Pupil ကျွန်တော့်မှာ တပည့်မရှိ သူငယ်အိမ်သာရှိ


• ဆရာ့ ပို့စ်တွေရေးတင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ Post တွေဖတ်ရတာ အရမ်း အနှစ်သာရရှိပါတယ်။ ဗဟုသုတလည်းရပါတယ် ကျေးဇူးတင်ပါတယ်ဆရာ။
• ဟုတ် ကျေးဇူး။
• ဟုတ်ဆရာ ကျွန်တော် ဆရာ့တပည့်ထဲက တယောက်ပါ။ ကျွန်တော်တို့အတွက် ဗဟုသုတတွေ များများ တင်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။
• ကျွန်တော့်မှာ တပည့်ရယ်လို့မရှိပါ။ စာတပုဒ်လည်းရေးထားပါသေးတယ်။ အဲတာကို အခုပဲရတယ်။ တိုက်ဆိုင်လို့ အရင်စာကိုပြန်တင်ပါရစေ။

ကျောင်းသားတပည့်ကို Pupil လို့သုံးတယ်။ သူငယ်တန်းအရွယ်လို့ အကြမ်းသတ်မှတ်ပြီး၊ အလယ်တန်းကျောင်းသားကို Schoolboy/schoolgirl လို့သုံးပြီး အထက်တန်းနဲ့ ကောလိပ်ကျောင်းသားကိုသာ Student သုံးတယ်။ Pupil အဓိပ္ပါယ်က ငယ်ရွယ်တဲ့ကျောင်းသား၊ ဆရာကနေကြပ်မတ်သင့်ပေးနေတဲ့ ကျောင်းသားကိုခေါ်တယ်။ ဥပဒေမှာ Pupil ဆိုတာ အုပ်ထိန်းသူအောက်က မိဘမဲ့ကလေးကိုခေါ်တယ်။ ရှေးခေတ်ရောမဥပဒေမှာ အရွယ်မရောက်သေးတဲ့ မိဘမဲ့ကလေး၊ ကျွန်အဖြစ်ကလွတ်လာတဲ့ မိဘမဲ့ကလေးကိုခေါ်တယ်။

ဝန်ကြီးဖြစ်သွားသူက လုပ်ဖေါ်ကိုင်ဖက်ထဲကတယောက်ပါ။ လယ်ကန်သင်းတွေကို ခွကျော်၊ တောင်ပေါ်တက်ဆင်း၊ ကိုယ့်ကားလေးနဲ့ကိုယ်မောင်းသွားလာခဲ့ရတာတွေ၊ လှည်းနဲ့ ဟိုဟိုသည်သည် သွားလာခဲ့ရတာတွေ၊ ရွာတိုင်းစေ့ ဟောခဲ့ပြောခဲ့ရတာတွေကို ပြန်အမှတ်ရတယ်။ ရွာသူရွာသားတွေက ကျွေးမွေးခဲ့တာတွေလည်း မမေ့ပါ။ မဲပေးတာယူ မဲပေးသူတွေကို ထားခဲ့ရတာ နှစ်အစိတ်ပြည့်ပြီ။ စိတ်ကတော့ မနေ့တနေ့ကလိုပဲ။

လုပ်ဖေါ်ကိုင်ဖက်ကို Colleague (ကိုးလိတ်) လို့ခေါ်တယ်။ လက်ဝဲဆန်သူတွေက Comrade (ကွန်းမရိတ်) လို့ခေါ်တယ်။ ဆိုရှယ်လစ်တွေက Brother (ဘရားသား) လို့ခေါ်တယ်။ Colleague ဗန်းစကားတွေ အများကြီးရှိတယ်။ Aide, Ally, Assistant, Buddy, Co-worker, Companion, Associate, Fellow worker, Partner, Auxiliary, Chum, Coadjutor, Cohort, Collaborator, Compatriot, Compeer, Crony, Helper, Workmate စသဖြင့်။

သူငယ်ချင်းဗန်းစကားတွေလည်း များတယ်။ Mate, Buddy, Amigo, Pal, Dude, Homey, Bro, Wingman (အင်္ဂလိပ်)၊ Cobber (သြစတြီးယန်း), Kumpel (ဂျာမန်), Digger (သြစတေးလျ), Colega (စပန်) နဲ့ China plate စတာတွေ ဖြစ်တယ်။

ဆေးပညာမှာ Pupil ကို သူငယ်အိမ်ပေါက်လို့ ခေါ်ပါတယ်။ မျက်လုံးမှာ အနက် (အညို၊ အပြာ) ရောင်အဝိုင်းအလယ်က အပေါက်လေးကိုခေါ်တယ်။ အလင်းရောင်များရင် ကျဉ်းသွားပြီး၊ မှောင်ရင် ကျယ်လာတယ်။ ကျွန်တော့်မှာ တပည့်မရှိပါ။ သူငယ်အိမ်လို့သာသိတယ်။

မြန်မာပြည် ၁၉၉ဝ တုံးက အရွေးခံခဲ့တဲ့နယ်ကပါ။ အဲသည်တုန်းကတည်းက စည်းရုံးရေးအတူလုပ်ခဲ့သူတယောက်ပေါ့။ သူကဖုန်းဆက်ချင်နေတာကြာပြီ။ အခုပဲ သူကပြောပါတယ်။ ဆရာ့တပည့်တော့ ဝန်ကြီးဖြစ်သွားပြီတဲ့။

ကျွန်တော်က တပည့်ဆိုတဲ့အသုံးကို မသုံးတတ်ပါ။ ကျောင်းစာဖြစ်ဖြစ်၊ ဆေးပညာဖြစ်ဖြစ် သင်ပေးဘူးသူတွေတော့ အတော်များပါတယ်။ အသက်သိပ်ငယ်လွန်းတဲ့သူတွေကိုတော့ တခါတလေမှာ ငါ့တပည့်လို့ ပြောမိတာက ရီသလို မောသလိုသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ