သင်္ချာမတွက်နိုင်သည့် မသန်မစွမ်းဝေဒနာတစ်မျိုးရှိသည်ကို ဂရုပြုရန်လို။


ကလေးကိုစာတော်စေချင်တာ မိဘရဲ့ စေတနာပါ။ ဒါပေမယ့် ကိုယ့်ကလေးက ဘယ်လောက်ပဲ လုပ်နိုင် သလဲ ဆိုတာကိုတော့ လက်ခံဖို့ လိုပါလိမ့်မယ်။ ဥပမာ သင်္ချာမှာ မွေးရာပါတော်တဲ့ကလေးရှိသလို သင်္ချာမှာ ပင်ကိုယ်ကိုက အားနည်းတဲ့ကလေးလည်းရှိနိုင်ပြီး သင်္ချာသင်ယူဖို့ ရာမစွမ်းသာတဲ့ Dyscalculia ရောဂါကို ခံစားနေရတဲ့ကလေးတွေလည်း ရှိပါတယ်။ ကလေးရဲ့ သင်္ချာအမှတ် မကောင်း လို့  ဒဏ်မျိုးစုံမပေးခင် ကျွန်တော်တို့  ဆင်ခြင်ရမယ့်အချက်တွေကို ဖော်ပြသွားပါမယ်။

သင်္ချာဆိုတဲ့စကားလုံးကိုကြားတာနဲ့  စိုးရိမ်သောက ရောက်သွားတတ်ကြသလား။ အချို့ ကလေးတွေ က သင်္ချာမှာသိပ်မတော်ကြပါဘူး။ Math Anxiety လို့ ခေါ်တဲ့ သင်္ချာကိုစိုးရိမ်တဲ့စိတ် ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီစိုးရိမ်စိတ်မျိုးရှိရင် သင်္ချာတွက်ရတော့မယ်ဆိုတာနဲ့  ဖိအားမျိုးစုံဝင်သွားပြီး တစ်ကိုယ် လုံး လေဖြတ်သွားသလိုခံစားရပြီး ဘာမှဆက်မလုပ်နိုင်ကြတော့ပါဘူး။ ဒါပေမယ့် Dyscalculia ဝေဒနာ ရှင်တွေဆိုရင် အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။ သင်္ချာကိုအခြေခံတဲ့ သင်ယူမှုဆိုင်ရာမသန်မစွမ်းမှု တစ်ခု ဖြစ်တဲ့အတွက် Dyscalculia သမားတွေကို သင်္ချာတွက်ဖို့ ဖိအားပေးလေ မသန်မစွမ်းသူ တစ်ယောက်ကို လမ်းလျှောက်ဖို့ အတင်းတွန်းအားပေးသလိုဖြစ်လေပါပဲ။

မူကြိုကျောင်းကတည်းက ဂဏန်းရေတွက်ရာမှာ ဂဏန်းတွေကို ကျော်သွားတာ၊ အစဉ်လိုက်မရွတ် တတ်တာမျိုး ဖြစ်ခဲ့သလား။ ၅ ခု တောင်းရင် ရှိသမျှပေးခဲ့သလား၊ တစ်နည်းအားဖြင့် အရေအတွက် ဆိုတာကို နားမလည်ခဲ့ဘူးလား၊ အသေးအကြီးလည်း ကောင်းကောင်းမခွဲတတ်ခဲ့ဘူးလား၊ ကိန်းဂဏန်း တွေကို တွေ့ နေပေမယ့် မဖတ်တတ်ခဲ့ဘူးလား၊ ၃ခု ထားပြလို့ ပြောရင် ဘယ်နှစ်ခုထားရမှန်းမသိခဲ့ဘူး လား၊ ဒါတွေနဲ့  တိုက်ဆိုင်ခဲ့ဖူးတယ်ဆိုရင် Dyscalculia ဖြစ်နိုင်ပါတယ်။ ဆက်ပြီးဆန်းစစ်ကြည့်ပါ။

မူလတန်းစတက်တဲ့အခါမှာလည်း ၂+၄ = ၆ လား ၇ လား ဆိုတာကို လက်ချိုးရေပြီးတွက်တုန်း၊ သူများ တကာက စိတ်နဲ့ တွက်တတ်နေပြီ ဆိုပါစို့ ။ သင်္ချာသင်္ကေတတွေဖြစ်တဲ့ ပေါင်း၊နုတ်၊မြှောက်၊စား ကို မမှတ်မိနိုင်ဘူးလား။ သင်္ချာစကားလုံးတွဲတွေဖြစ်တဲ့ greater than, less than ဆိုတာတွေကိုလည်း နားမလည်နိုင်ခဲ့ဘူးဆိုရင် အရေးတော့ကြီးနေပါပြီ။ ဆက်ပြီးဆန်းစစ်ကြည့်ပါ။

အလယ်တန်းရောက်တော့ကော၊ သင်္ချာသဘောတရား ရိုးရိုးရှင်းရှင်းလေးတွေကိုလည်း မျက်စိလည်နေ တတ်သလား။ ဥပမာ ၃+၅ ဟာ ၅+၃ နဲ့  အဖြေတူမယ်ဆိုတာကို နားမလည်တာမျိုးပေါ့။ သင်္ချာ ဘာသာစကားကို နားမလည်နိုင်၊ သင်္ကေတတွေကို သဘောမပေါက်၊ ပုံသေနည်းတွေကို မသုံးတတ် ဖြစ် နေခဲ့ဖူးသလား။ သင်္ချာပြင်ပ ကျောင်းလှုပ်ရှားမှုတွေမှာ ဂိုးအရေအတွက်မှတ်ခိုင်းတာတို့ ၊ တာလီ ခြစ်ခိုင်းတာတို့  လုပ်ခိုင်းရင်လည်း အဆင်မပြေဘူးလား။ သင်္ချာနဲ့ ပါတ်သက်တဲ့ ဥာဏ်စမ်းတွေကို ချက် ခြင်း ရှောင်ကြဉ်လေ့ ရှိသလား။

အထက်တန်းကျောင်းမှာကော။ Chart တွေ Graph တွေမှာ ပေးထားတဲ့အချက်အလက်တွေကို နားမလည်နိုင်ခဲ့သူလား။ စားသောက်ဆိုင်တွေမှာ ဘာဘယ်လောက်ကျတယ်၊ ဘယ်လောက်ပြန်အမ်းရ မယ် အစရှိတာတွေကို မတွက်ချက်နိုင်ဘူးလား။ အတိုင်းအထွာတွေကို မတိုင်းတတ်၊ အမြန်နှုန်း၊ ခရီး အကွာအဝေး၊ အဲဒီအတွက် ပေးရမယ့်အချိန်၊ ဒါမျိုးတွေကို မတွက်တတ်ဘူးလား။ အလွယ်တကူ လမ်းမှားလေ့ရှိသလား။ ဒီအချက်တွေနဲ့ ကိုက်ညီနေရင် ကလေးမှာ Dyscalculia ရှိဖို့  အလားအလာ အလွန်များနေပါပြီ။

သူခမျာဟာ ပျင်းတာလည်းမဟုတ်ပါဘူး။ ဖျင်းတာလည်းမဟုတ်ပါဘူး။ တစ်ခါပြောရင်မှတ်မထားတာ လည်း မဟုတ်ပါဘူး။ အခုပဲမှားလို့ အမှန်ပြင်ခိုင်းလိုက်တာ ထပ်မှားလာတာလည်း မဟုတ်ပါဘူး။ ခြေတစ်ဖက်မသန်စွမ်းသူသည် လမ်းကိုပုံမှန်လျှောက်နိုင်မှာမဟုတ်သလိုပဲ သင်္ချာဦးနှောက်မသန်စွမ်းသူ ဟာလည်း သင်္ချာကို သာမန်ကလေးတွေလို ဘယ်လိုမှ တွက်နိုင်မှာမဟုတ်ပါဘူး။ သူ့ ကိုဆူဆဲ၊ရိုက်နှက် ကြိမ်းမောင်း၊ပြောဆို၊ လှောင်ပြောင်ဟားတိုက်နေတာတွေကို မျက်ရည်လေးအ၀ဲသားနဲ့  ခေါင်းငုံ့ ခံနေရ ရှာမယ့် အလွန်သနားဖို့ ကောင်းတဲ့ Dyscalculia ကလေးတစ်ယောက် ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့်ကိုယ့်ကလေး သင်္ချာမှာအားနည်းတယ်ဆိုရင် ရိုးရိုးပျင်းလို့ အားနည်းတာလား၊ ဒါမှမဟုတ် သင်္ချာကိုကြောက်တဲ့စိတ်ရှိတာလား၊ ဒါမှမဟုတ် Dyscalculia များ ဖြစ်နေသလားဆိုတာ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်သလို ဆရာ၊ဆရာမများကလည်း Dyscalculia ရဲ့ ဆိုးကျိုးတွေကို သိရှိနား လည်ပြီး ကျောင်းသူကျောင်းသားတွေကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့  လိုအပ်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ