Hydrosalpinx သားအိမ်ပြွန်ရောဂါ


၁။ ဆရာရှင့် သမီးက ectopic pregnancy ဖြစ်ခဲ့ပြီး ဘယ်ဖက်သားဥပြွန်တဖက်ဖြတ်လိုက်ရပါတယ်။ ကျန်တဲ့ ညာဖက်သားဥပြွန်ကနေ ခုချိန်ထိ ခုနစ်လနီးပါးခန့် ကလေးထပ်မရပါသဖြင့် ဓာတ်မှန်ရိုက်ကြည့်ပါတယ်။ ရေအိတ်လို တွေ့တယ် ပြောပါတယ်ရှင့်။ Antibiotic သောက်ဖို့ လိုအပ်မယ်ပြောပြီး ဆေးမပေးပါသဖြင့် ဆရာ့ထံ အားကိုးတကြီး ဆက်သွယ်ရခြင်း ဖြင့်ပါတယ်။ antibiotic သောက်ဖို့ လိုမလိုနဲ့ ဘာဆေးအမျိုးအစားသောက်သင့်ပါသလဲ။ Doxycycline 100 mg 2 times per day + Metronidazole 400 mg three times per day for 14 days ညွှန်ကြားပေးထားပြီး၊ ဆရာထံမှ ညွှန်ကြားချက်ရမှသာ သောက်စေချင်ကြောင်း ပြောကြားလို့ပါရှင့်။ ကလေးလိုချင်နေသူတယောက်မို့ပါ။ လေးစားအားကိုးစွာဖြင့်။ Ultersound result နဲ့ Xray result အားလုံးကို ပို့ ပေးလိုက်ပါတယ်။

၂။ ဆရာရှင့် သမီးက အသက် ၃၃ ပါ။ အိမ်ထောင်သက် ၂နှစ်အတွင်းမှာ ပထမဦးဆုံး ကိုယ်ဝန်လွယ်ရတော့ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ မနက်ခင်းတိုင်းဟာ သမီးတွက် မျော်လင့်ခြင်းရောင်ခြည်အပြည့်နဲ့ပါ။ ဒါပေမဲ့ ဆရာရယ် ကိုယ်ဝန် ၇ ပတ်မှာ ectopic pregnancy ဆိုတာသိလိုက်ရတယ်။ မခံမရပ်နိုင်အောင် အောင့်လွန်းလို့  ဆေးရုံရောက်ပြီး ဘယ်ဘက်သားဥပြွန်ရော သမီးကလေးလေးကိုရော ဆုံးရှုံးခံလိုက်ရတယ်။ ဒီနေ့ဆို ခွဲပြီးတာ ဆလတိတိ ပြည့်တဲ့နေ့ပါ။ သမီးမှာ ကလေးပြန်ရနိုင်ခြေ ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိအုံးမလဲ။ နောက်ကိုယ်ဝန်ဆောင်ဖို့ အချိန်စောင့်ရန်လိုပါသလား။ စောင့်ရမယ်ဆိုရင် ဘယ်လောက်စောင့်ပြီး ကလေးယူသင့်ပါသလဲ။ သမီးးအတွက် နောက်ကိုယ်ဝန်ရမှသာ အသက်ဆက်ရှင်ချင်စိတ်ပြန်ပေါ်လာမယ်ထင်လို့ပါ။ အကြာကြီးမစောင့် ချင်ဘူး။ ဘယ်လိုဆေးမျိုးသောက်ရပါ့မလဲ နည်းလမ်းးတွေပေးပါအုံး။ မျှော်နေပါ့မယ်ဆရာ။ အားကိုးတကြီးဖြင့်

မေးခွန်းတွေထဲက ကလေးလို့ရေးရမှာကို ခလေးလို့ရေးထားတာကို ပြင်လိုက်တယ်။ ဆောရီး။

သားအိမ်ပြွန်ထိပ်ဖျားမှာ လက်ချောင်းလေးတွေလိုရှိတယ်။ Hydrosalpinx သားအိမ်ပြွန်ရောဂါဆိုတာ အဲတာတွေ ရောင်ရာကနေ ပိတ်စေတာဖြစ်တယ်။ ထွက်နေတဲ့အရည်တွေစီးလျှောက်တာမလုပ်နိုင်ပဲ အရည်အိတ်ဖြစ်လာမယ်။ တွယ်ကပ်မှုတွေလည်းဖြစ်တယ်။

တိတိကျကျဆိုရင် သားအိမ်ပြွန်မှာ အရည်အောင်းတဲ့ရောဂါဖြစ်တယ်။ သားအိမ်ပြွန်ပိတ်နေမယ်။ ကလေးရဘို့ခက်မယ်။ နှစ်ဖက်လုံးဖြစ်တာကပိုများတယ်။ ဘာလို့ဖြစ်သလည်း။ အင်ဖက်ရှင် ခေါ် ပိုးဝင်လို့ဖြစ်စေတယ်။ အများအားဖြင့် ဂနိုရီးယား၊ ကာလ်မိုင်ဒီးယား လိင်ကတဆင့်ကူးစက်ရောဂါတွေဖြစ်တယ်။ PID ခေါ် တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ရာကနေ ဖြစ်တယ်။ တီဘီပိုးကနေဖြစ်တာက အလွန်ရှားတယ်။ တချို့မှာ ပြွန်ပိတ်မနေပါ။ ထိခိုက်မှုကနေလည်း ဖြစ်နိုင်တယ်။ အထဲမှာ ကလေးဆုံးခြင်း၊ ဗိုက်ခွဲရခြင်း၊ အင်ဒိုမီထရီယိုးဆစ်ရောဂါ၊ ကင်ဆာရောဂါတွေကနေလည်း ဆက်ဖြစ်နိုင်တယ်။

သားအိမ်ပြင်ပသန္ဓေတည်တာကနေဖြစ်စေနိုင်သလို အဲတာရှိလို့လည်း သားအိမ်ပြင်ပသန္ဓေတည်နိုင်တယ်။ သားအိမ်ပြွန် ပြည်တည်နာလည်း တွဲရှိနေနိုင်တယ်။ ခံစားရမှာတွေက မတူကြပါ။ အများစုမှာ ဗိုက်အောက်ပိုင်း မကြာမကြာနာမယ်။ ကလေးမရလို့ စစ်ဆေးရင်းသာ တွေ့တဲ့သူလည်း ရှိတယ်။ အာလ်ထွာဆောင်းရိုက်ရင် ဖြစ်နေတာသိမယ်။ Laparoscopy ကရိယာ ထည့်ကြည့်ရင်သိတယ်။

ကုသနည်းတွေမှာ ခွဲစိတ်ရတယ်။ Salpingostomy နည်းနဲ့ Adhesiolysis နည်းလုပ်နိုင်တယ်။ ခွဲလိုက်လို့ ဖြစ်နေတာ သက်သာကောင်းမွန်လာတိုင်းတော့ ကလေးရမယ်လို့ အာမမခံနိုင်ပါ။ ဖြစ်နေတာက သေးငယ်ရင် ခွဲစိတ်ပြုပြင်နိုင်တယ်။ ကလေးမလိုတော့သူတွေ မရတာသေချာသူတွေကို Salpingectomy သားအိမ်ပြွန်ဖြတ်ထုတ်ရတယ်။ တချို့ကို Hysterectomy သားအိမ်ပါထုတ်တယ်။ မျိုးဥအိမ်ပါထုတ်ရတာလည်းရှိတယ်။

ကလေးရဘို့ ခက်တယ်။ ဆောရီး။ IVF နည်းနဲ့ ကလေးရအောင်ကြိုးစားနိုင်တယ်။ ပိုးသေဆေးပေးတာ မမှားပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ