Stretch Marks အကြောပြတ်ခြင်း
အများကြီးမေးတယ်။ နမူနာသာထည့်ပါမယ်။ အပျို-အအို၊ ပိန်သူ-ဝသူ၊ ကျား-မ မရွေးမေးကြတယ်။
၁။ မင်္ဂလာပါဆရာ ကျွန်မအမည် မ့ပါ။ အသက် (၂၂)။ အိမ်ထောင်မရှိပါ။ ရန်ကုန်မှာနေပါတယ်။ ကျွန်မသည် တကိုယ်လုံးတွင် အဆီမရှိဘဲ ပိန်ပိန်ပါးပါး နှင့်ဖြစ်ပါသည်။ သို့သော်လည်း မရိုမသေ့စကားဖြစ်လျှင်ခွင့်လွှတ်ပေးပါဆရာ။ ကျွန်မ တင်ပါးတွင်မူ အကြောပြတ်ရာများနှင့်တကွ လိမ္မော်ခွံပုံစံ အဆီပြင်များအပြည့်ဖြစ်နေပါသည်။ တချို့ ကလည်း ဆယ်လူလိတ်ဟုခေါ်သည်ပြောကြပါသည်။ ယင်းအဆီပြင်များကြောင့် ယင်းနေရာတ၀ိုက်သည် တင်းတင်းရင်းရင်းမရှိဘဲ လျော့တိလျော့ရဲ ဖြစ်နေပါသည်။ အစားလျော့စားသော်လည်း ယင်းနေရာက အဆီများမကျပါ။ တကိုယ်လုံး အဆီမရှိဘဲ အဘယ်ကြောင့်ယင်းနေရာ တဝိုက်သည် ထိုကဲ့သို့ အဆီပြင်များဖြစ်နေရပါသနည်း။ မည်ကဲ့သို့နည်းဖြင့် ယင်းနေရာမှ ဆယ်လူလိတ်များကို ဖယ်ရှားရပါမည်နည်း။ ဆယ်လူလိတ်နှင့် အကြောပြတ်အရာများအား ဖယ်ရှားနည်းအား သိချင်ပါသည်ဆရာ။
၂။ ကလေး ၂ ယောက်အမေပါ။ ဗိုက်ကြောပြတ်တာဘယ်လိုပျောက်အောင်လုပ်ရမလဲ။
၃။ ကျွန်တော်ချစ်သူသူ့တင်ပါးမှာ အကြောပြတ်တာတွေတွေရရပါတယ်ဆရာ။ ဘာကြောင့်အကြောပြတ်တာလဲဆရာ။ အပျိုမစစ်လို့ဖြစ်တာလားဆရာ။ သူက တင်ပါးကြောပြတ်တယ်။ ခြေသလုံးကြောပြတ်တယ်။ ဘာကြောင့် အကြောပြတ်တာလဲဆိုတာ ကျေးဇူးပြုပြီးရှင်းပြပေးပါဆရာ။ အသက်က ၂၁ ပါဆရာ။
၎။ ဆရာရှင့် ကျွန်မကအပျိုပါ။ ပေါင် ၁၆ဝ ရှိပါတယ်။ ဝတဲသူတွေက ဗိုက်အအကြောပြတ်တက်ပါသလား။ ကိုယ်ဝန်ဆောင်ဘူးသူတွေဘဲ အကြောပြတ်တက်ပါသလား သိပါရစေ။ အသက်က ၂၉နှစ်ပါ။ မရိုမသေကျွန်မဗိုက်နဲ့ ဆီးခုံကြားမှာ အနီဒေါင်လိုက်အစင်းများဖြစ်နေပါတယ်။ အကြောတွေလိုပါပဲ။ အထူးကုနှင့်သွားပြသင့်ပါသလား။
၅။ ဆရာရှင့် သမီး အသက် ၂၉ နှစ်ပါ။ အခု ကိုယ်ဝန် ၈ လထဲမှာပါ။ ဗိုက်ကြောတွေလည်း ပြတ်သလို ရင်သားတွေပါ အကြောတွေ ပြတ်နေပါတယ်။ တခြားကိုယ်ဝန်ဆောင်တွေ မေးကြည့်တော့ ရင်သားတွေ အကြောမပြတ်ကြပါဘူး။ ရင်သားတွေ အကြောပြတ်တတ်ပါသလား။ အန္တရာယ်ရှိပါသလား။ ဘာဆေးတွေ လိမ်းသင့်ပါသလဲရှင့်။ ဆောင်ရန် ရှောင်ရန်တွေ လမ်းညွှန်ပေးပါအုံးရှင့်။
၆။ ဆရာ မင်္ဂလာပါရှင့် အကြောပြတ်ခြင်းအကြောင်းနဲ့ ပတ်သက်တာလေးတွေ တင်ပေးပါဦးလို့ တောင်းဆိုချင်လို့ပါရှင့်။
၇။ ဝတဲ့သူတွေမှာ အကြောပြတ်ကြပါတယ်။ အကြောပြတ်တာပျောက်အောင် ဘယ်လိုလုပ်ရပါသလဲ။
၈။ ဆရာရှင့် အကြောပြတ်တဲ့အကြောင်းလေးလည်း ရှင်းပြပေးပါဦးဆရာ။ ကျွန်မရဲ့ ဒူးခေါင်းနဲ့ ပေါင်ခြံတွေမှာ သိသိသာသာကြီး အကြောပြတ်လာပါတယ်။ အကြောပြတ်တာ ကုလို့ရပါသလား။ သူများပြောတာ သံလွင်ဆီ လိမ်းရတယ်ဆိုတာ အကြောမပြတ်ခင်လိမ်းရတာမဟုတ်လား။ ပြတ်ပြီသားအရာကြောင်းကြီးကော လိမ်းဆေးရှိပါသလား။
၉။ ဆရာရှင့် သမီးအသက် ၂၃ ပါ အိမ်ထောင်မရှိပါဘူး။ အိမ်ထောင်သည်အမျိုးသမီးတွေ မီးဖွားပြီး ဗိုက်မှာ အကြောပြတ်တယ်လို့တော့ ကြားဘူးပါတယ်။ သမီးက ပိန်တော့ အားကစားလုပ်ချင်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေ အားကစားလုပ် gym ဆော့ အလေးမရင် ပေါင် ခြေသလုံး တင် အကြောတွေ အကြောပြတ်တတ်တယ်လို့ ပြောကြလို့ပါ။ အကြောက ဘာကြောင့်ပြတ်တာပါလဲ။ အကြောမပြတ်အောင် ဘာတွေရှောင်သင့်သလဲ။ ဘယ်လို ပျောက်အောင် ကုသရသလဲ သိချင်ပါတယ်ဆရာ။
ဗိုက်အကြောပြတ်တယ်လို့ ပြောလေ့ရှိတဲ့ဟာက ရောဂါတော့မဟုတ်ပါ။ ကျန်းမာရေးပြဿနာတော့ဖြစ်တယ်။ ဗိုက်မှာတင် မဟုတ်ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာတွေမှာပါ ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာမှာ ပြိုင်နေတဲ့ မျဉ်းကြောင်းတွေလို၊ ပါးလျ၊ ပြောင်ချော၊ အရောင်ဖျော့၊ ဖြစ်စမှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ်လိုလို အပိုတွေ ဖြစ်လာတယ်။ အနားရှိတဲ့ ပုံမှန် အရေပြားထက် နဲနဲနိမ့်ပြီး၊ ထိ-ကိုင်ကြည့်ရင် ခံစားမှု မတူဘူး။
ကိုယ်ဝန်ဆောင်ရလို့ ဖြစ်ရတာက အများဆုံးပါ။ ကိုယ်ဝန်ရင့်လာချိန် ၇၅% ကနေ ၉ဝ% မိခင်လောင်းတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်မဟုတ်ပဲ ရုတ်တရက် ဝလာ-ပိန်သွားတာကနေလည်း ဖြစ်တတ်တယ်။ တခြားအကြောင်းခံရောဂါတွေလည်း ရှိသေးတယ်။ ကော်တီဇုန်းလိမ်းဆေး ကြာကြာသုံးလို့၊ ဆီးချိုရောဂါ၊ Cushing syndrome, Ehlers-Danlos syndrome, Lichen planus ရောဂါတခုခုရှိလို့ ဖြစ်တတ်တယ်။ လူပျိုဝင်၊ အပျိုဖြစ်ဆိုတဲ့ အရွယ်ရောက်ချိန်မှာ ကိုယ်ခန္ဓာအချိုးအစား ပြောင်းလာလို့လည်း ဖြစ်ရပါတယ်။
ကိုလာဂျင်တွေ ပုံမှန်မဟုတ် ဖြစ်လာလို့၊ အရေပြားရဲ့ အလည် ဒါးမစ်လွှာမှာ သွားဖြစ်ပါတယ်။ Glucocorticoid ဟော်မုန်းနဲ့ ဆိုင်သေးတယ်။ လူမဲတွေမှာ အဖြစ်နည်းတယ်။ မျိုးရိုးလိုက်တာလည်း ရှိတယ်။ အမေဖြစ်ရင် သမီးတွေမှာ အဖြစ်များလို့ မိန်းမ မယူခင် သူ့အမေကိုပါ လေ့လာသင့်တယ်။ ဈေးအကြီးဆုံး မော်ဒယ် (၁ဝ) ယောက်စာရင်းဝင် သြစတြေးလျက (မီရင်ဒါ ကား) ကလေးယူတော့မယ်ဆိုတော့ သူ့အဖွါးကပြောတယ်၊ မိသားစုမှာ ဗိုက်ကြောပြတ်တဲ့ ရာဇဝင်မရှိဘူးတဲ့။
ဘယ်လိုကုရမလဲဆိုတာ ပြောရမှာတော့ ဆောရီးပါ။ ကြော်ညာပြီးရောင်းတဲ့ ခရင်မ်တွေက လက်တွေ့မှာ ကောင်းတယ်လို့ အာမမခံနိုင်ပါ။ အကြောပြတ်တာ ဖြစ်စေတဲ့ အခံရောဂါရှိရင် ကုသဘို့လိုတယ်။ မဖြစ်အောင် ကာကွယ်ဘို့လိုမယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာအလေးချိန်ကို အပြောင်းအလဲ မမြန်အောင် သတိထားရမယ်။ ကော်တီဇုံးဆေး သိပ်လိုအပ်မှသာ သုံးပါ။ ကိုယ်ဝန်ဆောင်နေတုံးမှာ လေ့ကျင့်ခန်းလုပ်ပါ။ ဆီးချို ရှိ-မရှိစစ်ပါ၊ ကုပါ။ ဟော်မုန်းပါဆေးတွေကို သတိထားပါ။
အကြောပြတ်တာက အမာရွတ်သဘောနဲ့တူတယ်။ အမာရွတ်ဆိုတာမျိုးက ပျောက်သွားအောင် လုပ်လို့ မရသလောက်ပါ။ အနာ-ဒဏ်ရာ ဖြစ်တုံးက အရေပြားကို ဘယ်လောက်ထိ နက်သွားခဲ့သလဲ အပေါ်မှာမူတည်ပြီး အကြီး-အသေး၊ အပျောက် နှေး-မြန် ကွာတယ်။ ဖြစ်တဲ့နေရာအရလည်း မတူကြသလို၊ လူအပေါ်မှာပါ တည်သေးတယ်။ အသေားအရေ ကောင်းသူ၊ အရွယ်ငယ်ငယ်မှာ အပေါ်ယံဖြစ်တဲ့ အမာရွတ်ဆိုရင် ကြာလေလေ ပျောက်လေလေ။
နောက်သုတေသနတခုက Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ Verum Cream က ကောင်းတယ်လို့ ဆိုတယ်။ Cocoa butter ဆိုတာကလည်း ရေငွေ့ပေးတာမို့ ကောင်းတယ် ပြောတယ်။ သုတေသနတော့ မရှိသေးဘူး။ အရေပြားခွဲစိတ်ဂျာနယ်က ရေဒီယိုလှိုင်း 585-nm pulsed dye laser နဲ့ (၃၇) ယောက်ကို ကုတာ၊ (၃၃) ယောက်မှာ အလွန်ကောင်းတဲ့ ရလဒ်ရတယ်လို့ ဆိုပါတယ်။ Tummy tuck ခေါ်တဲ့ ခွဲစိတ်ဖယ်ရှားမှုလည်း လုပ်ကြတယ်။ Fractional laser resurfacing လေဆာနည်းသစ်ကလည်း ပိုကောင်းသတဲ့။
အရေပြားကုသရေး ဂျာနယ် စာတမ်းမှာ အမျိုးသမီး ၁၇ ယောက်ကို ၆ ပါတ် ကုသပေးတာ ဆေးပါတ် ပြည့်ပြီးနောက် ၁ ပါတ်မှာ ၃၈့၂% က ၂၅့၅% နဲ့ ၁၁့၈% က ၅၁့၇၅% တိုးတက်မှုတွေ့ရတယ်။ ၂၃% က ကျေနပ်ကြပြီး၊ ၁၂% ကတော့ ကျေနပ်မှုမရှိဘူး ဆိုပါတယ်။
ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့အတူ အရေ၏ ကောင်းခြင်းလည်း ပါတယ်။ အမျိုးသမီး တွေသာမက အမျိုးသားတွေအတွက်လည်း ဗိုက်စူ၊ ဗိုက်ပူတွေ မဖြစ်ချင်ကြတာမို့ ဗိုက်ခေါက်ကျန်းမာရေးက အတော် အရေးပါလှတယ်။ ဗိုက်ကြောပြတ်တာက အရေပြားမှာ ဖြစ်တာပါ။ အရေပြားအောက်မှာ အဆီပြင်၊ ကြွက်သား၊ နောက်ခံ အရွတ်ပြား၊ အတွင်းဆုံးကြမှ ဗိုက်ကိုဖုံးနေတဲ့ အလွှာဆိုပြီး ၅ ထပ်ရှိတယ်။ ဗိုက်မစူချင်ရင် ဗိုက်လှချင်ရင် အရေပြား လှရမယ်။ အဆီမထူရဘူး။ ဗယ်လီခေါ်တဲ့ ဗိုက်ကြွက်သားသန်နေရမယ်။ တချို့သိပ်မသိကြတာက အရွတ်ပြားရဲ့ အရေးပါမှုဘဲ။ ဗိုက်ကို ခွဲစိတ်ရရင် ဒီအထပ်ကို ကျကျနနပြန်ချုပ်ပေးရတာ လက်ဝင်တဲ့ အလုပ်တခုပေါ့။
ရေနဲ့ အာဟာရဓါတ်ပြည့်ဝနေတဲ့ အရေပြားဆိုရင် အကြောပြတ်တာဟာ အဖြစ်နည်းတယ်။ ရေသောက် မနည်းစေနဲ့။ မျှတတဲ့ အစားအစာစားပါ။ အသား-ငါး၊ အသီးအရွက်-အသီးအနှံ၊ ပဲတွေ စုံအောင်စားရတာမျိုးပြောတာပါ။ လှုတ်ရှား ရုံးကန်နိုင်ဘို့ အင်နာဂျီဖြစ်စေတဲ့အစာ၊ ကြီးထွားဘို့၊ ပျက်တာတွေပြုပြင်ဘို့ ပရိုတင်း၊ နည်းနည်းစီနဲ့ နေ့တိုင်း မပါမဖြစ်တာတွေက ဆီ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်တယ်။ ဗီတာမင် အေနဲ့ အီးကို သောက်သင့်တယ်။ သူနည်းနေရင် ပြော့ဖတ်ဖတ် ဖြစ်နေတာမို့ ပိုတက်ဆီယံပါ ဖြည့်ပေးဘို့ လိုတယ်။ အကြောပြတ်ပြီးသူတွေအတွက်ပါ ကောင်းပါတယ်။
ခွဲစိတ်ကုသတာကိုလည်း လုပ်ချင်၊ လုပ်နိုင်၊ အခြေအနေပေးရင် မလုပ်နဲ့လို့ မတိုက်တွန်းပါ။ ကုပေးမဲ့ ဆရာဝန်နဲ့ အရင် ဆွေးနွေးပါ။ ဒီရောဂါမျိုးက အများကြီး မျှော်မှန်း မထားဘဲ ကြိုးစားသင့်တယ်။ အမှန်က ရောဂါလို့ တကယ် သတ်မှတ်တာတော့ မဟုတ်ဘူး။ အဲဒါမျိုးက ပိုပြီးကုရတာ မလွယ်ဘူး။ သက်ရှိတွေမှာ ဇရာဖြစ်စဉ်ထဲပါတာကို ပြုပြင်ဘို့က သိပ်ခက်တတ်တယ်။ ဒါပေမဲ့ ငယ်တုံးကဖြစ်တာ ကြာရင် သက်သာရာကနေ မမြင်ရတဲ့အထိ ပြောင်းတတ်သေးတယ်။
ယောက်ျားတွေကလဲ ဒူးကြောပြတ်တာ မေးကြပါတယ်။ မာစတာဘေးရှင်းလုပ်လို့ ပြတ်တယ်လို့ တရားသေမှတ်ကြတာ များတယ်။ မာစတာဘေးရှင်းလုပ်လေ့ရှိတာက လူပျိုဖြစ်ပြီးနောက်ဆိုတော့ အရွယ်ပြောင်းလာတာနဲ့ ကိုယ်ခန္ဓာ ပြောင်းလဲလာတာ တချိန်တည်းကျနေတယ်။ အမှန်က ကိုယ်မှာ ဝရာကပိန်၊ ပိန်ရာကဝလာတဲ့နေရာတွေမှာ အကြောပြတ်တယ်။ ဘာကြောင့်၊ ဘယ်နေရမှာဖြစ်ဖြစ် ကုသနည်းကတော့ အတူတူပါဘဲ။
လူဆိုတာ မွေးတုန်းကထက် ဖြစ်နိုင်ရင် ပိုလှချင်၊ ပိုကောင်းချင်၊ ပိုကျန်းမာသန်စွမ်းချင်ကြတယ်။ လျော့သွား၊ ကျသွား၊ ပြောင်းသွားရင်လည်း နဂိုအနေ ပြန်ဖြစ်ချင်ကြတယ်။ ဒီအထိတော့ (နော်မယ်) ပါ။ မဖြစ်နိုင်ဘူး ဆိုတာကိုပါ ဖြစ်ချင်နေရင်တော့ ဝေဒနာတိုးတာပါ။ ဒါ့ကြောင့် ကံနဲ့ စိတ်ဟာ အကြောင်းတရားတွေထဲမှာ ပါနေတာပေါ့။ စိတ်ကို ထားတတ်အောင် ပြုပြင်နည်းတွေ၊ ကံတရားကောင်းအောင် ကျင့်ကြံပါ။ ရေဓါတ်၊ အာဟာရဓါတ်နဲ့ စိတ်ဓါတ်၊ အလေးထားပြီးသကာလ၊ မအိုသေးသမျှ အပျိုလေးလို လှနေကြပါစေ။
Collagen (ကိုလာဂျင်) http://dts-medicaleducation.blogspot.in/2013/…/collagen.html
Dr. တင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin