၂၁ ရာစုခေတ်ရဲ့ ဆရာဝန်


ယနေ့ခေတ်ဟာ နည်းပညာခေတ်လို့တင်စားတယ့် ၂၁ ရာစု ခေတ်သစ် ဖြစ်ပါတယ်။ ဆောက်လုပ်ရေး ၊ တယ်လီဖုန်း ၊ ဆက်သွယ်ရေး ၊ ပညာရေး အစရှိတယ့် နယ်ပယ်အသီးသီးမှာ နည်းပညာတွေဟာ အရှိန်အဟုန်နဲ့တိုးတက်လာနေတဲ့ ခေတ်သစ်လည်းဖြစ်ပါတယ်။ မြန်ဆန်တဲ့ နည်းပညာတိုးတက်မှုနဲ့အတူ လူသားတွေရဲ့ အတွေးအခေါ်အယူအဆ ၊ လိုအင်ဆန္ဒတွေဟာလည်း ယခင်ခေတ်ဟောင်းကာလတွေနဲ့မတူညီနိုင်တော့ပဲ ပြောင်းလဲလာလျက်ရှိပါတယ်။

ဒီပြောင်းလဲမှုတွေ တိုးတက်မှုတွေဟာ လူတို့ရဲ့ ကျန်းမာရေးကဏ္ဍကိုလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ လူနာတွေ ၊ ပြည်သူလူထုတွေဟာ ဆေးပညာရဲ့ တိုးတက်တဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ ရောဂါရှာဖွေတာတွေ ၊ ဆေးကုသမှု ခံယူနိုင်လာတယ့် အကျိုးကျေးဇူးတွေ အများအပြားခံစားကြရပါတယ်။ သို့သော်လည်း ဒီလို နည်းပညာမြင့်မားတဲ့ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ကုသမှု အကျိုးကျေးဇူးတွေဟာ လူသားတွေဖြစ်တယ့် ဆရာဝန်တွေ ၊ ကျန်းမာရေးပညာရှင်တွေနဲ့ ကင်းပြီးတော့ ရရှိနိုင်တယ့် အခြေအနေတော့ မဟုတ်ပါဘူး။

ပြည်သူလူထုရဲ့ အသက်နဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့ရာ ဆရာဝန်တွေ မွေးထုတ်ပေးနေတဲ့ ကမ္ဘာ့နေရာဒေသအသီးသီးက ဆေးတက္ကသိုလ်များ ၊ ဆေးကောင်စီ အဖွဲ့အစည်းများဟာလည်း မိမိတို့မွေးထုတ်ပေးလိုက်သော ဆရာဝန်တွေဟာ နည်းပညာခေတ်သစ်နဲ့ အံဝင်ခွင်ကျ ကိုက်ညီပါရဲ့လား ၊ ပြည်သူလူထုလိုလားသော ဆရာဝန်မျိုးမှ ဖြစ်လာကြရဲ့လား ဆိုတာကို မပြတ်လေ့လာဆန်းစစ်လျက် ရှိကြပါတယ်။ ဒီလိုမျိုး နိုင်ငံတကာ ဆန်းစစ်မှုတွေအရ ၂၁ ရာစု နည်းပညာခေတ်သစ်မှာ ဆရာဝန်တစ်ယောက်အနေနဲ့ မဖြစ်မနေရှိရမယ့် အရည်အချင်း (၁၀) ရပ်ကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ လူနာကို အလေးထားသော ဆရာဝန်

မည်သည့်ခေတ်ကိုပဲ ရောက်နေသည်ဖြစ်စေ လူနာတွေလိုလားတာကတော့ သူတို့တွေကို အလေးထားတဲ့ ဆရာဝန်တွေပါပဲ။ ဆရာဝန်တစ်ယောက်ရဲ့ ရင်ထဲကလာတဲ့ အပြုံးဟာ လူနာတွေရဲ့ ရောဂါတစ်ဝက်ကို ကုသပေးပြီး ဖြစ်တယ်လို့ကို ဆိုရိုးရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၂၁ ရာစု ဆရာဝန်များအနေနဲ့ လူနာကို နှစ်လိုဖွယ်အပြုံးနဲ့ တစ်လေးတစ်စား အလေးထားပြီး ကုသပေးနိုင်ဖို့ မဖြစ်မနေရှိရမယ့် အရည်အချင်းတစ်ရပ်အဖြစ် သတ်မှတ်ထားရတာဖြစ်ပါတယ်။

၂။ လူနာနှင့် အခြားသူများအပေါ် ကိုယ်ချင်းစာတရားထားနိုင်သော စိတ်သဘောထားပြည့်ဝသည့် ဆရာဝန်

"ကျွန်တော်တို့ ဆရာဝန်တွေဟာ စိတ်ခံစားချက်တွေကို သေသေချာချာ နားလည်သဘောပေါက်အောင် သင်ကြားထားဖို့ လိုပါလိမ့်မယ်။ သို့မှသာ လူနာတွေ ဘယ်လိုဝေဒနာခံစားရတယ် ဆိုတာကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ နားလည်ခံစားပေးနိုင်မှာပဲ ဖြစ်ပါတယ်။" လို့ အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ Dr. အဲလက်စ် ဒီဂျူရစ်ခ်ျ က ပြောကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၁ ရာစုခေတ်သစ်မှာ ဆရာဝန်တွေဟာ ဝန်နဲ့အားမမျှတဲ့အတွက် စက်ရုပ်တွေလို ခံစားချက်ကင်းမဲ့လာကြတယ်။ လူနာကို ဆေးကုသပေးရမယ့်အစား ရောဂါတွေပျောက်အောင်ပဲ အားထုတ်လာကြတယ်။ ဆရာဝန်တွေရဲ့ ခံစားချက်နှင့် အကြင်နာတရားတွေ ကင်းမဲ့တဲ့ အပြုအမူအပြောအဆိုတွေဟာ ခံစားတတ်တဲ့ လူသားတွေဖြစ်တဲ့ လူနာတွေအတွက် အလွန်ကို နာကျင်ခံစားရစေပါတယ်။ ဒါကြောင့် ၂၁ ရာစု ဆရာဝန်တွေဟာ လူနာနဲ့ တခြားသူများ (လူနာမိသားစုဝင်များ ၊ လူနာကို စောင့်ရှောက်မှုပေးနေသူများ) အပေါ်မှာ စိတ်သဘောထားပြည့်ဝပြီး ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံနိုင်ရမှာ ဖြစ်ပါတယ်။

၃။ ဆေးဘက်ဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးပြု၍ လူနာအား ရှင်းလင်းကုသပေးနိုင်သော ဆရာဝန်

၂၁ ရာစုဟာ ၁၈ ရာစု ခေတ်ကနဲ့နှိုင်းယှဉ်ရင် အဆပေါင်းများစွာ ကွာခြားသွားပြီ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာရဲ့ အရှိန်အဟုန်ဟာ ပြိုင်ဆိုင်မှုပြင်းထန်စွာနဲ့ နေ့စဉ်ရွေ့လျားနေတာပါ။ ယနေ့အသုံးတွင်ကျယ်နေတဲ့ အရာတစ်ခုဟာ မနက်ဖြန် ခေတ်မစားတော့တာလဲ ဖြစ်နိုင်ပါတယ်။

ဒီလိုတိုးတက်လာတာတွေဟာ ဆေးပညာမှာလည်း အထင်အရှားပါ။ ကြီးကြီးမားမား စက်ကိရိယာကြီးတွေကို မပြောသေးပါဘူး။ အဖျားတိုင်းတာမှာ အရင်ကလို လျှာအောက် ဂျိုင်းအောက် ထည့်တိုင်းရတဲ့ ပြဒါးတိုင်တွေအစား အနီအောက်ရောင်ခြည်နဲ့ နဖူးလေးကို ထိစရာမလိုဘဲ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ တိုင်းလို့ရတဲ့ အဖျားတိုင်းစက်လေးတွေဟာ လူနာတွေအတွက် အထူးအကျိုးရှိစေပါတယ်။

တိုးတက်လာတဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာတွေဟာ လူသားတိုင်းအတွက် လွယ်ကူခြင်း ၊ သက်သာခြင်း ၊ထိရောက်ခြင်း ၊ သုံးရတွင်ကျယ်ခြင်း စတာတွေကို အခြေခံထားတာလဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူတိုင်းက နည်းပညာကို လက်လှမ်းမီရေးမှာ အဟန့်အတား မရှိကြတော့ပါဘူး။ ဒီတော့ ဆရာဝန်များဟာလည်း သူတို့ကျန်းမာရေးစောင့်ရှောက်မှုပေးရမယ့် လူနာတွေနဲ့အပြိုင် ဆေးဘက်ဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးပြု၍ လူနာအား ရှင်းလင်းကုသပေးနိုင်ခြင်းဟာ ၂၁ ရာစု ဆရာဝန်တစ်ယောက်မှာ မရှိမဖြစ်ရှိရမယ့် အရည်အချင်းတစ်ရပ် ဖြစ်လာပါတယ်။

၎။ ရရှိနိုင်သော အရင်းအမြစ်များအား အကောင်းဆုံး အသုံးချနိုင်သော ဆရာဝန်

"၂၁ ရာစု ဆရာဝန်တစ်ယောက်အနေနဲ့ ရှိနေတဲ့ အရင်းအမြစ်တွေကို အကောင်းဆုံးသုံးနေပါတယ် ဆိုတဲ့နေရာမှာပဲ ကျောက်ချနေလို့မရတော့ပါဘူး။ ရနိုင်သမျှသော အရင်းအမြစ်တွေကို စတင်ကြိုးစားရှာဖွေရမှာဖြစ်ပြီး ထိုအရင်းအမြစ်များကို အခြားသူများထံသို့ မျှဝေပေးရန် တာဝန်ရှိလာနေပြီဖြစ်ပါတယ်။ ရလဒ်အခြေပြုလုပ်ဆောင်မှုတွေဟာ သိပ္ပံနည်းကျသက်သေအထောက်အထားတွေ (Evidence Based Medicine) နဲ့ ချိတ်ဆက်လုပ်ဆောင်နေနိုင်မှသာ ဆရာဝန်တစ်ဦးဟာ (ပရမ်းပတာ စည်းကမ်းမရှိတဲ့ ထင်သလိုကုသနည်းတွေ မဟုတ်တဲ့) စွမ်းရည်ပြည့်ဝတဲ့ အကျိုးအကြောင်းသင့် သိပ္ပံနည်းကျ စနစ်တကျ လူနာစောင့်ရှောက်သူများ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။" လို့ စင်္ကာပူနိုင်ငံ တန်တောက်ဆင်းဆေးရုံ၏ မျက်စိဌာနမှ Dr. ရူပစားရ်ဧဂရာဝယ်လ် မှ ပြောကြားသွားပါတယ်။

ဒီအချက်ဟာ ဆရာဝန်တွေအနေနဲ့ ငါလုပ်နိုင်သလောက် လုပ်ပေးနေတာပဲဆိုတဲ့ နောက်ဆွဲနေတဲ့ အခြေအနေကနေ အကောင်းဆုံးကို ငါရအောင်ရှာလုပ်ပေးမယ်ဆိုတဲ့ တက်ကြွနိုးကြားတဲ့ အဆင့်ကိုရောက်ဖို့လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။

၅။ အင်တာနက်/ မိုဘိုင်းလ်ဖုန်းမှတဆင့် အဝေးရောက် တိုင်ပင်ကုသမှုပေးနိုင်သော ဆရာဝန်

တိုးတက်လာသော ၂၁ ရာစု နည်းပညာတွေထဲမှာ ဆက်သွယ်ရေးနည်းပညာဟာ အလျင်မြန်ဆုံးဖြစ်ပါတယ်။ ယခင်က ကြေးနန်းနဲ့ခက်ခဲစွာ ဆက်သွယ်ခဲ့ရသော ခေတ်ကာလများမှသည် ယနေ့ခေတ်တွင် ကမ္ဘာတစ်ခြမ်းမှ အခြားတစ်ဘက်ခြမ်းသို့ စက္ကန့်မခြား ရုပ်ရော အသံနှင့်ပါ ဆက်သွယ်နေနိုင်ပြီ ဖြစ်ပါသည်။

ထိုအခါတွင် အချို့သော ကျန်းမာရေးပြဿနာများသည် ဆရာဝန်ကိုယ်တိုင် လူနာကို ကိုင်တွယ်စမ်းသပ်ရန် မလိုတော့ဘဲ အမြင်အားဖြင့်သာ ကုသအကြံပေးနိုင်သော အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ထို့ကြောင့် လူနာများအနေဖြင့်လည်း အကွာအဝေးကြောင့်မို့လို့ ဆရာဝန်နှင့် ပြသရန်ခက်ခဲသည်ဆိုသော အချက်ကို ကျော်လွှားနိုင်လာပြီ ဖြစ်ပါတယ်။ ထို့ကြောင့် ဆေးကုသခြင်းသည် သမားရိုးကျ လူနာနှင့်ထိတွေ့စမ်းသပ်မှ ကုသ၍ ရသည်ဟူသော အနေအထားမှ လွန်မြောက်လာလေပြီဖြစ်သည်။

သို့သော်လည်း အချို့သော ရောဂါမျကိုသာ အဝေးရောက် ကုသပေးနိုင်နေသေးသည်။ ကျန်းမာရေးပြဿနာများမှာလည်း မထင်မှတ်သော အသေးအမွှားမှသည် အသက်သေဆုံးသည်အထိ အန္တရာယ်ပေးတတ်လေရာ ဆရာဝန်ကိုယ်တိုင် စမ်းသပ်စစ်ဆေး ကုသမှသာ ရောဂါပျောက်ကင်းနိုင်သော ရောဂါများ ရှိနေသေးကြောင်းကိုလည်း လူနာများဘက်မှ သတိပြုရန် လိုအပ်ပါသေးသည်။

၆။ မိမိရရှိသော သတင်းအချက်အလက်များကို ညီနောင်မိတ်ဆွေ ဆရာဝန်များသို့ မျှဝေပေးသော ဆရာဝန်

ဆရာစားချန်သည်။ မိမိသိသမျှ တတ်သမျှကို လျှိုထားမည် ဆိုသော ခေတ်ကာလသည် ဟောင်းနွမ်း ကုန်လွန်ခဲ့ပြီ ဖြစ်လေသည်။ ယနေ့ခေတ်သည် ပွင့်လင်းတိုးတက်လာသော ခေတ်သစ်ဖြစ်သဖြင့် တစ်ဦးတစ်ယောက်မှ မည်မျှပင် ဖုံးဖိသိုဝှက်ထားစေကာမူ အခြားတစ်နေရာမှ အလွယ်တကူ သိနိုင်နေပြီ ဖြစ်လေသည်။

သတင်းအချက်အလက်များ မျှဝေမှသာ မိမိသိထားသော အချက်အလက်သည် မှားသည် မှန်သည် ခေတ်မီသည် ဟောင်းနေပြီ စသည်တို့ကို သိရှိကာ ခေတ်မီသော မှန်ကန်သော နည်းလမ်းများကို ပြောင်းလဲအသုံးပြု၍ လူနာများကို ကုသပေးနိုင်ပါလိမ့်မည်။ ဆေးပညာ၏ အံ့မခန်းတိုးတက်မှုများသည် ညီနောင်ဆေးပညာရှင်များအချင်းချင်း မျှဝေခြင်းမှ သီးပွင့်လာခြင်းများ ဖြစ်ပါသည်။

အချို့သူများသည် လူနာကုသရာတွင် မည်သည့်ဆေးမှန်း သိမည်စိုးရိမ်၍ ဆေးဘူးများ ခွာ၍ပေးခြင်း ၊ ဆေးများပုံဖျက်၍ ပေးခြင်း ၊ ဆေးမှတ်တမ်း လုံးဝမထားခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ ပညာလျှိုသည်ဟု ယူဆစရာရှိသော်လည်း တကယ်တွင် မကောင်းမှုအပြစ်ကျူးလွန်ခြင်းသာ ဖြစ်ပါသည်။ မအပ်စပ်သော လူသိမခံဝံ့သော ကုသနည်းများ ဆေးများ ပေးနေသောကြောင့်သာလျှင် မှန်မှန်ကန်ကန် လူသိမခံရဲခြင်း ဖြစ်လေတော့သည်။ လူနာများ အထူးဂရုစိုက်သင့်သော သူများ ဖြစ်ကာ ၂၁ ရာစု ခေတ်သစ်ဆရာဝန်များအနေဖြင့်လည်း ရှောင်ရှားအပ်သည့် အမူအကျင့် ဖြစ်ပါသည်။

၇။ စဉ်ဆက်မပြတ် ဆေးပညာဆက်လက်ဆည်းပူး၍ အရည်အသွေးမြှင့်နေသော ဆရာဝန်

ဆေးပညာသည် စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသော ပညာဖြစ်ပါသည်။ ပြောင်းလဲမှုများကို သိရှိအမီလိုက်နိုင်ရန် ၊ အသစ်ပေါ်လာသော ဆေးဝါးများဖြင့် ရောဂါကို ပိုမိုအစွမ်းထက်စွာ ကုသပေးနိုင်ရန် ဆရာဝန်များသည် ဆေးပညာနှီးနှောဖလှယ်ပွဲများ ၊ ဆေးပညာညီလာခံများ ၊ အစည်းအဝေးများကို တက်ရောက်ကြရသည်။

ထိုသို့ ပုံမှန်တက်ရောက်ခြင်းမရှိပါက ဆရာဝန်များသည် ဒိတ်အောက်သွားသော ခလုတ်နှိပ်ဖုန်းများကဲ့သို့ ပြောရုံသာရတော့သည့် အဆင့်သို့ ထိုးကျသွားတော့မည်။ ပညာရပ်တန့်သွားသည်။ လူနာများကို အကောင်းဆုံးသော ဆေးကုသမှု ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးစွမ်းနိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် ၂၁ ရာစု ဆရာဝန်များအနေဖြင့် မိမိတို့၏ ဆေးပညာကို စဉ်ဆက်မပြတ် တိုးတက်ထက်မြက်နေစေရန် ပညာဆည်းပူးလေ့လာနေရမည် ဖြစ်လေတော့သည်။

၈။ သုတေသန အမြင်ရှိသော ဆရာဝန်

ပညာရှာဖွေလေ့လာခြင်းတွင် ရှိနေပြီးသော အကြောင်းအရာတို့ကို ခိုင်မာအောင်လေ့ကျင့်ရသည်လည်း ရှိသကဲ့သို့ အသစ်သစ်သော ပညာရပ်ဆိုင်ရာ မြှုတ်ကွက်များကိုလည်း ဖော်ထုတ်လေ့လာပေးနိုင်ရန် လိုအပ်ပါသည်။ ရောဂါအသစ်များကို တန်ပြန်ကုသရန် ၊ ဆေးဟောင်းများနေရာတွင် ဆေးသစ်များဖြင့် ပြောင်းလဲကုသနိုင်ရန် စသည်တို့အတွက် ဆရာဝန်များ ဆေးပညာရှင်များသည် သုတေသနအမြင်ကို ထားရှိကြရလေသည်။

ဆေးကုပြီး ပြီးရော။ ဆေးထိုးပြီး ပြီးရောဟု သဘောမထားဘဲ အသေးစိတ်သော အချက်လေးများကိုလည်း သတိပြုမိမှသာ လူနာများအတွက် အကျိုးရှိသော ကုထုံးသစ်များ ကုသနည်းသစ်များကို ရှာဖွေအကျိုးပြုပေးနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် ဆရယဝန်များသည် မိမိတို့ကုသသော လူနာများ၏ မှတ်တမ်းမှတ်ရာများကို စနစ်တကျ ထိန်းသိမ်းမှတ်တမ်းတင်ထားနိုင်ရမည် ဖြစ်ပေသည်။

၉။ အခြားသော ဆေးဘက်ဆိုင်ရာ အထူးပြု ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်၍ လူနာအား စောင့်ရှောက်ကုသမှုပေးနိုင်သော ဆရာဝန်

လူသားတို့၏ ကျန်းမာရေး ပြဿနာများသည် အမျိုးအစားစုံလင် ကျယ်ပြန့်လှသည်။ ဆရာဝန်တစ်ဦးတည်း အထူးကုတစ်ယောက်တည်းဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသပေးရန် မည်သို့မျှ မဖြစ်နိုင်ပေ။ လူနာများကိုပြုစုရန် ၊ ရောဂါရှာဖွေရန် ၊ လေ့ကျင့်ခန်းပြုလုပ်ရန် ၊ ဆေးဝါးများ ဆေးပစ္စည်းကိရိယာများ ရရှိရန် အခြားသော ဆေးဘက်ဆိုင်ရာ အထူးပြု/ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်လုပ်ဆောင်ပေးနိုင်ရမည် ဖြစ်ပါသည်။

သို့မှသာ လူနာများအတွက် အကျိုးရှိသော ပေါင်းစပ်ကုသမှု (Joint Care) ကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်လေသည်။ ၂၁ ရာစု ဆရာဝန်တစ်ဦးသည် မေ့ဆေးဆရာဝန်များ ၊ ဓာတ်မှန်ဆရာဝန်များ ၊ ဓာတ်ခွဲခန်း ပညာရှင်များ ၊ ဆေးဝါးပညာရှင်များ ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်များ စသည့် အမျိုးမျိုးသော ဆေးဘက်ဆိုင်ရာပညာရှင်များ၏ အင်အားကို လူနာအကျိုးအတွက် စုစည်းလုပ်ဆောင်တတ်ရန် လိုအပ်လှပါသည်။

၁၀။ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုများကို ကျွမ်းကျင်ပိုင်နိုင်သော ဆရာဝန်

ဆရာဝန်တစ်ဦး၏ အလုပ်သည် ဆေးကုသရေးသီးသန့်မဟုတ်ပါ။ လူအများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနေရသူများ ဖြစ်ပါသည်။ သို့ဖြစ်ရာ ရောဂါဖြစ်မှ ကုသသော ဆရာဝန်သည် တာဝန်မကျေသော ဆရာဝန်ဟု သတ်မှတ်နိုင်မည် ဖြစ်ပါသည်။ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ဆရာဝန်တစ်ဦးသည် လူထုကိုစည်းရုံးဦးဆောင်ခြင်း ၊ မိမိတွင်ရှိသော အင်အားများ အရင်းအမြစ်များကို ထိရောက်စွာ အလေအလွင့်မရှိ စီမံခန့်ခွဲခြင်း စသည်တို့ကိုလည်း လုပ်ဆောင်တတ်ရန် အထူးလိုအပ်ပါသည်။

ရောဂါများ ကုသပျောက်ကင်းအောင် ဆောင်ရွက်ပေးရန်မှာ ဆရာဝန်တစ်ဦးတည်း၏ အင်အားဖြင့်မရပါ။ အရပ်ရပ်သော လူထုအင်အား ၊ အစိုးရအင်အား အစရှိသည်တို့ကို ကောင်းစွာရယူတတ်ရန် လိုအပ်လှပါသည်။ ထို့ကြောင့် ဆရာဝန်တစ်ဦးသည် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုများကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်လှပါသည်။

အထက်ဖော်ပြပါ (၁၀) ချက်သည် ၂၁ ရာစုခေတ်တွင် ဆရာဝန်တိုင်းဖြည့်ဆည်းထားရမည့် အရည်အချင်းများ ဖြစ်ပါသည်။ ထိုအရည်အချင်းများ ပြည့်စုံမှသာလျှင် လူနာများကို ကောင်းမွန်ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးစွမ်းနိုင်သည့် ၂၁ ရာစုခေတ်သစ်၏ အရည်အသွေးပြည့်မီသော ဆရာဝန်ကောင်းတစ်ဦး ဖြစ်နိုင်ပေတော့မည်။

Dr. ကျော်သက်စိုး (အထွေထွေရောဂါကုဆရာဝန်)
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ