ဘူးသီးမှ အရီးတော်


ဘူးသီးမှ အရီးတော်ဟူသောစကားသည် မြန်မာစကားပုံတွင် အသုံးများသော စကားပုံ တစ်ခုဖြစ်သည်။ အဖေ၏နှမကို မြို့တွင် အဒေါ် (သို့မဟုတ်) ဒေါ်လေးဟု ခေါ်ကြသည်။ ရှေးက တောရွာများတွင် အရီးဟုခေါ်သော အသုံးအနှုန်းသည် ယခုအခါ သိပ်မသုံးကြတော့ပါ။ အဒေါ်နှင့်အတူတူပင်ဖြစ်သည်။ စကားပုံ၏ ဆိုလိုရင်းမှာ ယခင်က မခေါ်မပြော လျစ်လျူရှုထားသည့်အဒေါ် (အရီး) ကို သူ့အိမ်က ဘူးခင်းတွင် ဘူးသီးများတွေ့မှ ဆွေမျိုးစပ်ပြီး အရီးတော်ချင်လာသည်ဟု ဆိုလိုသည်။ ကျေးလက် ဓလေ့လည်း ပေါ်လွင်၊ လူတို့၏ အလိုရှိမှ ချဉ်းကပ်သည့်အကျင့်ကိုလည်း ထောက်ပြ သည့်စကားပုံဖြစ်သည်။
ဘူးသီးနှင့်ပတ်သက်သော မြန်မာစကားပုံနှင့် ဆိုရိုးများစွာရှိသည်။
- ဘူးကောင်းလျှင် စင်ခံ၊ လင်ကောင်းမှ စံရ၊
- ဘူးတစ်လုံးဆောင် အိုအောင် မဆင်းရဲ၊
- ဘူးလေးရာ ဖရုံဆင့်၊
- ဘူးတောင်းနစ် စောင်ခြမ်းပေါ်
စသည့် စကားပုံများစွာ ရှိသည်။
စာရေးသူငယ်စဉ်က ဘူးသီးကြော် အလွန်ကြိုက်သည်။ စာရေးသူတို့၏ဇာတိ ဥက္ကံမြို့ငယ်လေးမှာ မြို့လယ်တွင် တစ်ဖာလုံပတ်လည်ခန့်ကျယ်သည့် ကန်ကြီးတစ်ခုရှိ သည်။ ထိုကန်မှ ရေကို သောက်သုံးရေအဖြစ် တစ်မြို့လုံးက သောက်သုံးကြသည်။ ညနေစောင်းပြီဆိုလျှင် ကန်ပေါင်ရိုးတွင် ရေထမ်းသမားများ၊ ရေစည်လှည်းများအပြင် အဝတ်အစားလှပစွာဝတ်ဆင်ထားသည့် ဥက္ကံသူအပျိုချောများသည် ရေအိုးကိုယ်စီ ဖြင့် ရေခပ်ဆင်းကြသည်။
ကန်ပေါင်စောင်းတွင် တဲငယ်လေးများဖြင့် ဘူးသီးကြော်ဆိုင်များရှိသည်။ ထိုင်စရာ စားပွဲခုံ အဝိုင်းလေးများတွင် အချဉ်ရည်မြေအိုးငယ်များ ချထားသည်။ ဘူးသီးကြော်ကို တို့စားစရာ အချဉ်ရည်အဖြစ် အနှစ်တိုက်ထားသော မန်ကျည်းမှည့် အရည်နှင့် ချင်း၊ ငရုတ်သီးအနည်းငယ်၊ ဆားလှော်အနည်းငယ်ထောင်းထည့်ထား သည်။ အချဉ်ရည် ချည်းမဟုတ် နံနံပင်ပါ အစည်းလိုက်ချပေးထားသည်။
ထိုခေတ်က ကာလသားလူပျိုများသည် ရေခပ်လာသူအပျိုလေးများကို သည် အတိုင်း ထိုင်ကြည့်ရသည့်အစား ဘူးသီးကြော်လာစားသလိုလိုနှင့် ကြည့်ကြသည်။ ဘူးသီးကြော်တစ်ပွဲမှာပြီးစားလျှင် အချဉ်ရည်နှင့် နံနံပင်ကို တွဲဖက်စားသောအခါ တစ်ခါတည်း အရသာနှစ်မျိုးရသည်။ တစ်မျိုးက လျှာအရသာ။ နောက်တစ်မျိုးက ပျိုမေများကို ကြည့်ရသည့် မျက်စိအရသာဖြစ်သည်။
ဘူးသီးကြော် ကြော်ရာတွင် ဆန်နှစ်က အရေးကြီးသည်။ ဘူးသီးကြော် ပျော့မနေ စေရန်၊ြ<ွကပ်ရွနေစေရန် ဆန်ကြမ်းအမှုန့်နှင့် ကောက်ညှင်းဆန်မှုန့်ကို အချိုးကျ ရောစပ်ရသည်။ အချို့နာမည်ကြီးသော ဘူးသီးကြော်ဆိုင်မှ အကြော်တွင် ရွှေကြည် အမှုန့်ကိုပါ ရောထည့်သည်။ သူတို့ရောထည့်သည်ကို အခြားသူများ နည်းမသိအောင် လျှို့ဝှက်ထားကြသည်ဟု ဆိုသည်။ (ယခုခေတ်တွင် အကြော်များြ<ွကပ်ရွအောင် စားအုန်းဆီအခဲကို သုံးသည့်အပြင်ြ<ွကပ်ြ<ွကပ်အိတ်၊ ရေသန့်ဘူးများကို ထည့်ကြော်ပြီး မသမာသောနည်းဖြင့် ပြုလုပ်နေကြသည်ဟု သိရသည်။)
ဘူးသီးသည် အအေးစာဖြစ်သည်။ ဟင်းချိုအဖြစ်လည်းကောင်း၊ ငရုတ်ကောင်း ခတ်ပြီး ဟင်းခါးအဖြစ်လည်းကောင်း အရည်သောက်ချက်ကြသည့်အပြင် အသားငါး တစ်မျိုးမျိုးနှင့်လည်း ရောချက်စားကြသည်။
တလောက စင်ကာပူနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက် သည့်အခါ ဧည့်ခံသောထမင်းဝိုင်းတွင် နာမည်ကျော်ဟင်းလျာတစ်ခွက်မှာ ''ဘူးသီးနှင့် ကြက်သားကာလသားချက်'' ဟင်းလျာဖြစ်သည်။ မြန်မာတောဓလေ့ ဟင်းလျာဖြစ်ပြီး ထိုဟင်းကို စီစဉ်သူမှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေသည်ဆိုခြင်းကြောင့် လူအတော်များများ အံ့သြသွား ကြသည်။
''ဘူးသီးနှင့် ကြက်သားကာလသားချက်'' ချက်နည်း
ကာလသားချက်ဆိုသည့်အတိုင်း အမျိုးသမီးများ အကူအညီမပါဘဲ ချက်ရသည်။ သူခိုးကာလသားချက်ဟုလည်း ခေါ်ကြသည်။ တန်ဆောင်မုန်းလပြည့်ည အရပ်ဓလေ့ အပျော်သဘော ခိုးကြ၊ ဝှက်ကြပစ္စည်းများ နေရာရွှေ့ထားပြီး နောက်ပြောင်ကျီစယ် ကြသည့် ကာလဖြစ်သည်။ (ယနေ့ခေတ်တွင် အမှန်တကယ် ခိုးကြ၊ ဝှက်ကြသည့်အပြင် အကြောင်းမဲ့ဖျက်ဆီးသည့် အကျင့်ဆိုးများက လွှမ်းမိုးသွားပြီဖြစ်သည်။)
အမှန်တော့ ရှေးက ကြက်သားကာလသားချက်မှာ ခိုးပြီးရသည့် ကြက်ကို နံနက်မလင်းမီ ညတွင်းချင်း ချက်စားကြသည်။ ထို့အတူ ဘူးသီးမှာလည်း အိမ်ရှေ့တွင် စင်ထိုးပြီး စိုက်ထားသော ဘူးသီးကို ခိုးပြီး ခူးဆွတ်ယူကာ ချက်ရသည်။ မြန်မြန်ကျက် စေရန် ဘူးသီးအရင့်ကို မယူ။ နုသော ဘူးသီးကို ခူးရသည်။ ရင့်သောဘူးသီးကို ခူးမိလျှင် မြန်မြန်မကျက်နိုင်သဖြင့် သတိထားရသည်။
လူငယ်ကာလသားများ စုမိလျှင် အနည်းဆုံး ၁ဝ ဦးခန့်ရှိနိုင်သဖြင့် ထမင်းချက်ရန်၊ ဟင်းချက်ရန် ပြည်ဝင်အိုးကြီးများ လိုသည်။ ပြည်ဝင်အိုးဆိုသည်မှာ ဆန်တစ်ပြည်ချက် လျှင် ဝင်ဆံ့သည့် အိုးမျိုးဖြစ်သည်။
ခိုးပြီး သတ်ထားသောကြက်ကို ရေနွေးပူအောင်တည်ထားသော အိုးကြီးတွင်နှစ်ပြီး အမွေးများ နုတ်ရလွယ်အောင် ရေနွေးစိမ်ရသည်။ အမွေးများသန့်စင်အောင် နုတ်ပြီး နောက် ရင်ခွဲပြီး အတွင်းမှ အူအသည်းကို နုတ်ယူရသည်။ ထိုသို့ အူအသည်းများ နုတ်ယူရာတွင် အထူးသတိပြုရသည်မှာ သည်းခြေအိတ် မပေါက်စေရန်ဖြစ်သည်။ သည်းခြေအိတ်ပေါက်သွားလျှင် ကြက်သားဟင်းတစ်အိုးလုံး ခါးသွားနိုင်သည်။
''ဘူးသီးနုနု ကြက်ပုပု'' ဟု စကားရှိသည်။ ကြက်အရှည်သည် ကြက်ဖဖြစ်သည်။ ကြက်အမက ပုသည်။ ဘူးသီးနှင့် ကြက်သားဟင်းချက်စားလျှင် ကြက်မအသားနှင့် ချက်ပါက ပိုကောင်းသည်ဟု ဆိုသည်။
ကြက်သားကာလသားဟင်းတစ်ခွက် ချက်မည်ဆိုလျှင် ကြက်သားကို မညီမညာ အတုံးကြီးများတုံးပြီး နနွင်း၊ ဆား၊ ငံပြာရည်တို့ဖြင့် စိမ့်ဝင်အောင် နယ်ရသည်။ ငရုတ်သီးခြောက်ကို မထောင်းဘဲ အတောင့်လိုက် သို့မဟုတ် လက်ဖြင့်ချေပြီး ထည့်ချက်ရသည်။ ထို့ကြောင့် ကာလသားချက်စားလျှင် နှုတ်ခမ်းတွင် ငရုတ်သီးဖတ် ကပ်ပါလာသည်ဟု ဆိုကြခြင်းဖြစ်သည်။ ကြက်သားကို ပြုတ်ပြီး နူးခါနီးမှ ဆီနှစ်ကျပ်ခွဲ သားခန့် ထည့်ရသည်။ ထို့နောက် ဘူးသီးစိတ်များ ထည့်ရသည်။ ဘူးသီး အလွန်နုလျှင် အသားကျက်ပြီးမှထည့်ပြီး ခေတ္တအုပ်ထားလျှင် နူးပြီးစားနိုင်ပြီဖြစ်သည်။
ကြက်သားနှင့် ဘူးသီးကာလသားချက်သည် အလွန်ချိုပြီး စားကောင်းသည့် မြန်မာ့ရိုးရာ အစားအစာဖြစ်သည်။ အချို့က ငရုတ်သီးခြောက်အပြင် မိုးမျှော် ငရုတ်သီး စိမ်း အတောင့်လေးများပါ ထည့်ချက်လေ့ရှိသည်။ ချို၊ စပ်အရသာဖြင့် ဆောင်းဦးညဥ့် အချိန်တွင် ချွေးစို့လာစေသည့် ဟင်းလျာဖြစ်သည်။
ယခုအခါ ဟိုတယ်ကြီးအချို့တွင် ဘူးသီးကြက်သား ကာလသားချက်ကို မီနူးတွင် ထည့်၍ ရောင်းချနေကြပြီဟု သိရသည်။ စင်ကာပူနိုင်ငံသားများ အကြိုက်တွေ့သဖြင့် လေယာဉ်ဖြင့်ပင် မှာစားကြသည်ဟု သိရသည်။
ဘူးချဉ်နှင့် ငရုတ်သီးခြောက် အတောင့်လိုက်ကြော်သည့် ဟင်းလျာမှာလည်း ခံတွင်းမြိန်စေသည့် ဟင်းလျာဖြစ်သည်။
ဘူးချဉ်ပြုလုပ်ရန် ဘူးသီးရင့်ရင့်လိုသည်။ ရင့်ပြီး ဟင်းချက်စားရန် မကောင်း တော့သည့် ဘူးသီးကို လက်ကိုင်ခြစ်ဖြင့် ခြစ်ပြီး အမျှင်များရအောင်ပြုလုပ်ရသည်။ အမျှင်ရှည်များရလျှင် အမြင်လှပသော ဘူးချဉ်ကိုရမည်ဖြစ်သည်။
ဘူးချဉ်ပြုလုပ်ရန် (သဘာဝနည်းအတိုင်း) ထမင်းရည်လိုသည်။ ထမင်းကို ရှေးက ထမင်းရည်ငှဲ့ ချက်ကြသည်။ နောက်ပိုင်း အာဟာရဓာတ်များ ထွက်ကုန်သည်ဟုဆိုကာ ရေခန်းချက်ကြသည်။ ခလုတ်နှိပ်ရုံဖြင့် ထမင်းကျက်နိုင်သော ထမင်းပေါင်းအိုးများ ပေါ်လာသောအခါ ထမင်းရည်ငှဲ့ချက်သည့် ဓလေ့သည် ပျောက်ကွယ်သွားရသည်။ အမှန်မှာ အရာရာတိုင်းတွင် အားနည်းချက်၊ အားသာချက်ရှိသည်။ ထမင်းကို အရည်ငှဲ့ ချက်စားခြင်းဖြင့် အဝလွန်ခြင်းကို ကာကွယ်နိုင်သည်။ ကစီဓာတ်လွန်ကဲပြီး ဝမ်းဗိုက်စူ ထွက်ခြင်းကို လျှော့ချနိုင်သည်။
ဘူးချဉ်စိမ်ရန်အတွက် ထမင်းရည်ငှဲ့ချက်ပြီး အအေးခံထားရမည်။ ထမင်းရည် စိမ်သော အရာတိုင်းသည် သုံးရက်မှ ကျော်လွန်လျှင် အချဉ်ပေါက်စမြဲဖြစ်သည်။ အချို့က ထမင်းရည်တွင် ထမင်းလက်တစ်ဆုပ်ခန့်ထည့်၍ အချဉ်ပေါက်မြန်အောင် ပြုလုပ်ကြသည်။ ဟင်းဂလာချဉ်၊ ခံတက်ချဉ်၊ မုန်လာချဉ်၊ ဘူးချဉ် အားလုံးပင် ထမင်းရည်နှင့်စိမ်ပြီး အချဉ်ဖောက်နိုင်သည်။
ရိုးရာဓလေ့အတိုင်းစိမ်လျှင် မြေအိုး၊ စဥ့်အိုးဖြင့် စိမ်ကြသည်။ မိမိစိမ်မည့် အနည်း အများကိုလိုက်၍ စဥ့်အိုးအကြီး အသေး၊ အနေတော်အရွယ်ကို အသုံးပြုရသည်။
ဘူးချဉ်စိမ်ရာတွင် နေရာဒေသအလိုက် စိမ်နည်းမတူကြပေ။ နာမည်ကြီးသော မိုးကုတ်ဘူးချဉ်နှင့် မကွေး၊ မင်းဘူးမှထွက်သော ဘူးချဉ်များသည် အရသာအားဖြင့် ကွဲပြားကြသည်။ မိုးကုတ်ဘူးချဉ်မှာ ဆန်ဆေးရည်နှင့် ချဉ်သည်။ ဝါးပိုးဝါးနှင့်ထည့်သည့် ဘူးချဉ်လည်း ရှိသည်။ တောခေါင်သည့်နေရာများတွင် စဥ့်အိုးသုံးလေ့မရှိပေ။ မင်းဘူး နယ်မှ ပြုလုပ်သော ဘူးချဉ်တွင် ကောက်ညှင်းဆန်အနည်းငယ်ကို ထမင်းရည်နှင့် ရော၍စိမ်သည်ဟု သိရသည်။ ကောက်ညှင်းဆန်ထည့်စိမ်ခြင်းအားဖြင့် ဘူးချဉ်ကြော် ရာတွင် ဖွယ်မနေဘဲ စီးစီးပိုင်ပိုင်ဖြင့် ပို၍စားကောင်းသည်ဟု ဆိုသည်။
သဘာဝအတိုင်း အချဉ်တည်သော သီးနှံများမှာ အစာအိမ်အတွက်၊ အသည်း အတွက် ဘေးထွက်ဆိုးကျိုးမရှိပါ။ မြို့ကြီးများတွင် ရောင်းချသော အချဉ်များမှာ စိတ်မချရ။ ဓာတုဗေဒ အချဉ်ခဲများ၊ ဆေးများအသုံးပြုသဖြင့် စားသုံးရာတွင် အလွန် အ္တရာယ်များသည်။ သဘာဝအချဉ်မဟုတ်လျှင် စားသုံးရန် မသင့်ပါ။ အသည်းမှ သန့်စင်နိုင်သည်ထက် ကျော်လွန်လာသောအခါ ကျောက်ကပ်ကိုပါ ပျက်စီးစေသဖြင့် ယခုခေတ်တွင် ကျောက်ကပ်မကောင်းသူ၊ အဆစ်ရောင်ရောဂါဖြစ်သူ အလွန်များ လာရခြင်းဖြစ်သည်။ အချဉ်တည်သည့် အစားအသောက်များကို ကြိုက်နှစ်သက်ပြီး နေ့စဉ်စားသုံးရန် မသင့်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ စားသုံးသင့်သည်။
ဘူးသီးသည် မြန်မာတစ်နိုင်ငံလုံးတွင် မရသည့် နေရာမရှိ။ အလွန်ပေါများသော အသီးအနှံဖြစ်သည်။ ဘူးပင်မှရသော ဘူးညွန့်သည်လည်း ဟင်းချိုချက်စားရာတွင် အလွန်ကောင်းသော ဟင်းလျာဖြစ်သည်။
ရှေးဆေးကျမ်းများအလိုအရ ...
ဘူးသီးသည် ချို၏။ နှလုံးကို နှစ်သက်စေ၏။ ဘူးသီးအရှည်၊ အပုနှစ်မျိုးလုံးသည် ချို၏။ ကြေခဲ၏။ နှုတ်ကို မြိန်စေတတ်၏။ သလိပ်သည်းခြေကိုနိုင်၏။ သုတ်ကိုပွားစေ တတ်၏။ ရသအစရှိသောဓာတ်ကို တိုးပွားစေတတ်၏။ (ဥတုဘောဇနသင်္ဂဟကျမ်း)
ဘူးသီးသည် သွေး၊ လေတို့ကို ကြေစေ၏။ တက်၏။ အဆိပ်ပြင်းထန်သော တောပင့်ကူ၏ အဆိပ်ကို လျင်မြန်စွာ ပယ်စေ၏။ (ဓာတုရသ၊ လေးစောင်တွဲဓာတ်ကျမ်း)
ဘူးသီး အချိုသည် ကြေခဲ၏။ နှုတ်မြိန်စေ၊ လေပွားစေ၊ သုတ်ပွားစေ၏။ နှလုံးကို ကျေးဇူးပြု၏။ ကိုယ်ဝန်ကို စောင့်ရှောက်မွေးမြူတတ်၏။ သည်းခြေ၊ သလိပ်ဒေါသကို နိုင်၏။ ထို့အပြင် သည်းခြေကြောင့်ဖြစ်သော ရောဂါများ၊ ပိန်ကြုံသောရောဂါများ ပျောက်ကင်းစေ၏။ ဘူးသီးအခါးသည် ချောင်းဆိုးပန်းနာ၊ ဖောရောင်ခြင်း၊ အနာ ပေါက်၊ ထိုးအောင့်ခြင်း၊ အဆိပ်သင့်ခြင်း၊ သည်းခြေ၊ လေဒေါသကိုနိုင်၏။ (အရှင် နာဂသိန် အခြေပြုဆေးအဘိဓာန်)

ကြည်လွင်မြင့်(မုဒြာ)
Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ