Nausea and Vomiting (1) ပျို့ချင်-အန်ချင် (၁)


ပျို့တာနဲ့ အန်ချင်တာ နှစ်မျိုးက ဆက်စပ်နေတယ်။ အတော်များများ နေ့တဓူဝ ဖြစ်ကြတာက ကားစီးရင် မူးပြီး အန်ချင်တာ၊ ကိုယ်ဝန်ဆောင်စ ခံစားရတာတွေ ဖြစ်မယ်။ ဆေးတွေကြောင့်လဲ ပါတယ်။ တချို့က မကြိုက်တဲ့ အနံ့ရတာ၊ အသံကြားတာ၊ တခုခုမြင်ရတာနဲ့ ပျို့ချင်တယ်။ အစားများလို့လဲ အန်တတ်တယ်။ ချောင်းဆိုးရင်းလဲအန်နိုင်တယ်။

၂ဝဝ၉ သုတေသန တခုအရ အစာလမ်းကြောင်း ရောင်လို့ဖြစ်တာ ၃၇% နဲ့ အများဆုံး၊ ဆေးတွေကြောင့်ဖြစ်တာက ၃% တွေ့ရတယ်။ ၁ဝ% ကို ဆရာဝန်တွေက အကြောင်းရှာမရဘူး။ ကိုယ်ဝန်ဆောင်စ ၈ဝ% မှာ ပျို့တာ၊ အန်တာအပါအဝင် ဟိုဟိုဒီဒီ ဖြစ်တာကို Morning sickness ခေါ်တယ်။ ဒီအထဲက Hyperemesis gravidarum အဆင့်ထိ ဆိုးလွန်းသူတွေ ဆေးရုံတက် ကုကြရတယ်။ ရှားရှားပါးပါး ကိုယ်ဝန်ဖျက်ပေးရမှာတောင် ရှိနိုင်တယ်။ နောက် တမျိုးက Disequilibrium လို့ခေါ်တဲ့ မျှခြေလွတ်သွားတာ။ မြင့်တာ၊ နိမ့်တာ၊ ကွေ့တာ၊ ကောက်တာကို လူက လိုက်မမီတာမျိုး ပြောတာပါ။
ပျို့ချင်-အန်ချင်စေနိုင်တာတွေကတော့

ကိုယ်ဝန်ဆောင်စ လက္ခဏာများ၊ အစာအိမ်ရောင်၊ အရက်၊ အူအတက်ရောင်၊ အရိုးကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ သည်းခြေလမ်းရောင်၊ စိတ်ကျရောဂါ၊ ဆီးချိုထိန်းမရတာ၊ နေလောင်၊ တုပ်ကွေး၊ အစာဆိပ်သင့်၊ သည်းခြေလမ်းရောဂါ၊ GERD အစာမျိုပြွန်ရောဂါ၊ သည်းခြေကျောက်၊ မျက်စိရေတိမ်၊ ခေါင်းခိုက်မိခြင်း၊ နှလုံးရောဂါ၊ အပူများခြင်း၊ အသည်းရောင်ရောဂါ၊ ဦးခေါင်းကြီးရောဂါ၊ (အင်ဖက်ရှင်)၊ အူလမ်းရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း၊ ကျောက်ကပ်ကျောက်၊ နားအတွင်းရောင်ခြင်း၊ (လစ်စတားရီးယား) ပိုးဝင်ခြင်း၊ ငှက်ဖျား၊ ဦးနှောက်မြှေးရောင်၊ (မိုင်ဂရင်း)၊ ကားမူးခြင်း၊ Multiple Myeloma သွေးကင်ဆာတမျိုး၊ သရက်ရွက်ရောင်၊ အစာအိမ်လေနာ၊ (ဆာလ်မိုနဲလား) ပိုး၊ အူသိမ်ပိတ်၊ အစာအိမ်ကင်ဆာ၊ အစာအိမ်တုပ်ကွေး၊ (ဗာတိုင်ဂို) အမူးရောဂါ၊ အသည်းရောင်အသားဝါ၊ အဝါရောင်အဖျား ရောဂါတွေ ဖြစ်တယ်။

ဖြစ်စေနိုင်တဲ့ ရောဂါ (အေ-တူ-ဇက်) ရှိသလို အအန်ပျောက်ဆေးကလဲ (ကကြီး ကနေ အ) အထိရှိတယ်။ Amitriptyline, Antivert, Antrizine, Ativan, Aventyl, Benadryl, Bonine, Cannabinoids, Dimenhydrinate, Diphenhydramine, Droperidol, Lorazepam, Marijuana, Meclizine, Meclozine, Meni-D, Metoclopramide, Metozol, Nortriptyline, Octamide, Ondansetron, Pamelor, Prochlorperazine, Promethazine, Pyridoxine (Vitamin B6), Reglan, Reglan, Scopolamine, Transderm-Scop တွေ ဖြစ်တယ်။

ကလေးငယ်လေးတွေ အန်ရင်တော့ လူကြီးတွေနဲ့ မတူတာတွေကြောင့် ဖြစ်နိုင်တယ်။ မွေးစကလေး အန်တာ အများဆုံးက နို့စို့ရင် လေကိုပါ မျိုချတာမို့ သူ့အစာအိမ်ထဲ လေအပိုတွေ များလို့ အန်မယ်။ ကလေး ငယ်သေးလွန်းတော့ သူ့ အစာလမ်း အထိန်းက ကောင်းကောင်း မရင့်ကျက်သေးတော့ ပိုဖြစ်စေတယ်။ ဒါမျိုးဖြစ်ရင် ကလေးကို နို့တိုက်ပြီးတိုင်း ခေါင်းထောင်ပြီး ကျောလေးသပ်ပေး လေထုတ်ရမယ်။ ဆေးတိုက်ဘို့ မလိုပါ။ တကယ်လို့ အတင်းထိုးအန်တာမျိုး ဖြစ်ရင်တော့ ရောဂါတခုခု ရှာရမယ်။ ကလေး ၂-၃ လအရွယ်မှာ အစာစားကျွေးပြီး ထိုးအန်ရင် Pyloric stenosis ဆိုတဲ့ အစာအိမ် အထွက်နေရာ ကျဉ်းတဲ့ရောဂါ ဖြစ်နိုင်တယ်။ သေချာစစ်ဆေးပြီး လိုအပ်ရင် ခွဲစိတ်ကုသရတယ်။ ကလေးမှာဘဲ အန်လဲအန်မယ်၊ ငိုလဲငိုမယ်၊ ဝမ်းထဲမှာလဲ သွေးအနီရောင်ပါမယ် ဆိုရင် Intussusception ခေါ်တဲ့ အူထဲကို အူတိုးဝင်လို့ အူပိတ်ရောဂါ ဖြစ်နိုင်တယ်။ ခွဲစိတ်ရမှာပါဘဲ။ ဝမ်းလျှာတာနဲ့ အန်တာ ရောနေတယ်ဆိုရင် (ဗိုင်းရပ်စ်) ဝင်တာ ဖြစ်မယ်။ ကလေးတွေမှာ Cyclic vomiting syndrome ဆိုတဲ့ ရောဂါတမျိုးလဲ ရှိတယ်။ အချိန်မှန် အန်နေတာမျိုး။ ဘာလို့ဖြစ်လဲ သေချာမသိဘူး။

အသက်ငယ်လေ ရေနဲ့ ဓါတ်ဆားနည်းတာ ဖြစ်နိုင်လေ ဖြစ်တယ်။ မျက်တွင်း ချိုင့်နေမယ်၊ မပိတ်သေးရင် ငယ်ထိပ် ခွက်နေမယ်။ ခြေ-လက် အေးစက်လာမယ်၊ အရေပြားကို အသာလေး မ-ကြည့်ရင် အောက်ပြန်ကျတာ အရင်တုံးကလို အမြန်ပြန်မကျနိုင်ဘူး။ အားမရှိဘူး၊ ရေငတ်မယ်၊ ဆီးအရောင် ရင့်မယ်၊ ဆီးနဲမယ်၊ အာခေါင် ခြောက်မယ်၊ ကလေးက ငိုတာတောင်မှ မျက်ရည် ခမ်းနေမယ်၊ ဘယ်လိုခြော့ခြော့ မရဘူး။

အဖတ်မပါတဲ့-နည်းတဲ့ ရေ-အရည်ကိုသာ သောက်ပါ-တိုက်ပါ။ မများစေနဲ့။ မနဲစေနဲ့။ ORS ဓါတ်ဆားရေ ပါးစပ်ကနေ တိုက်လို့ရရင် တိုက်၊ တချို့ ကလေးကို နှာခေါင်းပိုက်နဲ့တိုက်။ မရရင် ဝမ်းလျှောတဲ့ သူတွေကို ကုသလိုပါဘဲ။ RL drip သွင်းရမယ်။ အန်တာသက်သာဆေးကို အန်လို့ တိုက်မရရင် ထိုးပေးရတတ်တယ်။ Scopolamine skin patches (Transderm Scop) ဆေးကပ်ခွါကို အရေပြားမှာ ကပ်ထားလို့ ရတယ်။ Dramamine ဆေးက ကားမူးတတ်သူတွေ အတွက် ကြိုတင်သောက်ရင် အလွန်ကောင်းတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ