Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား


၁။ ဆရာမင်္ဂလာပါရှင့် ကိုယ်ဝန်ဆောင်သည် ကင်းမလက်မဲကိုက်ခံရတာကိုယ်ဝန်ဘာဖြစ်နိုင်သလဲရှင့်။ ကိုယ်ဝန်ကို စိုးရိမ်လို့ပါရှင့်။ ကိုယ်ဝန်က ၄ လပါရှင့်။

၂။ ဆရာ သမီးအသက်က ၃ဝ ပါဆရာ။ ကိုယ်ဝန်က ၅ လပါဆရာ။ ခြေဖနောင့်နားကို ကင်းမြီးကောက် အထိုးခံရလို့ပါဆရာ။ နှုတ်ခမ်းနဲ့ လက်တွေ ထုံကျင်ကျင်ဖြစ်နေပါတယ်ဆရာ။ ဆေးခန်းသွားတော့ ATT ၂ လုံး ထိုးပေးလိုက်ပါတယ်ဆရာ။ စိုးရိမ်ရပါသလဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

၃။ ကျနော့်ခြေထောက်ကို အကောင်တကောင် ကိုက်သွားတယ်။ ဘာကောင်မှန်း မသိဘူး။ အဆိပ်ဖြေဆေး ဘာသောက်သင့်လဲ ပြောပြပေးပါ။

၎။ ကင်းခြေများကိုက်ခံရတာ ခြေထောက်ယောင်နေတယ်။ ဘာသောက်သင့်လဲ။ ဆရာ့ဆိုဒ်မှာ အဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင် ဘယ်လိုလုပ်ရမယ်ဆိုတာ မရှိဘူး။ အချိန်ရရင် ရေးပေးစေချင်ပါတယ်။

၅။ ဒေါက်တာရှင့် ကျွန်မအသက် ၃၂ နှစ်ပါရှင့်၊ ကိုယ်ဝန်က ၂၅ ပတ်ထဲရောက်နေပါပြီ၊ နေပြည်တော်ကပါ ဝန်ထမ်းပါရှင့်၊ ဝန်ထမ်းအိမ်ရာမရသေးလို့အပျိုဆောင်မှာနေရပါတယ်၊ မနေ့ည ၆နာရီခွဲလောက်တုန်းက ထမင်းစားပြီး အဆောင်ပြင်ထွက် လမ်းလျှောက်မိလိုက်ပါတယ်ဆရာ အဲတာလမ်းတဝက်ရောက်တော့ ခြေတောက်နားကစူးကနဲနာပြီး အရမ်းကို ပူစပ်ပူလောင်ဖြစ်သွားတဲ့အတွက် အကောင်တကောင်ကောင်ကိုက်လိုက်တယ်ဆိုတာသိပြီး ခါလိုက်မိပါတယ်။ အကောင်က လွှင့်သွားပြီးထွက်ပြေးသွားတာ ဘာအကောင်လဲလိုက်ကြည့်တာမမြင်လိုက်ရပါဘူး။ နဲနဲလဲမှောင်နေလို့ပါ အဲဒါနဲ့ အဆောင်ကိုပြန်ပြေးပြီး အနာကို ရေဆေးပြီးကြည့်လိုက်တော့ အပေါက်ရာနှစ်ပေါက် တွေ့ရပါတယ်။ ခါတိုင်းနေ့တွေတော့ ကင်းခြေမျှားတွေ လက်ဝါးလောက်အရှည်ရှိတာတွေတွေ့မိပါတယ်။ အနီရောင်ပါ။ အဲအကောင် ကိုက်လိုက်မိတာလို့ ထင်လိုက်ပါတယ်။ အဲဒါနဲ့ ဆေးရုံကိုပြေးလာပြီးပြတော့ ၂၄ နာရီစောင့်ကြည့်ရမယ်ပြောပါတယ်။ ဘာဆေးမှတော့ မထိုးပေးပါဘူး။ သွေးတွေတော့ ၂ နာရီခြားတကြိမ် လာလာဖောက်ပြီးစစ်နေပါတယ်။ ဆီးလဲစစ်ရပါတယ်။ ခြေတောက်အနာနေရာက တစစ်စစ်ကိုက်ပြီး ယောင်ကိုင်းနေပါတယ်။ ညဆယ်နာရီလောက်ကတော့ဆေး ၃ မျိုး လာတိုက်ပါတယ်ရှင့်။ ခုမနက်ထိအိပ်မရပါဘူး။ အနာကကိုက်နေလို့ ခြေတောက်ကခြေဖမိုးကပျံ့ပြီး ယောင်ကိုင်းနေပါတယ်။ ထိမရဘူး။ ကျွန်မသိချင်တာက အဲအဆိပ်က ကိုယ်ဝန်အပေါ်ထိခိုက်နိုင်ပါသလားရှင့်။ ကလေးတခုခုဖြစ်နိုင်ပါသလား သိချင်လို့ပါဆရာ။ စိုးရိမ်လို့ပါ။

၆။ ဆရာ သမီး အခုညနေ ၆ နာရီက ကင်းခြေများကိုက်ခံရလို့ og က အဆိပ်ပြေဆေး၁လုံးထိုးပေးပါတယ်။ ဗိုက်ထဲက ကလေး ဘာဖြစ်နိုင်လဲဆရာ။ မွေးရင်ရောဘာဖြစ်နိုင်ပါသလဲဆရာ။ ကျေးဇူးပြု၍ဖြေပေးပါဆရာ။

အရေးအကြီးဆုံး ကင်းသုံးကင်းရှိတယ်လို့ ပြောကြတယ်။ Centipede ကင်းခြေများ၊ Scorpion ကင်းမြီးကောက်နဲ့ Black-earth Scorpion ကင်းမလက်မည်း (ကင်းပုစွန်) တွေကို ပြောကြတာ များတယ်။ တခြားကင်းတွေလဲ ရှိသေးတယ်။ Millipede ကင်းနားသန်၊ Scolopendra ကင်းစုန်း၊ Grass-lizard ကင်းလိပ်ချော။ နောက်ပြီး Cuttle fish ကင်းမွန်ကတော့ စားရတဲ့ငါးအုပ်စုထဲက ဖြစ်တယ်။ လူတယောက်ဟာ ကင်းသုံးကင်းမှာ တကင်းပြီးတယ်ပြောကြတယ်။ ဒီလို အကောင်တွေ ကိုက်ရင် သေတယ် ဆိုတာတော့ ရှားတယ်။ ဘယ်အကောင်ကိုက်ကိုက် ဖြစ်တာတွေကလဲ ဆင်တူသေးတယ်။ နည်းနည်း ခံရတာနဲ့ များများခံရတာတော့ ရှိမှာပေါ့။ အလာဂျီဖြစ်မှသာ ဆိုးတယ်။ အင်ပြင်ထတာကနေ ပျို့တာ-အန်တာအပြင် ရှော့ခ်ရတဲ့အထိ ဖြစ်နိုင်တယ်။

ကင်းခြေများ
စားလို့ရတာအကုန်စားတဲ့တရုတ်တွေက ကင်းခြေများကို ဝူကုန်းခေါ်တယ်လို့ ပြည်ပပို့ကုန် တင်သွင်းချင်သူတွေအတွက် ကြော်ကြာမှာ ရေးထားတယ်။ ကင်းခြေများဟာ ပိုးနသန်ကောင်နဲ့ မှားခေါ်တာခံရတတ်တဲ့အကောင်ဖြစ်တယ်။ အဆစ်ပေါင်း ၁၂-၁ဝဝ ဆစ်နဲ့ ခြေထောက်တွေ အများကြီးရှိတယ်။ ချွန်ထက်မာကျောပြီး၊ အမြီးနှစ်ခွမှာရှိတဲ့ (ဂလင်း) အိတ်က အဆိပ်ထွက်လာမယ်။ အကိုက်ခံရရင် နာမယ်၊ ရောင်မယ်၊ နီရဲနေမယ်၊ တခါတလေ အနီးအနားက တက်စေ့တွေ ရောင်လာမယ်။ ကိုက်တဲ့နေရာ ထုံကျင်နေမယ်။

စိတ်အေးအေးထားပါ။ အကိုက်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ရေနဲ့ ကောင်းကောင်းဆေးကြောလိုက်ပါ။ အရက်ပြန်-အရက် မသုံးပါနဲ့။ ရေခဲတင်ပေးပါ။ ၁ဝ မိနစ်တခါ တင်လိုက်၊ နားလိုက်လုပ်ပါ။ ၄၈ နာရီအထိ အဆိပ်ဒဏ်ခံရနိုင်တယ်။ ဒါထက်ကြာကြာ သိပ်ဆိုးဝါးသူတွေလဲ ရှိတတ်တယ်။ နာတာသက်သာအောင် Acetaminophen နဲ့ Ibuprofen တခုခုကို အစာနဲ့တွဲ သောက်ပါ။ ရောင်တာ၊ ယားတာသက်သာအောင် Hydrocortisone cream လိမ်းဆေး တခုခုလိမ်းပါ။ မေးခိုင်ကာကွယ်ဆေး ATT မထိုးရသေးရင် ထိုးပါ။ အနာဖြစ်သွားရင် ဆေးထည့်ပါ။ လိုအပ်ရင် ပိုးသေဆေးသောက်ပါ။ အဆိပ်ကနေ သေစေတယ်ဆိုတာ မရှိဘူး။ ဆိုးဝါးရင် အလာဂျစ်ဖြစ်ရင် အသက်ရှူရခက်လာမယ်၊ နှလုံးခုန်တာ မြန်လာမယ်၊ လည်ပင်းအစ်လာမယ်၊ အရေးပေါ်ဌာနသွားရသူတွေကို ဆေးစစ်ဆေးမှုတွေလုပ်မယ်။ အသက်ရှူကူဘို့လိုရင် လုပ်ပေးမယ်။ သွေးပြန်ကြောထဲ ဆေးသွင်းဘို့ လိုရင် လုပ်မယ်။ ဆေးလိုသူတွေကို ပေးမယ်။

ကင်းမြီးကောက်၊ ကင်းမလက်မည်း (ကင်းပုစွန်)
ကင်းကိုက်ခံရတာဟာ တိုးတက်ဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေမှာ လူထုကျန်းမာရေး ပြဿနာတရပ် ဖြစ်တယ်။ နှစ်စဉ် လူ ၁့၂ သန်း အကိုက်ခံနေရတယ်လို့ စစ်တမ်းခုက ဆိုတယ်။ သူ့စာရင်းမှာ ၃၂၅ဝ ဦး သေဆုံးတယ်၊ မက်ဆီကိုမှာ တနှစ် လူ ၁ဝဝဝ သေပေမဲ့၊ အမေရိကမှာတော့ ၁၁ နှစ်အတွင်း ၄ ယောက်သာ သေတယ်။ အမျိုးအစားပေါင်း ၁၅ဝဝ လောက်ထဲမှာ လူကို ဒုက္ခပေးတာက ၃ဝ-၅ဝ ရှိတယ်။ တရိဂံပုံက ဆိုးတယ်။ ငါးမြှောင့်ပုံက မဆိုးလှဘူး။ ဥပမာ Buthidae family ဖြစ်တယ်။ အာရှမှာ တွေ့နိုင်တာတွေက Mesobuthus, Buthotus နဲ့ Androctonus တွေ ဖြစ်တယ်။

သာမန်ကာရှန်ကာ ဖြစ်တာကို ရှေးဦးသူနာပြုလုပ်တာ၊ အနာအကိုက် သက်သာဆေး၊ အင်တီဟစ်စ်တမင်းဆေးပေးတာနဲ့ ရတယ်။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အကိုက်ခံရရင်တော့ မပေါ့ရဘူး။ အဆိပ်သိပ်ပြင်းတဲ့ အရပ်ဒေသက အကောင်တွေအတွက် ဖြေဆေးဖေါ်ထားတယ်။ ဥပမာ အရီဇိုနာကင်းတွေအတွက် Antivenin ပေါ်နေပြီ။ ဆိတ်သွေးကနေ ဖေါ်ထားတာ။ တိရစ္ဆာန်ကနေမထုတ်တဲ့ Anascorp ဆေးကိုလဲ စမ်းသပ်နေတယ်။

အကိုက်ခံရပြီး သွေးပြန်ကြောကတဆင့် အဆိပ်ပြန့်သွားမယ်။ ၄-၇ မိနစ်မှာ လက္ခဏာတွေပြမယ်။ ၃ဝ မိနစ်မှာ အပြင်းထန်ဆုံးနဲ့ ၄့၂ ကနေ ၁၃့၎ နာရီအထိ ကြာနိုင်ပြီး၊ ကိုယ်ထဲကနေ ဆီးကတဆင့် ထွက်သွားမယ်။ Neurotoxin, Cardiotoxin, Nephrotoxin, Hemolytic toxin, Phosphodiesterases, Phospholipases, Hyaluronidases, Glycosaminoglycans, Histamine, Serotonin, Tryptophan, Cytokine releasers အဆိပ် အမျိုးမျိုး ပါနိုင်တယ်။

အကိုက်ခံရတဲ့နေရာမှာ စူးရှပြီး လောင်သလို နာမယ်။ ယားလာမယ်၊ နီရဲ-ရောင်လာမယ်။ အထက်တက်ပြီး ခံစားလာရမယ်။ လျှပ်စစ်ဓါတ်လိုက်သလို နေတယ်။ ရက်တွေ ကြာအောင် ခံစားနေရတတ်တယ်။ ဖြစ်တဲ့နေရာကို ခေါက်ကြည့်ရင် မခံနိုင်ဘူး။ သူ့အပေါ် အဝတ်တင်တာတောင် မခံချင်ဘူး။ အနီးအနားက တက်စေ့တွေ ရောင်တတ်တယ်။ အကိုက်ခံရတဲ့နေရာမှာ အဖုပေါက်နိုင်တယ်။ အနာလိုဖြစ်တာက ရှားတယ်။ Centruroides အကောင်းက အသက်သာဆုံးနဲ့ C exilicauda က အဆိုးဆုံး။

အာရုံကြောလက္ခဏာတွေ = ထုံတာကျင်တာ ခြေတွေလက်တွေမှာ ဖြစ်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ စိတ်ရှုတ်ထွေးမယ်၊ ဂရောင်ခြောက်ခြားဖြစ်မယ်၊ အမူအယာ မတူတာ ဖြစ်မယ်။ ကိုယ်ပူ၊ နှလုံးခုန်မြန်၊ သွေးဖိအားတက်၊ နှလုံးခုန် မမှန်၊ အဆုပ်ပွတာ၊ သွေးထဲမှာ အချိုဓါတ်များတာ။ လေပြွန်ကျဉ်း၊ နှလုံးခုန်နှေး၊ သွေးဖိအားကျ၊ သွားရည်များ၊ မျက်ရည်များ၊ ဆီးများ၊ အစာခြေရည်များ၊ ဝမ်းလျှော၊ နှာရည်များ၊ လေပြွန်ထဲ အရည်များ၊ ဆီး-ဝမ်း အထိန်းရခက်၊ လိင်အင်္ဂါ ပြန်မကျအောင် သန်မာ၊ အမြိုရခက်၊ သူငယ်အိမ်ကျဉ်း။

ဆိုမက်တစ်လက္ခဏာတွေ = ကြွက်သားတွေတင်း၊ စိတ်အလိုမပါဘဲ ကြွက်သားတွေလှုတ်၊

ခရေနီရယ် ဦးနှောက်အာရုံကြော လက္ခဏာတွေ = အပေါ်မျက်ခွံ အောက်ကျ၊ မျက်လုံး လည်-လှုပ်-ကြည့်မကောင်း၊ သူငယ်အိမ်ကျယ်၊ လျှာလှုတ်၊ အမြိုရခက်၊ သွားရည်များ၊

နှလုံး-လက္ခဏာတွေ = သွေးဖိအားတက်၊ သွေးဖိအားကျ၊ နှလုံးခုန်မြန်၊

အသက်ရှူလမ်းလက္ခဏာတွေ = အသက်ရှူမြန်၊ အဆုပ်ပွ၊

အလာဂျီလက္ခဏာတွေ = အင်ပြင်ထ၊ ဖူးရောင်၊ လေပြွန်တုန်ခါ၊ အနာဖလက်ဆစ်-ရှော့ခ်၊

အစာလမ်းလက္ခဏာတွေ = သွားရည်များ၊ အမျိုရခက်၊ ပျို့-အန်၊ အစာအိမ်တင်း၊ အစာခြေရည်များ၊ သကြားဓါတ်များ၊ အသည်းအဆိပ်သင့်၊

အဆင့်တွေ -
(၁) အကိုက်ခံရတဲ့နေရာမှာသာ နာတာနဲ့ ထုံကျင်တာ ၈၃%၊
(၂) အကိုက်ခံရတဲ့နေရာကနေ ဆက်ပြန့်ပြီး နာတာနဲ့ ထုံကျင်တာ ၉့၃%၊
(၃) ဦးနှောက်အာရုံကြောဖြစ်ဖြစ် ဆိုမက်တစ်အာရုံကြောဖြစ်ဖြစ် လက္ခဏာတွေရှိတာ ၄့၇%၊
(၄) ဦးနှောက်အာရုံကြောရော ဆိုမက်တစ်အာရုံကြော လက္ခဏာတွေပါ တွဲရှိတာ ၃%။

တိုင်းရင်းဆေးနည်း -
၁။ သံလွင်ဆီကို ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများစတဲ့ ကင်းအမျိုးမျိုးကိုက်ရင် ကင်းဆိပ်ဖြေဆေး အဖြစ် သုံးနိုင်တယ်။
၂။ ကြက်သွန်နီကို မီးဖုတ်၊ နွမ်းပျော့သွားတဲ့အခါ ငရုတ်ဆုံထဲ ကြိတ်ခြေပြီး၊ ထွက်လာတဲ့အရည်ကို လိမ်းပေးပါ။ အဖတ်ကိုလည်း အုံစည်းပေးထားနိုင်တယ်။
၃။ မန်းကျည်းစေ့ကိုသွေးပြီး လိမ်းပေးပါလို့ မှတ်သားရပါတယ်။

ဘုရားကု -
၁။ ပရိတ်ပရိကံ မြန်မာပြန် = သမ္မာဒေဝ နတ်ကောင်း-နတ်မြတ်တို့သည် မင်းဘေး၊ သူခိုးဓားပြဘေး၊ လူရိုင်း-လူပျက်ဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ်ဘီလူးဘေး၊ သစ်ငုတ်ခလုပ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသော နက္ခတ်ဘေး၊ ဇနပုဒ်၌ ဖြစ်ပွားတတ်သော ကူးစက်ရောဂါဘေး၊ မတရားဘေး၊ အယူလွဲမှားဘေး၊ သူယုတ်မာဘေးနှင့် ကြမ်းတမ်းသော ဆင်၊ မြင်း၊ သားရဲ၊ နွား၊ခွေး၊ မြွေ၊ ကင်းမြီးကောက်၊ မြွေစိမ်း၊ သစ်၊ ဝံ၊ အောင်း၊ ဝက်၊ ကျွဲ၊ ဘီလူး၊ ရေစောင့်ဘီလူး တို့ကြောင့် ဖြစ်ပွားတတ်သော အထူးထူးသောဘေး၊ အထူးထူးသော ရောဂါ၊ အထူးထူးသော ဥပဒ္ဒဝေါများ မဖြစ်ပွားအောင် စောင့်ရှောက်တော်မူကြပါ။
၂။ ခန္ဓသုတ် (၇) = ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးတို့သည် မနှိုင်းယှဉ်အပ် မြင့်မြတ်တော် မူကြပါပေသည်။ မြွေ၊ ကင်းမြီးကောက် စသော တိရစ္ဆာန်တို့သည် နှိုင်းယှဉ်စရာ ကိလေသာ ပြည့်ဝ ယုတ်ညံ့ ကြကုန်၏။

ဆရာဝန်နည်း -
• ရှေးဦးသူနာပြုစုပါ။ အသက်ရှူလမ်း၊ သွေးစီးဆင်းမှု ကောင်းနေ-မနေ သိနေအောင် လုပ်ပါ။ အကိုက်ခံရတဲ့ နေရာကို မလှုတ်ရှားပါနဲ့။ လူနာကို နှစ်သိမ့်ပါ။ အကိုက်ခံရတဲ့နေရာကို ရေဆေးပါ။ ဆပ်ပြာဘဲ သုံးပြီး အရက်ပြန် မသုံးရပါ။
• ၂ နာရီ အတွင်းဆိုရင် ရေခဲတင်ပါ။ အဆိပ် ဆက်မပြန့်စေဘူး၊ သွေးကြောတွေကို ကြုံ့စေမယ်။
• အလာဂျီရလို့ လည်ပင်း ရောင်တဲ့သူဆိုရင် အစာမစားစေနဲ့။
• အနာသက်သားဆေး ပေးနိုင်တယ်။ ဘိန်းပါတာ၊ မူးယစ်စေတာ မပေးပါနဲ့။
• လေစုပ်ကရိယာကို သုံးနိုင်တယ်။ ထိရောက်မှု သိပ်တော့ မသေခြာလှဘူး။ ပါးစပ်နဲ့ မစုပ်ရ။
• လက်ကောက်ဝတ် သွေးခုန်တာ၊ နှလုံးခုန်တာ၊ အသက်ရှူတာတွေကို စစ်ဆေးစောင့်ကြည့်နေပါ။
• ဆေးရုံကို မရောက်နိုင်မီ အကိုက်ခံရတဲ့နေရာ အထက် ၁ လက္မအကွာမှာ ကြိုးချည်ပေးပါ။ ဒီလိုလုပ်တာက အကိုက်ခံရတဲ့ နေရာအတွက်တော့ ပိုဆိုးစေနိုင်တယ်။
• ကိုက်တဲ့နေရာမှာ ထုံဆေးလိမ်းပါ။ အနာကို ပိုးမဝင်အောင် ဆေးထည့်ပါ။
• လိုအပ်ရင် အောက်စီဂျင် ပေးမယ်။
• လိုအပ်ရင် သွေးပြန်ကြောထဲ ဆေးသွင်းတာ လုပ်ပေးမယ်။
• Insulin ဆေးလဲ လိုရင်ပေးနိုင်တယ်။
• Shock and Edema အတွက် Steroids ပေးနိုင်တယ်။
• အင်တီဟစ်တမင်းဆေးအုပ်စုထဲက Cimetidine နဲ့ Diphenhydramine ကို သုံးနိုင်တယ်။
• မေးခိုင်ကာကွယ်ဆေး ATT ထိုးပါ။ ပိုးမဝင်အောင် ပိုးသေဆေးပေးပါ။
• Diphtheria-tetanus toxoid နဲ့ Tetanus immune globulin (TIG) ဆေးတွေ သုံးဘို့ လိုတတ်တယ်။
• Benzodiazepines ကြွက်သားပျော့ဆေး သုံးနိုင်တယ်။
• Lorazepam (Ativan) စိတ်သက်သာရာ ရစေဘို့သုံးနိုင်တယ်။
• Midazolam နဲ့ Pentobarbital ဆေးတွေကို တက်တာမဖြစ်အောင်၊ အိပ်သွားစေအောင် သုံးတယ်။
• Bupivacaine (Marcaine) ကိုက်တဲ့နေရာမှာ နာတာအတွက် သုံးတဲ့ထုံဆေးဖြစ်တယ်။
• Labetalol, Prazosin, Hydralazine နဲ့ Norepinephrine ဆေးတွေကို သွေးဖိအားတက်တာအတွက် သုံးတယ်။
• Atropine, Milrinone နဲ့ Dobutamine ဆေးကို နှလုံးရပ်မသွားစေအောင် သုံးနိုင်တယ်။
• Antivenom အဆိပ်ဖြေဆေးရှိရင် ပေးတာ အကောင်းဆုံးဖြစ်တယ်။

ခံစားရတာတွေဟာ မိနစ်ပိုင်းကနေ ၃ ရက်အထိ ကြာနိုင်တယ်။ သေတဲ့အထိဖြစ်ရတာက အသက်ရှူလမ်းမှာ ဆိုးဝါးလာလို့ ဖြစ်တယ်။ အနာဖလက်ဆစ်ရှော့ခ်ကြောင့် လေပြွန်ကျဉ်းတာ၊ လေပြွန်ထဲ လည်ချောင်းထဲမှာ အရည်တွေထွက်တာ၊ အသက်ရှူရာသုံးတဲ့ ကြွက်သားကြီး လေဖြတ်တာတွေ ဖြစ်တယ်။ ချက်ချင်းထိထိရောက်ရောက် ဆေးကုရမယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ