ပျားမရှိလျှင် ပျားရည်လည်း မရှိနိုင်
နံနက်မိုးလင်း၍ အိပ်ရာမှ နိုးထသည်နှင့် ကျွန်တော်ပထမဆုံး သတိထားမိသော အရာသည် အိမ်ရှေ့ တရုတ်မန်ကျည်းပင်မှ စာကလေးများ ဖြစ်သည်။ နံနက်လင်း သည်နှင့် သူတို့ရောက်ရှိ လာကြပြီး အစာရှာကြသည်။ အချို့က ကောက်ရိုးမျှင် လေးများ၊ ငှက်မွေးလေးများ ကိုက်ချီလာကြပြီး အိမ်ဆောက်ကြသည်။ ဆက်ရက်ကလေး များနှင့် နှံပြီစုတ် ကလေးများ လည်း ပါလာကြသည်။ တစ်ချိန်တည်း တွင် စာရေးသူ လမ်းမဆီကို မျှော်ငေးကြည့် လိုက်တော့ လုပ်ငန်းခွင်သို့ အသီးသီး သွားလာနေကြသော စက်ဘီးများကို တွေ့ရသည်။ သူတို့စက်ဘီး လက်ကိုင်တွင် လက်သုတ်ပဝါလေးနှင့် ထမင်းချိုင့်လေးများ ကိုယ်စီ ချိတ်ဆွဲထား ကြသည်။
နေ့သစ်တစ်ခုကို စတင်ပြီ ဆိုသည်နှင့် သတ္တဝါအားလုံး မိမိတို့ တစ်ဝမ်းတစ်ခါး အတွက် အလုပ်လုပ် ကြရသည်။ အချို့ ကုန်စိမ်းသည်များ ဆိုလျှင် နံနက် ၃ နာရီခန့်ကပင် ထ၍ မီးတိုင်ဈေးသို့ ဈေးကားဖြင့် လိုက်ကာ ဈေးထွက်ရန် ပြင်ဆင်ကြ ရသည်။ အိမ်ရှင်မက မိမိခင်ပွန်းနှင့် သားသမီးများ အတွက် ချက်ပြုတ် ကျွေးမွေးရန် ဈေးခြင်းပြင် ရသည်။ ကျောင်းသား၊ ကျောင်းသူ များကလည်း ကျောင်းသွားရန် ပြင်ဆင်ကြ ရသည်။ အားလုံးသည် အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီ ထမ်းဆောင် နေကြသည်။ လောကကြီးတွင် လူပိုလူလျှံအဖြစ် အချည်းနှီး နေ၍ မရတော့ပါ။
အမှန်တွင် အလုပ်သည် လူ့ဘဝ၏ ဂုဏ်သိက္ခာ ဖြစ်သည်။ လက်လုပ်လက်စား ပင် ဖြစ်စေ၊ စာရေးစာချီ ပင်ဖြစ်စေ၊ ကုန်သည်ပွဲစား ပင်ဖြစ်စေ၊ အရာရှိကြီးများ၊ ဆရာဝန်ကြီးများ ပင်ဖြစ်စေ၊ မိမိဘဝကို အဓိပ္ပာယ် ရှိအောင် အလုပ်လုပ် နေကြခြင်း ဖြစ်သည်။ ကျွန်တော် တို့တစ်တွေ စိတ်ပါသည် ဖြစ်စေ၊ စိတ်မပါသည် ဖြစ်စေ၊ မိမိဝါသနာ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ အလုပ်တစ်ခု မဟုတ် တစ်ခုတော့ လုပ်နေကြ ရသည်ပင် ဖြစ်သည်။
အဘယ်ကြောင့် ကျွန်တော်တို့ အလုပ်လုပ်နေ ကြတာလဲ။ အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး အဖြေကတော့ ဝင်ငွေရရှိရေးပင် ဖြစ်သည်။ ဝင်ငွေရှိမှ ဘဝရပ်တည်ရေး၊ စားဝတ်နေရေး အတွက် အဆင်ပြေမည်။ အထောက်အကူ ရပေမည်။ ဝါသနာကြောင့် ဖြစ်စေ၊ ဂုဏ်ဒြပ်ကြောင့် ဖြစ်စေ၊ လူရိုသေ၊ ရှင်ရိုသေ ဖြစ်အောင်ဖြစ်စေ အလုပ်လုပ် နေသူများလည်း ရှိကောင်းရှိသည်။ အမှန်တွင် အလုပ်ကြောင့် ကျွန်တော်တို့ ဘဝများ ရှင်သန်နေခြင်း ဖြစ်သည်။ အဓိပ္ပာယ် ရှိနေခြင်း ဖြစ်သည်။ အလုပ်လုပ် ခြင်းဖြင့် ငွေကြေးကို ရရှိနိုင်သည်။ စကားပြောဆို ခြင်းဖြင့် အသိဉာဏ် ဗဟုသုတကို ရရှိနိုင်သည်။
By work you get money, by talk you get knowledge. ယနေ့ အောင်မြင်မှု ရရှိနေသူများ၊ ထိပ်ဆုံးသို့ ရောက်ရှိ နေသူများသည် အလုပ်ကို ကျားကုတ်ကျားခဲ ကြိုးစားလုပ်ကိုင် ခဲ့ကြသူများ ဖြစ်သည်။ ထိုကဲ့သို့ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သည့် အကျင့်စရိုက် ကောင်းကြောင့်လည်း အောင်မြင်ခြင်းကို သူတို့ရရှိ ခံစားခဲ့ကြ ရသည်။ အနာဂတ် ဆိုသည်မှာ အလုပ်အပေါ်တွင် တည်ရှိနေခြင်း မဟုတ်ပါ။ အလုပ်လုပ်သူ ထံတွင်သာ အနာဂတ် ဆိုတာရှိနေခြင်း ဖြစ်သည်။
တစ်ခါက မိုးထိမြင့်မားသော အဆောက်အအုံ ကြီးတစ်ခုကို ဆောက်လုပ် နေသည့် ကန်ထရိုက်တာ တစ်ဦးကို လူငယ်လေး တစ်ဦးက တအံ့တသြ ဖြစ်ကာ အားကျကြည်ညို စိတ်ဖြင့် မေးခဲ့ဖူးသည်။ ''ကျွန်တော် ကြီးလာရင်လဲ ဦးလေးလို ချမ်းသာချင် လိုက်တာ။ အဲဒီလို ဖြစ်လာအောင် ကျွန်တော် ဘယ်လိုလုပ်ရ မလဲဟင် ဦး''။ သည်တွင် အသက်အရွယ် ရလာပြီဖြစ်သည့် ကန်ထရိုက်တာ ကြီးက ''ဒီမှာ ချာတိတ်၊ အနီရောင် အင်္ကျီတစ်ထည် ဝတ်ပြီးတော့ အလုပ်ကို အပြင်းအထန် လုပ်ကွာ''ဟု ပြောလိုက်သည်။
ချာတိတ်လေးက လူကြီး၏ စကားကို နားမလည် နိုင်ရှာပါ။ အဆိုပါ ပုဂ္ဂိုလ်ကြီးကမူ သူ့အလုပ် သူလုပ်၍ ညွှန်ကြားစရာ ရှိသည်ကိုသာ ဆက်လက် ညွှန်ကြားနေသည်။ ပြီးမှ ချာတိတ်လေးဘက် လှည့်ပြီး- ''ဟိုမှာ ကြည့်စမ်း အလုပ်လုပ် နေကြတဲ့လူတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့အားလုံးရဲ့ အမည်ကို ငါ မသိနိုင်ဘူး။ တချို့ဆိုရင် ငါနဲ့တောင် မျက်နှာချင်း ဆိုင်ဖူးကြတာ မဟုတ်ဘူး''။
လူကြီးက ဆက်ပြောသည်-
''တစ်ခါက မင်းလို လူငယ်လေး တစ်ယောက်ဟာ အနီရောင် အင်္ကျီဝတ်ပြီး အလုပ်လုပ် နေခဲ့တယ်။ အဲဒီ အချိန်မှာ အလုပ်သမား အများစုကတော့ အပြာရောင်ပဲ ဝတ်လေ့ဝတ်ထ ရှိကြတာ။ အနီရောင် ဝတ်တဲ့ ကောင်လေးကတော့ တခြားသူတွေ ထက်ပိုပြီး အလုပ် ကိုကြိုးကြိုးစားစား လုပ်တယ်။ အလုပ်ခွင်ကိုလဲ တခြား အလုပ်သမားတွေ မရောက်ခင် အစောကြီး ရောက်လာတယ်။ အလုပ်လုပ် ရာမှာလဲ သူများတွေ ထက်ပိုပြီး သွက်လက်တယ်။ အလုပ်သိမ်း တော့လဲ သူက နောက်ဆုံးမှ လူအုပ်ကြားမှာ သူ့ကိုပိုပြီး ထင်ထင်ရှားရှား မြင်နေရတယ်။ ဘာလို့လဲဆိုတော့ သူက အနီရောင် ရှပ်အင်္ကျီ ဝတ်ထားတာကိုး။ ဒီမှာ အလုပ်ရှင်က သတိထားမိပြီး သူ့လုပ်ငန်းမှာ ကြီးကြပ်သူ အဖြစ် အလုပ်ခန့် လိုက်တယ်။ တစ်နေ့မှာ သူ လက်ထောက် ဖြစ်နိုင်တယ် လို့လဲ လုပ်ငန်းရှင်က တွက်မိမှာပေါ့။ သူက အလုပ်လဲ ကြိုးစားတယ်။ ဒါပေမဲ့ သူများလိုပဲ အပြာရောင် အင်္ကျီသာ ဝတ်ထားရင် လုပ်ငန်းရှင်က ဘယ်မှာ သတိထားမိ မှာလဲ။ ရှပ်အင်္ကျီ အနီရောင် ကြောင့်သာ သူ့ကို သတိထားမိတာ။ ဒါနဲ့ပဲ သူဟာ အလုပ်တွေ ကြိုးစားလုပ်၊ ရရှိတဲ့ငွေကို စနစ်တကျသုံးစွဲ၊ စုဆောင်း၊ နောက်ဆုံးတော့ အဲဒီ လူငယ်ဟာ အဲဒီလုပ်ငန်းကြီးရဲ့ လုပ်ငန်းရှင်ဖြစ် လာခဲ့တယ်။ အဲဒီလူဟာ တခြားလူတော့ မဟုတ် ပါဘူး။ မင်းရှေ့မှာ ရပ်နေတဲ့ ငါကိုယ်တိုင်ပဲ'' ဟု ပြောပြသည်။
အလုပ်လုပ်သည့် လုပ်သား ပုရွက်ဆိတ် များသည် မိုးတွင်းအတွက် ရိက္ခာမပူရချေ။ ပျားလုပ်သားများ အတွက် ပျားရည်ဘဏ်တိုက် အဆင်သင့် ရှိနေသည်။
တစ်ခါက ကမ္ဘာကျော် စန္ဒရားပညာရှင် ရိုလာဝီလျံ ကို သာသနာပြု အဖွဲ့တွင် လှူဒါန်းတီးမှုတ် ဖျော်ဖြေမှုအတွက် ဂုဏ်ပြု ညစာစားပွဲဖြင့် ဧည့်ခံ ကျွေးမွေး ခဲ့သည်။ သူသည် ညစာစားပွဲကို အချိန် အနည်းငယ်မျှ တက်ရောက်ပြီး သည်နှင့် ''ကျေးဇူးတင် ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အလုပ်လေး ရှိသေးလို့ ခွင့်ပြု ပါအုံး''ဟု ဆိုသည်။
ဤတွင် ညစာစားပွဲ ဧည့်ခံသူ အမျိုးသားက-
''အလုပ်ဟုတ်လား။ ဒီအချိန်ကြီးမှာတောင် အလုပ်က ရှိသေးတာ လားဗျာ'' ဟု တအံ့တသြ မေးရာ ''ဟုတ်တယ်။ အိမ်ပြန်ပြီး စန္ဒရား လေ့ကျင့်ရအုံးမယ် လေဗျာ။ ည ၁ဝ နာရီကနေ ၂ နာရီလောက် ထပ် ပြီးတော့ လေ့ကျင့် ရသေးတယ်''ဟု ဆိုသည်။ ''နေ့တိုင်း ဒီအတိုင်းပဲလား'' ဟု မေးတော့ ''နေ့တိုင်း ဒီအတိုင်းပဲ'' ဟု ဆိုသည်။
မှန်ပါသည် အလုပ် ဆိုသည်မှာ အမြဲတမ်း လုပ်နေရမည့် အရာဖြစ်သည်။ အလုပ်မရှိလျှင် စိတ်လေမည်။ ပျင်းရိဖွယ် နေ့တာများကို ဖြတ်သန်းရမည်။ ယောင်တိ ယောင်ချာဖြင့် အချိန်များ ကုန်ဆုံးရသည် အသက်အရွယ် ကြီးရင့်၍ လုပ်ငန်းပင်စင် ယူသည့်တိုင် အလကား မနေတတ်၍ ဝါသနာပါရာ လုပ်ကိုင်ရင်း ကမ္ဘာကျော်ခဲ့ ကြသော ပန်းချီဆရာ၊ စာရေးဆရာ များလည်း ရှိနေသည်။
အသက်အရွယ် အိုမင်း၍ တခြား အလုပ်မလုပ် နိုင်တော့သည့်တိုင် သမထ ဝိပဿနာ ပွားများ၍ သံသရာ လွတ်မြောက်ရာ လွတ်မြောက် ကြောင်း ကျင့်ကြံအားထုတ် ကြရမည်။ အသက်ရှင် နေသရွေ့ အလုပ်နှင့်လူ တွဲနေရမည်ပင် မဟုတ်ပါလား။
ပျားမရှိလျှင် ပျားရည်လည်း မရှိနိုင်။
အလုပ်မရှိလျှင် ပိုက်ဆံလည်း မရှိနိုင်ပါချေ။
No bees, no honey,no work, no money.
( မောင်သင်းဝေ )
THE MYAWADY DAILY
https://www.facebook.com/notes/the-myawady-daily
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin