Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ်သွေးဆင်းခြင်း


မင်္ဂလာပါဆရာ ကျွန်တော့်နဲ့အမျိုးသမီးက အသက်တူ ၃၂နှစ်။ မင်္ဂလာသက်တမ်း ၅နှစ်။ ပထမဦးဆုံးကိုယ်ဝန် ၁၁ ပါတ်ထဲမှာပါခင်ဗျာ။ ဒီနေ့ အမျိုးသမီးက သွေးနည်းနည်းဆင်းပြီး ခါးတွေ ဆီးစပ်တွေ နာတယ်ပြောလို့ ဆေးရုံသွားတော့ အိုဂျီ ဆရာဝန်က သားအိမ်ခိုင်ဆေးပေးပါတယ် ပြနေကျ SSCဆေးရုံက အိုဂျီ ဆရာဝန်နဲ့ ပြန်ပြဖို့ပြောပါတယ်။ ဆရာဝန်ရက်ချိန်းက နောက် ၃ ရက်နေမှပြလို့ရမှာမို့ ဒီကြားထဲ စိုးရိမ်ရပါသလား ခင်ဗျာ။ အဲလိုသွေးနည်းနည်းပြန်ဆင်းတာရော ဖြစ်တတ်ပါသလား ခင်ဗျာ။ ကိုယ်ဝန်စယူစဉ်ထဲက ဖောလစ်အက်ဆစ်ကို ခုထိ နေ့တိုင်းသောက်ပါတယ်။ ဆရာဝန်ပေးထားတဲ့ သားအိမ်ခိုင်ဆေးလည်း ၁ လသောက်ထားပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးပါ ခင်ဗျာ ဆရာကျန်းမာချမ်းသာ၍ ကောင်းကျိုးလိုအင်ဆန္ဒတွေ အားလုံးပြည့်ဝပါစေ။ လေးစားစွာဖြင့်။

ကိုယ်ဝန်ရှိနေစဉ် တခုခုဆင်းတာ ကောင်းတော့ မကောင်းပါ။ ဆောရီး။ တချို့ပုံမှန်ကိုယ်ဝန်မှာ သွေးနည်းနည်းဆင်းတာ ရှိတယ်။ အာလ်ထွာဆောင်းရိုက်ရမယ်။ စောင့်ကြည့်ရမယ်။ စိတ်ကိုအပြုသဘောထား ကံတရားအားကိုးသင့်တယ်။ နားနေသင့်တယ်။ ရေပိုသောက်သင့်တယ်။

၂။ ဆရာ ကျွန်မညီမလေးက သားဦးကိုယ်ဝန်ဆောင်နေတာပါရှင်။့ ကိုယ်ဝန် ခုနစ်ပါတ်ကျော်ရှိပါပြီ။ အခု သွေးဆင်းနေလို့ပါရှင့် အများကြီးတော့ မဟုတ်ပါ။ ဆက်တိုက်လည်း မဆင်းပါဘူးရှင့်။ နည်းနည်းချင်း ဆင်းနေလို့ပါ အဲ့ဒါ စိုးရိမ်ရပါသလားရှင့်။ ဘာကြောင့်ဆိုတာပြောပြပေးပါ ဆရာရှင့်။ အသက်က ၂၇ နှစ်ပါရှင့်။

၃။ ဆရာရှင့် ကျွန်မအသက် ၃၁ နှစ်ပါ။့ မှာနေပါတယ်။ ကိုယ်ဝန် ၈ ပတ်ရှိပါပြီ။ သားဦးကိုယ်ဝန်ပါ။ ဒီနေ့မနက် အိပ်ရာအထမှာ သွေးပေနေတာတွေ့ရလို့ စိတ်ပူလို့ပါရှင့်။ နာကျင်မှုလည်းမရှိပါ။ ကိုယ်ဝန်ပျက်မှာစိတ်ပူလို့ပါဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။

၎။ ဆရာရှင့်မရိုမသေ သမီးကအသက် ၃၂ နှစ်ပါ။ ကိုယ်ဝန်က ၁၁ ပတ်ရှိပါပြီ။ အဲဒါ သွေးနည်းနည်းဆင်းတယ်။ ခါးကိုက်တယ်။ ဗိုက်လဲကိုက်တယ်။ အဲဒါ ရင်သွေးလေးအတွက် စိုးရိမ်လို့ပါ။ og ကလဲ ပိတ်ရက်ဖြစ်နေတော့ ဆရာ့ကိုပဲ အားကိုယ်ပါရစေ။ ဘာလုပ်ရမလဲမသိလို့ပါ။ og ကတော့ excel ဆိုတဲ့ခိုင်ဆေးပေးထားတယ်။

၅။ ဆရာရှင့် သမီးကအသက် ၂၈ နှစ်ပါ။ ကိုယ်ဝန် ၁၅ ပါတ်ထဲမှာပါ။ ၈ ပါတ်ကစလို့အခု ၁၅ ပါတ်ထိကို အညိုရည်တွေနဲ့  သွေးခဲတတုံး၊ သွေးများဆင်းနေပါတယ်။ နေ့တိုင်းမဆင်းဘဲတပါတ်တခါလောက်ဆင်းပါတယ်။ သွေးဆင်းရင်လဲ နဲနဲများပါတယ်။ တခါဆင်းပြီးရင်တော့ ရပ်သွားပါတယ်။ ကိုယ်ဝန်စရှိတာသိတာနဲ့ OG အပ်ထားပြီးသားပါ။ OG က ဘာမှမဖြစ်ဘူးဘဲပြောပါတယ်ဆရာ။ သမီးကတော့သွေးတွေဆင်းတော့ အလွန်စိုးရိမ်နေပါတယ်။ နောက်ဆုံး ၁၄ ပါတ်ထဲမှာ Ultrasound ရိုက်တော့ဆရာမကဘာမှမဖြစ်ဘူး၊ ကလေးနှလုံးခုန်သံလည်းဖွင့်ပြပါတယ်။ ဖြစ်နေတာ ကလေးအတွက် အန္တရာယ်ရှိပါသလား။

၆။ ဆရာ ကိုယ်ဝန်ဆောင်ချိန်မှာ ရာသီလာသလိုမျိုး သွေးပေါ်ရင် စိတ်ချရပါသလားဆရာ၊ ရာသီပေါ်သလိုမျိုး ပေါ်တယ်ဆိုတာက ကန်တော့ပါဆရာ သွေးခဲလည်း မဟုတ်ပါဘူး။ အဖတ်နည်းနည်းနဲ့ သွေးလည်း ပေါ်တော့ပေါ်ပါတယ်။ ညပိုင်းလေးပဲ ပေါ်တာပါ နောက်နေ့မနက်ရောက်တော့ မဖြစ်တော့ပါဘူးဆရာ၊ ဗိုက်လည်း မနားပါဘူးဆရာ။
(၂) ကျွန်မ အသက်က ၃၃ နှစ်ပါ။ ကိုယ်ဝန် ၁၄ ပတ်ထဲကို ရောက်ရှိနေပါပြီ။့ နိုင်ငံတွင် နေထိုင်ပါသည်။ ပြီးခဲ့သည့် ကိုယ်ဝန် ၁၃ ပတ်က သွေးများ ရုတ်တရက် အလွန်အမင်း ဆင်းပါသဖြင့် အရေးပေါ် ဆေးကုသမှု တရက် ခံယူခဲ့ပါသည်။ ဆရာဝန်ကြီးမှ ကလေး နှလုံးခုန်နှုန်းကို ချက်ချင်း စမ်းသပ်ပြီး ကလေးအခြေအနေကောင်းကြောင်း ဆေး (၁) လုံး ထိုးပေးခဲ့ပါသည်။ ဟိုမုန်းပြောင်းလဲမှုကြောင့် သွေးဆင်းသည်ဟု ပြောပါသည်။ နောက်နေ့ မနက်တွင် သွေးဆင်းမှု မရှိသည်နှင့် ဆေးရုံမှ ဆင်းခဲ့ပါသည်။ အိမ်ရောက်ပြီး ၂ ရက် ၃ ရက် အထိ သွေးနည်းနည်း ထွက်နေသေးပါသည်ဆရာ။ သွေးယခုလို နည်းနည်း ဆင်းနေသည်မှာ ပုံမှန်ပါလား ဆရာ၊ သို့မဟုတ် အရေးကြီးပါသလား။ တခါတလေ ဆီးခုံရဲ့ ဘေးနားမှ နည်းနည်း နာတတ်ပါသည်။ ယခု ကျွန်မ Duphaston ကို တနေ့ ၃ လုံးသောက်ရပါသည်။

၇။ လွန်ခဲ့တဲ့ လအနည်းငယ်က သူငယ်ချင်းတယောက် Ectopic Pregnancy ဖြစ်လို့ ဆေးရုံတက်ရတယ်ဆရာ။ သမီးလဲ သွားကြည့်ရင်းနဲ့ အဲဒီက Nurse တယောက်နဲ့ စကားပြောရင်းနဲ့ သူကပြောတယ်။ သူ့အမ ဝမ်းကွဲ တယောက် ကိုယ်ဝန် ရှိနေပေးမယ့်လဲ ရာသီပေါ်တယ်တဲ့။ အဲဒီတော့ ကိုယ်ဝန်ရှိမှန်း မသိဘူးတဲ့။ ရာသီရပ်သွားလို့ ဆေးခန်းမှာ စစ်ကြည့်တော့မှ ကိုယ်ဝန် ၃ လရှိနေပြီတဲ့။ အဲဒါ ဖြစ်နိုင်ရဲ့လားဆရာ။ ကိုယ်ဝန်ရှိနေရင် ရာသီမပေါ်တော့ဘူးလို့ပဲ သိထားတာ။

နမူနာပြဒုတိယမေးခွန်းမှာ အသက်ကို အရင်ဆုံးမရေးလို့ ၂ ခါဖတ်ရတယ်။ အမေးခွန်း ၂ ခုစာအချိန်ကုန်သွားတယ်။ ပဌမမေးခွန်းက အချက်အလက်လည်းစုံတယ်။ မေးနည်းစည်းကမ်းလည်းကျတယ်။ စာရေးတာလည်း ယဉ်ကျေးတယ်။ ကိုယ်ဝန်ရှိစဉ်မှာ သွေးဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ရှိတာသေချာလို့ သွေးဆင်းရင် အရေးကြီးပါတယ်။ မွေးလမ်း (ဗဂျိုင်းနား) ကနေ သွေးဆင်းတိုင်း ရာသီဆင်းတယ်လို့ မခေါ်နိုင်ပါ။ သွေးက လာတာကတော့ မွေးလမ်းပေမဲ့ ဘယ်ကလာတဲ့ သွေးလဲ၊ ဘာ့ကြောင့် ဆင်းသလဲ။

ကိုယ်ဝန်ကို ပဌမ၊ ဒုတိယနဲ့ တတိယ ၃ လစီပိုင်းပြီးပြောရတယ်။ နဲနဲလေးစွန်းယုံဆင်းတာနဲ့ အများကြီး၊ သွေးခဲပါ ဆင်းတာရှိတယ်။ ၃ လ နောက်ပိုင်းသွေးဆင်းရင် ပုံမှန်မဟုတ်ဘူး သတ်မှတ်တယ်။ ၂၈ ပါတ်နောက် ဆင်းတာဆိုရင် အရေးပေါ်။ အနည်းအများမတူပါ။ ဗိုက်နာတာကိုယ်ဝန် ၄% မှာဖြစ်တယ်။ မီးတွင်းမိခင်သေဆုံးရတဲ့ အကြောင်းတွေထဲမှာ အဖြစ်များဆုံးပါ။ ကိုယ်ဝန်ပဌမသုံးလ သွေးဆင်းတာ ၂ဝ-၃ဝ% ကိုယ်ဝန်တွေမှာဖြစ်တတ်တယ်။ အဲဒီအထဲက ၅ဝ% ကိုယ်ဝန်ပျက်ကျနိုင်တယ်။ ၃% က Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာ ဖြစ်တယ်။

၁။ Implantation bleeding ကျားသုက်ပိုးနဲ့ မဥတွေ သားအိမ်ပြွန် တနေရာမှာ ပေါင်းစပ်ကြပြီး ဖြစ်လာတဲ့သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာတွယ်ကပ်တဲ့ အချိန်မှာ သွေးနည်းနည်းကလေးဆင်းတာကိုခေါ်တယ်။ ခန့်မှန်းခြေ ရာသီလာရမဲ့ ရက်လောက်မှာ ဖြစ်တာများလို့ အထင်မှားတတ်တယ်။ ဘာမှစိုးရိမ်စရာမလိုပါ။

၂။ Postcoital bleeding အတူနေအပြီး သွေးနည်းနည်းဆင်းတာ။ ရပ်သွားရင် ဘာမှလုပ်စရာမလိုပါ။

၃။ Threatened miscarriage ရာသီထိန်၊ နာတာ-ကိုက်တာနဲ့ရောပြီး သွေးဆင်းတယ်။ ကိုယ်ဝန်ပျက်ခြင်သလို ဖြစ်တာ။ ကိုယ်ဝန် ဆက်တည်မလား၊ ပျက်မလား ပြောမရသေးပါ။ ဆီးအောင့်တာ၊ ရေ-ဆားဓါတ်နည်းတာ၊ တချို့ဆေးဝါး၊ ခိုက်မိတာ-လဲကျတာတွေကြောင့် ဖြစ်နိုင်တယ်။ အထဲကကလေး ပုံမှန်မဟုတ်တာလဲ ပါသေးတယ်။ အလေးအပင်မတာ၊ အတူနေတာကြမ်းတမ်းတာ၊ စိတ်ပိုင်းထိခိုက်တာတွေလဲပါတယ်။ ၁၊ ၂ နဲ့ ၃ အတွက် နားနေပါ။ အလေးအပင် မမပါနဲ့။ ပြင်းထန်တဲ့လေ့ကျင့်ခန်းမလုပ်နဲ့၊ အတူနေတာ ၃ ပါတ်ရှောင်ပါ။ မွေးလမ်းကို Tampons or Douching နဲ့ဆေးတာ ရှောင်ပါ။ ရေများများသောက်ပါ။ အရက်-ဆေးလိပ်ရှောင်ပါ။ အာဟာရ မျှတအောင်စားပါ။

၎။ Completed miscarriage ကိုယ်ဝန်ပျက်တာ။ သွေးဆင်းတာများ၊ ဗိုက်နာတာပိုရင် စဉ်းစားရမယ်။ သားအိမ်ခြစ်စရာ မလိုပါ။

၅။ Incomplete miscarriage ကိုယ်ဝန် တဝက်တပြက်ပျက်ကျတာ။ မွေးလမ်းကြောင်းစမ်းရင် သားအိမ်အဝ နည်းနည်း ပွင့်နေမယ်။ သွေး-သွေးခဲ-တခြား ဆင်းလာနေမယ်။ အဝပြန်ပိတ်နေတာလဲ တွေ့နိုင်တယ်။

၆။ Septic abortion ကိုယ်ဝန်ပျက်ရာ ပိုးဝင်တာ။ ပိုးဝင် လက္ခဏာလဲ တွေ့ခြင်တွေ့မယ်။ ကိုယ်ပူ၊ ဗိုက်ပိုနာ၊ ဆင်းတာတွေက အနံ့ရှိ၊ သွေးနဲ့အတူ အဖြူစတာတွေပါ ရောဆင်း။ ဆေးရုံတက်၊ ပိုးသေအောင်လုပ်ပြီး နောက်မှာ D and C သားအိမ်ခြစ်ရမယ်။

၇။ Blighted ovum မမျိုးဥပုံမှန် မဟုတ်လို့ ပုံမှန်သန္ဓေ ဖြစ်တာ။

၈။ Intrauterine fetal demise/death (IUD) အထဲမှာ ကလေးသေသွားတာ။

၉။ Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်ခြင်း။ အဆိုးဆုံးအစားဖြစ်တယ်။ အများဆုံးက Tube သားအိမ်-ပြွန်ထဲမှာတည်တယ်။ မဆန့်မပြဲ ဖြစ်လာချိန်မှာ ရုတ်တရက်ပေါက်ထွက်ရင် အရေးပေါ်ဖြစ်ပြီ။ ရာသီထိန်ပြီး ၁ဝ ပါတ် ဝန်းကျင်မှာဖြစ်တယ်။ သွေးမဆင်းခင် နာတာနဲ့စတတ်တယ်။ အရင်ဖြစ်ဖူးသူတွေ ထပ်ဖြစ်နိုင်တယ်။ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ ဖြစ်ဖူးသူ၊ ကလေးမရတာ ၂ နှစ်ကျော်နေသူ၊ သားအိမ်ပြွန်ကို ခွဲစိတ်ထားသူ၊ ကိုယ်ဝန်မရအောင် IUCD ထည့်ထားခဲ့သူ၊ ဆေးလိပ်သောက်သူ၊ နေ့တိုင်း Douching ဆေးကြောတတ်သူတွေမှာ အဖြစ်များတယ်။ Ultrasound လုပ်မယ်။ Methotrexate ဆေးပေးမယ်။ မရရင် ဒါမှမဟုတ် ဒီဆေး မသုံးခြင်ရင် ခွဲစိတ်နည်းသုံးမယ်။ သွေးသွင်းဘို့ လိုတတ်တယ်။

၁ဝ။ Molar pregnancy စပျစ်သီးကိုယ်ဝန်၊ Ultrasound မှာ ကလေးမဟုတ်ဘဲ (တရှူး) တွေသာတွေ့ရမယ်။ ရာသီ ထိန်မယ်။ ၁၂ ပါတ်ကျော်ရင် ဗိုက်စမ်းတော့ သားအိမ်အမြင့်က ရာသီထိန်တာထက် မြင့်နေမယ်။ တချိန်မှာ ကင်ဆာကို သံသယရှိရမယ်။ D and C သားအိမ်ခြစ်မယ်။ နောက်တလနေရင် တခါထပ်ခြစ်မယ်။ သွေး Blood B-hCG levels ကို စစ်မယ်။

Duphaston ဆိုတာ ပရိုဂျက်စတင်၊ ပရိုဂျက်စတီရုန်းဟော်မုန်းဖြစ်တယ်။ ရာသီမမှန်သူတွေ၊ ကလေးမရနိုင်သေးသူတွေ၊ ကိုယ်ဝန်မမြဲသူတွေ၊ ကလေးအချိန်စောမွေးသူတွေ၊ Endometriosis သားအိမ်ရောဂါရှိသူတွေ၊ ရာသီမလာခင် စိတ်အတာကျမှုတွေခံစားနေရသူတွေနဲ့ ဟော်မုန်းအစားထိုးကုသသူတွေကို ပေးတယ်။

အခုရေးတာက ကိုယ်ဝန်နုစဉ် ပဌမ (၃) အတွင်းသွေးဆင်းတာသာဖြစ်ပါတယ်။ လရင့်လို့ဆင်းတာက ပိုသတိထားဘို့ လိုပါမယ်။ Pregnancy and Placenta praevia အချင်းနေရာ အရေးကြီးပါတယ်ကို သပ်သပ်ရေးထားပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ