Abortion Risks စပွန်ဆာရောဂါ


၁။ ဆရာမင်္ဂလာပါဗျာ။ ညီမလေးတစ်ယောက်ရှိပါတယ်။ အသက်က ၂၄ နှစ်ပါ။ အလှပကြိုက်တော့ စပွန်စာဘဲတွေ အများကြီးတွဲပါတယ်။ သိသလောက်တော့ ၃ ဦးလောက်နဲ့ အတူနေပါတယ်။ အကာကွယ်မဲ့ အကြိမ်ရေကတော့ တလ ၄ ခါလောက်အနည်းဆုံးပါ။ အပျိုဖြစ်ထဲက လစဉ်ပုံမှန်လာတယ်ပြောပါတယ်။ လစဉ် ရာသီလာတာက ၂၄ ရက်ပါ။ ဒါပေမဲ့ ၄ လပိုင်းက ၁၈ ရက်နေ့စောလာပါတယ်။ လာတဲ့ရက်က ၆ ရက်လောက် ကြာတယ်ပြောပါတယ်။ ၅ လပိုင်းမှာ မလာဘူး ဖြစ်နေတယ်ဆရာ။ အခုအခြေနေက ဘာမှစားချင်စိတ်မဖြစ်ပဲ အသားငါးတွေ တွေ့ရင်အန်ချင်နေတယ်။ ဆီးလည်းမစစ်ရဲ အဖေ အကိုတွေ အမေညီမတွေ သိမှာလည်းစိုးနေပါတယ်။ အဒီအခြေနေက ကိုယ်ဝန်ရှိတာသေခြာလောက်လားဆရာ။ သူကိုဘာအကြံပေးသင့်ပါလည်း။ ကြောက်ပြီး တခုခုမလုပ်ခင်ပေါ့။ ရည်းစားတွေက နယ်တွေမှာပါ။ ဘယ်သူ့ လက်ညှိုးထိုးရမသိ အခြေနေပါဆရာ။ ကိုယ်ဝန်တကယ်ရှိနေတယ်ဆို အမေကိုဖွင့်ပြောသင့်လားဆရာ။ အကုန်သိနေပေမဲ့ ဘာတွေအကူညီ အကြံမပေးတက်ဖြစ်နေလို့ပါဆရာ။

၂။ ဆရာ ညီမလေး သားပျက်ဆေးသောက်တယ်၊ ထည့်လိုက်တယ်ပြောပါတယ်။ သူဘာဖြစ်နိုင်လည်းဆရာ။ ဘာတွေ ရှောင်သင့်လည်း၊ ဘာတွေစားသင့်လည်း၊ ဘယ်လိုနေထိုင်သင့်လည်းအကြံပေးပါဆရာ။ လေးစားစွာဖြင့်။

မေးခွန်း (၁) ဆီးစစ်သင့်။ မေးခွန်း (၂) အစားအသောက် ရှောင်ရန်မလို။ နောင်မှာ နောက်ထပ်ကိုယ်ဝန်နဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေကို သတိထားရပါမယ်။ မျိုးပွါးကျန်းမာရေးကိစ္စတွေနဲ့ သေဆုံးကြရတဲ့ ထိပ်ဆုံးအကြောင်းရင်းတွေထဲမှာ သားပျက်ရာ ပိုးဝင်တာလဲပါတယ်။ ဆင်းရဲမွဲတေမှု အများဆုံးရှိတဲ့ နေရာဒေသတွေမှာ ပိုများတယ်။ တရားမဝင် ကိုယ်ဝန်ဖျက်ရာကနေ ဖြစ်ကြရတာက တကမ္ဘာလုံးမှာ တနှစ်ကို အမျိုးသမီးပေါင်း ၆၈ဝဝဝ ယောက်ရှိတယ်။

ကိုယ်ဝန်ပျက်ရာပိုးဝင်သူတွေ ရာသီထိန်မယ်၊ ဖျားမယ်၊ ချမ်းမယ်၊ ဗိုက်နာမယ်၊ မွေးလမ်းကသွေးဆင်းမယ်၊ ဆင်းတာက အနံ့ရှိမယ်၊ ခါးကိုက်မယ်၊ သွေးဖိအားကျနေမယ်၊ ကိုယ်မပူဘဲ အေးနေတာလဲရှိတတ်တယ်၊ ဆီးအောင့်တာဖြစ်ဖြစ် ဆီးနဲတာဖြစ်ဖြစ်ရှိမယ်၊ အသက်ရှူတာခက်မယ်၊ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာတွေနဲ့ တွဲနေတတ်တယ်၊ ကိုယ်လဲပူ၊ ဗိုက်လဲ အတင်းနာလို့ အူအတက်ရောင်တာနဲ့ မှားတတ်တယ်။ ပုံမှန်ကိုယ်ဝန်ဆိုတာလဲ မမေ့ရဘူး။ ဆီးလမ်း ပိုးဝင်တာတွေနဲ့ ဆင်တူတာကို ခွဲခြားရမယ်။ သွေးဆင်း ပုံမမှန်တာ၊ ရှော့ခ်ရတာ နဲ့ သွေးထဲ ပိုးဝင်တာတွေနဲ့လဲ ဆင်တူတတ်တယ်။ ရာသီလာချိန် နာတာ၊ ထိခိုက်မိတာ။ ဒါတွေအပြင် မျိုးဥအိမ် အလုံး၊ မွေးလမ်းကြောင်းရောင်၊ မျိုးဥအိမ် လိမ်နေတာ၊ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်၊ ရိုးရိုးကိုယ်ဝန်၊ သားအိမ်ပြင်ပကိုယ်ဝန်တည်တာ၊ တခြား ရှားပါးတာတွေလဲ ရှိသေးတယ်။

ကိုယ်ဝန်ဖျက်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။
(၁) Cytotec ရဲ့ ဘေးထွက်-ဆိုးကျိုးများ = အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း

(၂) Mifepristone (Mifeprex) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ = ပျို့၊ အန်၊ ဝမ်းပျက်၊ အားနည်း၊ ခေါင်းမူး။ ဒီလိုဖြစ်နေတာက ၂၄ နာရီကျော်အထိကြာရင် ဆရာဝန်ပြပါ။ သွေးဆင်းမယ် (ကိုယ်ဝန်အရင့်အနုအပေါ်မူတည်မယ်)၊ ကြွက်တက်သလိုနာမယ်။ ဗိုက်နာမယ်။ တချို့မှာ ဖျားမယ်။

(၃) Methotrexate ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ = အန်၊ အစာမကျေ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မောပန်း၊ မျက်စိကြည့်မကောင်း။ အရေအတွက်နည်းသူတွေမှာ (အလာဂျီ) ရတာနဲ့ ဆိုးဝါးတာတွေဖြစ်နိုင်။

ကိုယ်ဝန်ဖျက်ရင် နောက်တွဲဖြစ်နိုင်တာတွေကတော့ E. Coli, Klebsiella, Proteous, Bacteroids ဆိုးတဲ့ ပိုးတွေကနေ ထွက်တဲ့ အဆိပ်အတောက်ကြောင့် Septic Shock (ရှော့ခ်) ဖြစ်နိုင်တယ်။ အရေးပေါ်ဆေးကုသမှုလုပ်ရမယ်။ Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ သားအိမ် အတွင်းဆုံးအလွှာရောင်ရင် Endometritis ဖြစ်မယ်။ သေချာဆေးမကုရင် ဆက်ပျံ့နှံ့လိမ့်မယ်။ နောက်ဆုံး ဗိုက်ကို အထဲမှာ ဖုံးထားပေးနေတဲ့အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ်ရောဂါတခုပါ။ အများဆုံး ဖြစ်မှာတော့ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေရောင်တာဖြစ်ပါတယ်။ အဲလိုဖြစ်ရင် နောင်မှာ ကလေးမရတာ ဖြစ်စေနိုင်တယ်။

မြန်မာပြည်မှာ ကိုယ်ဝန်ကို တမင်တကာဖျက်တာ တရားဥပဒေက ခွင့်မပြုပါ။ လုပ်ပေးသူမှာလဲ အပြစ်ရှိတယ်။ တရားဝင် ဆေးရုံ-ဆေးခန်းတွေမှာ လုပ်တာရပေမဲ့လဲ ကိုယ်ဝန်ဖျက်ခြင်းမှာ နောက်ဆက်တွဲတွေ မကင်းပါ။

ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို အရေးပေါ်မီးယပ်ရောဂါလို့ သတ်မှတ်တယ်။ ပိုးအမျိုးတွေကများလို့ အသုံးပြုတဲ့ ပဋိဇီဝဆေးတွေကလဲ များလှတယ်။ Antibiotics Tripple Regime ပိုးသေဆေး (၃) မျိုးတွဲပေးရတယ်။ (၁) Ampicillin 1-2G တနေ့ ၄ ကြိမ်၊ ၂၄-၄၈ နာရီ။ (၂) Metronidazole 500 mg တနေ့ ၃ ကြိမ်၊ ၂၄-၄၈ နာရီ။ (၃) Gentamycin 80 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။ တခြား ပိုးသေဆေးတွေကတော့ Cephalosporins IV Cefuroxime 750-1500 mg တနေ့ ၃-၄ ကြိမ်၊ ၂၄-၇၂ နာရီ။ Ofloxacin, Ciprofloxacin 400 mg တနေ့ ၁ ကြိမ်။ ပိုးသေဆေးပေးပြီး D and C သားအိမ်ခြစ်ခြင်း၊ မေ့ဆေးနဲ့လုပ်မယ်။ သားအိမ်ပေါက်မသွားအောင် အထူးသတိထားပါ။ နာတာသက်သာအောင် IM Pethadine 100 mg ၄-၆ နာရီတခါ ထိုးပေးပါ။ Promethazine 25 mg ၈-၁၂ နာရီတခါ၊ ၂၄-၄၈ နာရီအထိ တွဲထိုးပါ။ ATT 0.5 mg + Human Immuno Tetanus Globulin 250-500 IU မေးခိုင်ကာကွယ်ဆေး (၂) မျိုးထိုးပေးပါ၊

HIV အပါအဝင် လိင်ကတဆင့်ကူးစက်ရောဂါတွေကိုတော့ သတိထားရပါမယ်။ အတူနေဖေါ်များသူမျိုးက နောင်မှာ သားအိမ်ဝကင်ဆာ သတိထားရမယ်။ အသက် ၂၆ နှစ်အောာက်ဆိုရင် ကာကွယ်ဆေးထိုးထားရမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ