်းတိုင်း ၆ဝ အောက်ရောက်နေရင် ဟဒ်ဘလော့ ဖြစ်နေမလား စစ်ရမယ်။

Heart sound နှလုံးခုန်သံ
နှလုံးခုန်သံကို ဆရာဝန်တွေက နားကြပ်နဲ့နားထောင်ကြတယ်။ နားကကြားတာကို ပါးစပ်ကနေ ပြန်ပြောရင် ဒုတ်-ဒုတ်ဆိုပြီး ခပ်လွယ်လွယ် အရင်သံရော နောက်သံကို တမျိုးတည်းလိုလိုပြောလေ့ရှိကြတယ်။ အင်္ဂလိပ်တွေကတော့ Lub-Dub လပ်ဖ်-ဒပ်ဖ်လို့ အသံ ၂ မျိုး ခွဲထွက်ကြတယ်။ အသံတွေပြန်ပြောကြတာမှာ သူတို့နဲ့ ကျွန်တော်တို့ကွာတာ ဒီနေရာမှာသာ မဟုတ်ပါ။ ကြက်တွန်တာကို အောက်-အိ-အီ-အွတ်လို့ ပြောတာကို သူတို့က Cock a doodle doo လို့ ရေးကြတယ်။ နှလုံးခုန်တာ ပဌမသံနဲ့ ဒုတိယသံ ခွဲပြောတာက စနစ်ကျတယ်။

1. ပဌမသံဟာ ထရွိုင်-ကပ်စ်ပစ်-ဗာ့လ်ဖ် နဲ့ မိုင်ထရွယ်-ဗာ့လ်ဖ်တွေ ပိတ်တဲ့ အသံနဲ့ အဲဒီအချိန်မှာ ဖြစ်လာနတဲ့ သွေးလှိုင်းတွေကြောင့် ဖြစ်တယ်။

2. ဒုတိယသံဟာ ပါလ်မိုနရီ-ဗာ့လ်ဖ်နဲ့ အေယိုးတစ်-ဗာ့လ်ဖ်တွေ ပိတ်တဲ့ အသံနဲ့ အဲဒီအချိန်မှာ ဖြစ်လာနတဲ့ သွေးလှိုင်းတွေကြောင့် ဖြစ်တယ်။

Pulse ဆိုတာ ရူပဗေဒ နဲ့ ရုက္ခဗေဒမှာတော့ တမျိုးစီ ခေါ်ကြတယ်။ ဆေးပညာမှာ Pulse Rates ပါ့လ်စ်-ရိတ်ဆိုတာ လက်ကောက်ဝတ် လက်မအထက်နားမှာစမ်းတဲ့ သွေးခုန်နှုန်းကို ခေါ်တယ်။ အမှန်က နှလုံးခုန်တာကို အလွယ်စမ်းတာ ဖြစ်တယ်။ တခြားနေရာတွေမှာလဲ စမ်းလို့ရပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေမှာတော့ လည်ပင်းစမ်းပြတတ်တယ်။

နှလုံးခုန် မြန်တာကို Tachycardia ခေါ်တယ်။ နှလုံးခုန် နှေးတာကို Bradycardia ခေါ်ပြီး နှလုံးခုန်မမှန်ရင် Arrhythmias လို့ ခေါ်တယ်။

နှလုံးက ဘာလို့ခုန်နေရတာလဲ
ကိုယ်ခန္ဓာမှာ လျှပ်စစ်စနစ် နဲ့ လျှပ်စစ်ကို သုံးနိုင်စွမ်းရှိတဲ့ စပါယ်ရှယ် ဆဲလ်တွေ ရှိနေလို့ပါ။ ပေ့စ်-မိတ်ကာ-ဆဲလ် တွေဆိုတာ နှလုံးထဲမှာ ရှိသေးတယ်။ လျှပ်စစ် အင်မ်ပါ့လ်စ်ကြောင့် နှလုံးကြွက်သားတွေ ညှစ်စေတယ်။ မွေးရာပါ ပေ့စ်-မိတ်ကာ-ဆဲလ် ကို စိုင်နိုအေရီရယ်-နုတ်လို့ ခေါ်တယ်။ ညာ-အထက်ခန်းမှာ ရှိတယ်။ သူ့ကို မဒူလာ အော်ဘလောင်ဂေတာ ခေါ် ဦးနှောက်ရဲ့ အစိတ်အပိုင်း တခုက ထိန်းပေးနေတယ်။

စိုင်နိုအေရီရယ်-နုတ် ကနေ စပါယ်ရှယ်-ဖိုင်ဗာအာရုံကြောတွေ ဖြာထွက်နေတယ်။ အပေါ်ခန်းတွေမှာရှိတဲ့ ဖိုင်ဗာတွေကနေ အပေါ်နှစ်ခန်းလုံးကို တပြိုင်ထဲ ညှစ်စေတယ်။ ဝ့၎ စက္ကန့်သာ ကြာတယ်။ နှလုံး အောက်ခမ်းတွေကို သွားတဲ့ စပါယ်ရှယ်-ဖိုင်ဗာကို ဘန်ဒယ်လ်-အော့ဖ်-ဟစ်လို့ နာမယ်ပေးထားတယ်။ သူကနေ ဆက် ဖျာထွက်တာတွေကို Purkinje fibers ပါကင်ဂျီ-ဖိုင်ဗာလို့ ခေါ်ပြန်တယ်။

အော်တိုနောမစ်-နားဗတ်စ်-ဆစ်စတမ် ခေါ် အလိုအလျောက် အာရုံကြောစနစ်က အာရုံကြောတွေလဲ ရှိသေးတယ်။ ဒီစနစ်မှာလဲ ၂ မျိုးရှိတယ်။ ဆင်ပသက်တစ်-နားဗတ်စ်-ဆစ်စတမ် နဲ့ ပါရာ-ဆင်ပသက်တစ်-နားဗတ်စ်-ဆစ်စတမ်တွေ ဖြစ်တယ်။ ဆင်ပသက်တစ်စနစ်ကြောင့် နှလုံးခုန်တာ မြန်စေ-အားကောင်းစေပြီး၊ ပါရာ-ဆင်ပသက်တစ်ကြောင့် နှေးစေ-အားနည်းတယ်။

လျှပ်စစ်လှိုင်းတွေကို တိုင်းတာလို့ ရတယ်။ ဂရပ်မျဉ်းနဲ့ ပြတာကို အလက်ထရို-ကာဒီယို-ဂရမ် (ECG) (EKG) ခေါ်တယ်။ မျဉ်းတန်းတွေကို တခုချင်း နာမယ်ပေးထားတယ်။
• ပီ-ဝေ့ဖ်ဆိုတာ နှလုံးအပေါ်ခန်းတွေမှာ ညှစ်ခါနီးရှိတဲ့ လျှပ်စစ် ပြန့်နှုန်း ဖြစ်တယ်။
• ကျူ-အာရ်-အက်စ်-ကွန်ပလက်စ် ဆိုတာ နှလုံးအောက်ခန်းတွေမှာ ညှစ်ခါနီးရှိတဲ့ လျှပ်စစ် ပြန့်နှုန်း ဖြစ်တယ်။
• တီ-ဝေ့ဖ် ဆိုတာ နှလုံးအောက်ခန်းတွေမှာ ပြန်ကျလာချိန်မှာ တိုင်းတာဖြစ်တယ်။

နှလုံးမှာ သူ့ကိုယ်သူ သွေးလှည့်စနစ်ရှိတယ်။ ကိုရိုနရီ-အာထရီတွေလို့ ခေါ်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ အဲဒီသွေးကြောတွေ ကျဉ်းခြင်းတာဖြစ်ပါတယ်။ ဒါတွေမှာ လာပိတ်တာကို ဟတ်-အတက်ခ် ရတယ်လို့ ခေါ်တယ်။

နှလုံးခုန်နှုန်းက အသက် မတူရင် မတူဘူး။ ကိုယ်ဝန် ၅ ပါတ်ရှိရင် အထဲကကလေး နှလုံး စခုန်နေပြီ။ ခုန်ကာစမှာ အမေလို တမိနစ်မှာ ၈ဝ-၈၅ ခုန်ရာကနေ တရက်မှာ ၃ ခါတိုးနှုန်းနဲ့ မြန်မြန်လာတယ်။ ၉ ပါတ်ရှိရင် ၁၇၅ အထိ ရှိလာတယ်။ ဒိနောက် ပြန်နှေးလာတယ်။ ပုံမှန် ဗိုက်ထဲကလေး နှလုံးခုန်နှုန်း တမိနစ်မှာ ၁၂ဝ-၁၈ဝ ရှိတယ်။ ကလေးတွေက လူကြီးတွေထက် နှလုံးခုန်မြန်တယ်။ ဒါ ပုံမှန်ဖြစ်တယ်။

• ၁ နှစ်အောက်ကလေး = တမိနစ်မှာ ၁၁ဝ-၁၆ဝ
• ၁-၂ နှစ် ကလေး = တမိနစ်မှာ ၁ဝဝ-၁၅ဝ
• ၂-၅ နှစ်ကလေး = တမိနစ်မှာ ၉၅-၁၄ဝ
• ၅-၁၂ နှစ်ကလေး = တမိနစ်မှာ ၈ဝ-၁၂ဝ
• ၁၂ နှစ်အထက် = တမိနစ်မှာ ၆ဝ-၁ဝဝ

နှလုံးဟာ
တမိနစ် = 72 ကြိမ်
တနာရီ= 4,320
တနေ့ = 103,680
တနှစ် = 37,843,200
အသက် ၂ဝ = 756,864,000
အသက် ၄ဝ = 1,513,728,000 ကြိမ်ခုန်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ