CPR for newborn babies မွေးကာစကလေး CPR လုပ်ပေးနည်း


CPR ခေါ်တဲ့ နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်းတင်တော့ ဖတ်တဲ့သူမနည်းတာတွေ့ရတယ်။ လူကြီးတွေကို လုပ်ပေးနည်းနဲ့ တနှစ်အောက်ကလေးတွေလုပ်ပေးနည်း ၂ မျိုးလုံးရေးထားပါတယ်။ မွေးမွေးချင်း အသက်မရှူတဲ့ကလေး ရှိတတ်တယ်။ ပြာနှမ်းနေလို့ Blue baby ခေါ်တယ်။ အဲတာဆို ဘယ်လုပ်ပေးမလည်း။

နယူးဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်ပြီး မြန်မာဒုက္ခသည်တွေကျန်းမာရေး လုပ်ပေးနိုင်တာလေးတွေ လုပ်ပေးခဲ့စဉ်က ကိုယ်ဝန်ဆောင်တွေက မနည်းပါ။ အိန္ဒိယကနေထွက်လာတဲ့အထိ ကလေးပေါင်း ၃၄၉ ယောက်ကို မွေးပေးနိုင်ခဲ့တယ်။ မွေးစာရင်းကို ပြန်ကြည့်တော့ မွေးမွေးချင်း မငို၊ အသက်မရှူ၊ နှလုံးမခုန်တဲ့ကလေးပေါင်း (၇) ယောက်တွေ့ပါတယ်။

မွေးလူနာနံပါတ်၊ မိခင်အမည်၊ မိခင်အသက်၊ မွေးဖွါးနေ့စွဲ၊ မွေးဖွါးချိန်၊ ကျား-မ၊ မှတ်ချက်။
45. Ma Hla Ni, 32 F, 22-7-08, 2:10 PM, F, Breech + Blue Baby
54. Sui Tin Sung, 30 F, 9-11-08, 00:50 AM, F, Oxytocin; Blue Baby
65. Ciin San Deih, 18 F, 9-3-09, 5:00 PM, M, Oxytocin, Tear + Repair, Blue baby
189. Zai I, 19 F, 16-6-11, 05:52 AM, M, Oxytocin, EPI, Blue baby
256. Esther Lily Pari, 23 F, 6-8-12, 04:10 AM, F, Oxytocin, Blue baby
264. Sui Men, 30 F, 20-9-12, 04:00 PM, F, Normal labor (Blue baby)
300. Vung Pal, 20 F, 13-5-13, 10:15 AM, F, Normal labor, EPI, Blue baby

ကလေး (၇) ယောက်လုံးကို အသက်ရှူလာအောင်နဲ့ နှလုံးပြန်ခုန်လာအောင် လုပ်ပေးခဲ့ရတယ်။ တချို့ကလေးတွေက နှလုံးခုန်သံကြားရလို့ တော်သေးတယ်။ တချို့ကလေးက နှလုံးလည်းမခုန်၊ အသက်လည်းမရှူ၊ ပြာနှမ်းပြီး၊ ကလေးကို ကိုင်ရတာ ပျော့ဖတ်နေတယ်။ ရေမြွာရည်ကနောက်နေတော့ ချက်ကြိုးအရောင်လည်း ခပ်ဝါဝါစိမ်းစိမ်းဖြစ်နေပြီ။
သည်လိုကလေးမျိုးကို CPR လုပ်ရတာက တနည်းလို့ပြောရမယ်။ နည်းကို အတိုကောက်စာလုံး ၃ လုံးထဲက R ဆိုတာက ပြန်လည်အလုပ်လုပ်စေခြင်းဖြစ်ပေမယ့် သည်လိုကလေးက နှလုံးခုန်တာက ရပ်သွားလို့ပြန်လုပ်ပေးရတာမှန်ပေမယ့် သူ့တသက်မှာ တခါမှာ အသက်မရှူဘူးသေးပါ။

မွေးမွေးချင်း ကလေးကိုဇောက်ထိုးကိုင်ပြီး ကျောပုတ် ပေးတာကတော့ မွေးလာတဲ့ကလေးတိုင်းကို လုပ်ရပါတယ်။ သည်လိုပြာနေတဲ့ကလေးကြ ကလေးကို စားပွဲခုံမှာတင်ထား။ တယောက်ကို နှာခေါင်းစည်းဖြုတ်ပေးခိုင်းပြီး နားထဲကို နားကြပ်အတပ်ခိုင်းရတယ်။ နှလုံးခုန်သံ နားထောင်ဘို့။
နားကြပ်အဝိုင်းမျက်နှာပြင်ကိုသာ ကလေးရင်ပတ်ကို ဖိစရာလုပ်ရတယ်။ နားကြပ်အဝိုင်းနဲ့ကအံကျ။ လိုသေးရင် ဘယ်ဖက် လက်ဝါးထဲမှာ ကလေးအပေါ်ပိုင်းကို ထည့်ကိုင်ထားပြီး ကလေးရင်ခေါင်းပိုင်းအောက်က ကိုယ့်လက်ချောင်း ၄ ချောင်း၊ အထက်မှာ လက်မထားပြီး ကလေးနံရိုးအိမ်ကို ဖိလိုက်လျှော့လိုက်လုပ်ရတယ်။ ဘာဖက်လက်မှာက နားကြပ်၊ နှလုံးနေရာနဲ့ ရင်ညွန့်ရိုးပေါ်တင်ထားပြီး ဖိချပေးရတယ်။

ကြားထဲအချိန်မှာ နှလုံးခုန်သံပေါ်လာပြီလားဆိုတာ နားထောင်နေရတယ်။ ၅ ကြိမ်လောက် ဖိတာလျှော့တာလုပ်ပြီးရင် ကလေးပါးစပ်ကို ကိုယ့်ပါးစပ်နဲ့ လေမှုတ်သွင်းပေးရတယ်။ လူကြီးတွေလို လူနာရဲ့ကို လက်တဖက်နဲ့ပိတ်ပြီး၊ ပါးစပ်ချင်း တေ့မှုတ်လို့မရပါ။ ကလေးပါးစပ်ရော နှာခေါင်းကိုပါ ကိုယ့်ပါးစပ်နဲ့ငုံပြီး လေမှုတ်သွင်းရတယ်။ ဒါကြောင့် ကိုယ့်နှာခေါင်းစည်းကို အရင်ဖြုတ်ခိုင်းထားရတာ။

ကလေးက မိခင်မွေးလမ်းကထွက်လာတာ စက္ကန့်ပိုင်းလေးသာရှိသေးတယ်။ သန့်ရှင်းရေးဘာမှ မလုပ်ရသေးပါ။ ဆရာမတယောက်က ဖြစ်နိုင်သလောက် ကလေးကိုရော ဆရာဝန်ကိုပါ ဂွမ်းစ၊ အဝတ်စနဲ့ သန့်ရှင်းရေး ဘေးကနေ လုပ်ပေးနေရသေးတယ်။

ခဏနေတခါ ကလေးကို ဇောက်ထိုးထားနေချိန်မှာ ကျောကို ပုတ်ပေးရတယ်။ နားကြပ်ကလည်း ကလေးရင်ပတ်ကနေ မခွါရပါ။ ခဏနေတော့ အောက်ပြန်ချ၊ ပါးစပ်မှုတ်တာနဲ့ နှလုံးနေရာ ဖိပေးတာကို လေမှုတ်တာ ၅ ခါ၊ နှလုံးဖိတာ ၁ ခါ၊ ဖေါ်မြူလာအရ ဆက်လုပ်ရတယ်။ ကလေးလည်ပင်းလေးက ပျော့စိနေလို့ ဇောက်ထိုင်းကိုင်ချိန်နဲ့ ပြန်ချချိန်တွေမှာ သတိထားရတယ်။

အရင်ဆုံးက နှလုံးခုန်လာမယ်။ အဲတာဆို အားရစရာဖြစ်လာပြီ။ အသက်ရှူလာဘို့ကတော့ ဇောက်ထိုးထားပြီး ကျောပုပ်တာနဲ့ လေမှုတ်သွင်းတာဖြစ်တယ်။ တပြိုင်တည်းမှာ ခြေနင်းချွဲစုပ်စရာနဲ့ မပြတ်ချွဲစုပ်ပေးနေရတယ်။
နှလုံးခုန်မလာတာ အချိန်နည်းနည်းကြာလာရင်တော့ Adrenaline ထိုးဆေးလိုလာပြီ။ ကလေးချက်ကြိုးကနေ ထိုးပေးရတယ်။ အဲလိုကလေးမျိုးမှာ ချက်ကြိုးက သွေးကြောရှာဘို့ခက်တယ်။ ရတဲ့နေရာမှာထိုးရတယ်။ နောက်ဆုံး ကလေးနှလုံးထဲ တည့်တည့်ထိုးပေးရတယ်။

ကလေးက တချက်တချက် ရှိုက်လာရင် အသက်ရှူတော့မယ်။ ဆက်လုပ်။ ကလေးကို နွေးထွေးအောင်လုပ်ပေးလို့ရပြီ။ အသက်ရှူသံ တိုးတက်လာတာနဲ့ ကလေးအသားရောင်ကလည်း ပန်းရောင်ဖက်လဲလာမယ်။ ကလေးငိုသံကြာရတာနဲ့ ကလေးအမေထက် ဆရာဝန် ဆရာမတွေကို ပိုဝမ်းသာကြတယ်လို့ပြောတာ မလွန်ပါ။ ကလေးအမေက သူ့ကလေး အဲလောက်ဆိုးခဲ့တာကို မသိရှာကြတာကများတယ်။

ဆရာဝန် ပါးစပ်ဆေး၊ နားကြပ်ဆေးလုပ်တဲ့အချိန်ဟာ ကလေးကို ဆရာမလေးတွေကနေ သူ့အမေ့လက်ထဲအပ်ချိန်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ