ပျားမြီးရွက် အကြောင်း သိကောင်း စရာ


မေး။ ဆရာရှင့်။ အခုတလော ကျွန်မတို့ နိုင်ငံမှာ ဆီးချို၊ သွေးချိုဝေဒနာရှင်တွေဟာ ပျားမြီးရွက်ဆိုတဲ့ အရွက်လေး တွေစားတာ သက်သာကြတာတွေ့လို့ တစ်ယောက်စကား၊ တစ်ယောက်နားနဲ့ အတော်လေးရေပန်းစား တွင်ကျယ်လာတာတွေ့နေရပါတယ်ဆရာ။ အဲ့ဒါ ပျားမြီးရွက်ဆိုတာ ဘယ်လိုအပင်မျိုးက ရတဲ့အရွက်ဆိုတာ အရင်ဆုံးသိပါရစေ။ ဖြေ။ ပျားမြီးရွက်အပင်ကို ရုက္ခဗေဒ အမည် အားဖြင့် Gynura procumbens လို့ခေါ်ပါတယ်။ သူ့ရဲ့ဇာတိကတော့ ကျွန် တော်တို့ နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား၊ ဗီယက်န မ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်ပြည်တောင်ပိုင်း၊ အာဖရိကအလယ်ပိုင်းနဲ့ အ နောက်ပိုင်းဒေသတွေမှာလည်း သဘာဝအလျောက် တွေ့နိုင်ပါသေးတယ်။

မေး။ ပျားမြီးအပင်ဟာ ရာသီအလိုက်စိုက်ရတဲ့အပင်လား၊ စိုက်ပျိုးလို့ရောလွယ်ကူပါ သလားဆိုတာသိပါရစေ။

ဖြေ။ မှန်ပါတယ်။ သူဟာ တစ်နှစ်ခံအပင်ဖြစ်ပြီး စိုက်ပျိုးလို့လည်းလွယ်ကူပါတယ်။ အနီးစပ်ဆုံး အပင်အနေနဲ့ ချဉ်ပေါင် ပင်နဲ့ သဘောသဘာဝ ဆင်တူပါတယ်။ သူ့ကို ကိုင်းလေးတွေထိုးပြီး ရေမဝပ် တဲ့မြောင်းပေါင်တွေပေါ်မှာ စတင်စိုက်ပျိုး ရပါတယ်။ ရက်ပေါင်း ၆ဝ လောက်ကြာရင် အပင်တွေဟာ အရွက်တွေ ဖားဖားကြီးဖြစ်ပြီး ဆွတ်ခူးလို့ရပါတယ်။ ချဉ် ပေါင်ရွက်ခူးသလို ခူးနိုင်ပါတယ်။ ကျန်တဲ့ အကိုင်းတွေကနေတစ်နှစ်ပတ်လုံး အရွက်သစ်တွေပြန်ထွက်ပါတယ်။ ဒီလိုနဲ့ နှစ်လတစ်ခါဆွတ်ခူးပေးရင် တစ်နှစ်မှာ ခြောက်ကြိမ်ဆွတ်ခူးနိုင်ပါတယ်။ တစ်နှစ်သားကျော်လာရင်တော့ အပင်ဟာ အိုသွားတဲ့ အတွက် အရွက်ထွက်နှုန်းကျသွားပါတယ်။ ဒါ့ကြောင့်အပင်ကိုနုတ်ပြီး ကိုင်းလေးတွေကို အနေတော် လောက်ဖြတ်ပြီး အသစ်ပြန်စိုက်ရပါတယ်။

ဒီလိုနဲ့ အဆက်မပြတ်စိုက်သွားလို့ရပါတယ်။ သူဟာ ရေဝပ်တာမကြိုက်ပါဘူး။ ဒါ့ကြောင့် မြောင်းပေါင်တွေကို ခပ်မြင့် မြင့်လုပ်ပေးဖို့တော့လိုပါတယ်။ မြန်မာပြည်အနှံ့အပြား နေရာတော်တော်များများမှာ စိုက်ပျိုးလို့ရပါတယ်။ အကြမ်း လည်းခံပါတယ်။ အလင်းရောင်ရဖို့တော့လိုအပ်ပါတယ်။ အပေါ်မှာ အပင်ကြီးတွေရှိနေရင်တော့ ကောင်းကောင်း မရှင် နိုင်ပါဘူး။

မေး။ ရိုးရာတိုင်းရင်းဆေးပညာမှာ ပျားမြီးရွက်ကို အသုံးပြုကြတယ်လို့ သိရပါတယ်ဆရာ။ ဘယ်လိုမျိုးရောဂါတွေ အတွက် သုံးတယ်ဆိုတာ သိပါရစေ။

ဖြေ။ ကျွန်တော်တို့ အရှေ့တောင်အာရှရဲ့ တိုင်းရင်းဆေးပညာ အတော်များများမှာ အသုံးပြုတာတွေ့ရပါတယ်။ မြန်မာ နိုင်ငံအနေနဲ့တော့ ဆီးချို၊ သွေးချိုရောဂါကိုကုသတဲ့အခါမှာ အစွမ်းထက်တဲ့ သဘာ ဝဆေးဖက်ဝင်အဖြစ် လူသိများပါ တယ်။ ထိုင်းနိုင်ငံမှာကျတော့ အရောင်ကျစေတဲ့ သတ္တိကို အများဆုံး သုံးတာတွေ့ရတဲ့အပြင် ရေယုန်ရောဂါလို့ခေါ်တဲ့ ဓာတ်မတည့်လို့ ယားယံခြင်းတွေမှာ သုံးတာေ တွ့ရပါတယ်။ အင်ဒိုနီးရှားမှာတော့ အဖျားကျစေဖို့ antipyretic အနေနဲ့ သုံးကြပါတယ်။ မလေးရှားမှာတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သုံးတာတွေ့ရပါတယ်။ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာကစ လို့ ဆီးချို၊ သွေးတိုး အလယ်၊ ကင်ဆာရောဂါအဆုံး အများဆုံးသုံးဖြစ်ပါတယ်။

မေး။ ပျားမြီးရွက်ရဲ့ ဆေးဖက်ဝင်အာနိသင်တွေအကြောင်းလည်း သိပါရစေ။

ဖြေ။ အဓိကအာနိသင်တွေကတော့- (၁) ဂလူးကို့စ်မော်လီကျူးတွေကို ဗီတာမင်စီ မော်လီကျူးအဖြစ် ပြောင်းလဲနိုင် ခြင်း၊

(၂) သွေးထဲမှာရှိတဲ့ ဂလူးကို့စ်သကြားဓာတ်ကို လျော့ကျစေနိုင်ခြင်း၊

(၃) သွေးဖိအားကို လျော့ကျစေနိုင်ခြင်း၊

(၄) အရောင်ကျစေသော သတ္တိရှိခြင်း၊

(၅) ဓာတ်တိုးဆန့်ကျင် သတ္တိရှိခြင်း၊

(၆) ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်သော သတ္တိရှိခြင်း၊

(၇) ကျောက်ကပ်ပျက်စီးမှုမှ ကာကွယ်ပေးခြင်း တို့ဖြစ်ပါတယ်။

မေး။ ပျားမြီးရွက်က သွေးထဲမှာရှိတဲ့ဂလူးကို့စ် သကြားဓာတ်ကို ကျစေနိုင်တယ်ဆိုတော့ ဆီးချို၊ သွေးချိုဝေဒနာရှင်တွေ အတွက် အကျိုးရှိမှာပေါ့နော်။

ဖြေ။ မှန်ပါတယ်။ ပျားမြီးရွက်ဟာ ဆီးချို၊ သွေးချိုဝေဒနာရှင်တိုင်း စားသုံးသင့်တဲ့ သဘာဝဆေးဖက်ဝင် အရွက်တစ်မျိုး ဖြစ်ပါတယ်။ နိုင်ငံတကာ စမ်းသပ်လေ့လာချက်တွေ အရရော ကျွန်တော်ရဲ့ ကိုယ်ပိုင်ကုသပေးတဲ့ အတွေ့အကြုံ အရ ပါပြောရရင် ဆီးချို၊ သွေးချိုရောဂါကိုကုသရာမှာ အင်မတန် အစွမ်းထက်တဲ့အပင်လို့တောင် ပြောလို့ရပါတယ်။ ခုနက ပြောခဲ့သလို သွေးထဲမှာပိုနေတဲ့ ဂလူး ကို့စ်တွေကို ဗီတာမင်စီပြောင်းပေးနိုင်တာ တစ်ချက်ဖြစ်ပါတယ်။ နိုင်ငံတကာ သုတေသနနဲ့ကြည့်ရင် စင်ကာပူနိုင်ငံမှာရှိတဲ့ NUS (National University of Singapore) လို့ခေါ်တဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ်ရဲ့ ဆေးဝါးဗေဒဌာနမှာ ၂ဝဝဝ ပြည့်နှစ်က လေ့လာချက်အရ ပျားမြီးရွက်ဟာ သွေးထဲမှာ ဂလူးကို့စ်များ နေအောင်ပြုလုပ်ထားတဲ့ ကြွက်တွေကိုပုံမှန်ပြန်ဖြစ်အောင် ပြုလုပ်ပေးနိုင် စွမ်းရှိတယ် လို့ဆိုပါတယ်။ ဒါ့ပြင် သွေးထဲမှာများနေတဲ့ Cholesterol နဲ့ Triglyceride ကိုပါ ချပေးနိုင်တယ်လို့ဆိုပါတယ်။ အဲဒါကို Singapore Medical Journal Vol 41 ၄၁ အတွဲ (၁) စာမျက်နှာ(၁-၅)မှာ ၂ဝဝဝ ပြည့်နှစ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါကတော့ အစောဆုံး စမ်းသပ်သုတေသန ပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ အင်္ဂလန်နိုင်ငံတွေမှာ သုတေသန ပြုလုပ်ချက်တွေအရ ဒီအတိုင်းပဲ အဖြေထွက်လို့ ပျားမြီးရွက်ဟာ ဆီးချို၊ သွေးချိုရောဂါကို ကုသရာမှာများစွာ အ ထောက်အကူပြုတယ်ဆိုတာ အတည်ပြုခဲ့ကြပါတယ်။

မေး။ ဆီးချို၊ သွေးချိုရဲ့ နောက်ဆက်တွဲဝေဒနာတွေ ခံစားနေရတဲ့သူတွေ သောက်ရင်ရော အကျိုးရှိနိုင်ပါသလား။

ဖြေ။ အကျိုးရှိတာပေါ့။ ဆီးချို၊ သွေးချိုမှာ အဓိကနောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ မျက်စိထိခိုက်တာနဲ့ ပတ် သက်ပြီး UK နိုင်ငံမှာရှိတဲ့ Diabetic Control & Complication Trial (DCCT) ရဲ့လေ့လာချက်အရ ပျားမြီးရွက်ဟာ အကျိုးရှိတယ်လို့ သိရပါတယ်။ နောက် UK နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ King's College မှာ ၂ဝဝ၃ ခုနှစ်က လေ့လာ တွေ့ရှိချက်အရ ဆီးချို၊ သွေးချိုကြောင့် ကျောက်ကပ် ပျက်စီးတဲ့ ရောဂါကိုလည်း တိုးတက်ကောင်းမွန်စေတယ်လို့ သိရ ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ University of Kebangsaan မှာလေ့လာချက်အရ ဆီးချို၊ သွေးချိုရောဂါကြောင့် မျိုးပွားအင်္ဂါတွေ ထိခိုက်ပျက်စီးခြင်းကိုလည်း ဟန့်တားနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ပြင် ၂ဝဝ၇ ခုနှစ်မှာ ကိုရီးယားနိုင်ငံမှာ ရှိတဲ့ ဆေးပညာရှင်တွေရဲ့ လေ့လာချက်အရ ကျောက်ကပ်ပျက်စီးမှုကို ကာ ကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကျောက်ကပ်ပျက်စီးတဲ့ ဖြစ်စဉ်များကိုလည်း ရပ်တန့်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

မေး။ သွေးတိုးရောဂါမှာ အသုံးဝင်ပုံကိုလည်း သိပါရစေ။

ဖြေ။ သူဟာ သွေးပေါင်ချိန်ကိုကျစေနိုင်တဲ့ သတ္တိရှိတယ်ဆိုတာ ၁၉၉၈ ခုနှစ်မှာထုတ်ဝေတဲ့ Asia Pacific Journal of Pharmacology မှာ စတင်ဖော်ပြခဲ့တယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သွေး ထဲမှာရှိတဲ့ Cholesterol ဓာတ်ကိုကျစေ လို့ရယ်၊ သွေးကြောတွေကို ကျယ်စေနိုင်တဲ့အာနိသင်ကြောင့် ရယ်ဖြစ်ပါတယ်။ သွေးကြောကျယ်စေရတဲ့ အကြောင်းကတော့ ACE inhibitory effect ကြောင့်ဖြစ် တယ်။ အခုအသုံးများနေတဲ့ အနောက်တိုင်းဆေးတွေဖြစ်တဲ့ Enalepril လို အာနိသင်မျိုးရှိတယ်။ ဒါကြောင့် သွေးတိုးရောဂါသည်တွေဟာလည်း ပျားမြီးရွက်စားရင် အကျိုးရှိနိုင်ပါတယ်။

မေး။ အရောင်ကျစေတဲ့ သတ္တိရှိတော့ ဘယ်လိုမျိုးရောဂါတွေမှာ အသုံးပြုနိုင်ပါသလဲ ဆရာ။

ဖြေ။ အရောင်ကျစေတဲ့ သတ္တိရှိတဲ့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်း ဘယ်နေရာမှာပဲ ရောင်သည်ဖြစ်စေ အသုံးပြုနိုင်တယ်။ အထူးသဖြင့် သွေးကြောလေးတွေရောင်ရမ်းတာ၊ ခန္ဓာကိုယ်အတွင်း ကလီစာ အစိတ်အပိုင်းတွေ ရောင်ရမ်း တာတွေမှာ ထိရောက်ပါတယ်။

မေး။ ဗိုင်းရပ်စ်ပိုးတွေ သေစေနိုင်တဲ့ အာနိသင်ကရော ဘယ်လိုမျိုးဗိုင်းရပ်စ်ပိုးတွေနဲ့ ရောဂါတွေမှာ အသုံးဝင်ပါသလဲ ဆရာ။

ဖြေ။ အဓိကအားဖြင့်တော့ ရေယုန်ရောဂါဖြစ်စေတဲ Herpes simplex ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တာဖြစ်ပါတယ်။ ပါးစပ်တစ်ဝိုက်မှာ ပေါက်လေ့ရှိတဲ့ ရေယုန်တွေဆိုရင် ထိရောက်စွာ ပျောက် ကင်းနိုင်ပါတယ်။ ဒါပေမဲ့ ဆင်ရေယုန်လို့ ခေါ်တဲ့ ခါးမှာပေါက်လေ့ရှိတဲ့ ရေယုန်ကိုတော့ မနိုင်တာကိုတွေ့ရပါတယ်။

မေး။ ခုနက ဆရာရဲ့ဆွေးနွေးချက်တွေကိုခြုံပြီး ဘယ်လိုရောဂါတွေမှာ ကုသလို့ရတယ်ဆိုတာ အကျဉ်းချုံးပြောပေးစေ ချင်ပါတယ်။

ဖြေ။ ကောင်းပါပြီ။ အဓိကအနေနဲ့ အသုံးပြုနိုင်တဲ့ ရောဂါတွေကတော့ (၁) ဆီးချိုရောဂါနဲ့ သူ့ရဲ့နောက်ဆက်တွဲ ဝေဒ နာတွေဖြစ်တဲ့ မျက်စိပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း။

(၂) သွေးတွင်း၌ အဆီဓာတ်များနေသူများ။

(၃) သွေးတိုးရောဂါရှိသူ၊

(၄) ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်ရမ်းခြင်း (အရေပြားရောင်ရမ်းခြင်းမှ အစ SLE) ၊

(၅) ကျောက်ကပ်ပျက်စီးသော ရောဂါအမျိုးမျိုး။

မေး။ သူ့ကိုစားရင် ဘယ်လောက်စားဖို့ လိုပါသလဲ။

ဖြေ။ သာမန်အားဖြင့် နှစ်လသားကျော်တဲ့ပျားမြီးရွက်ကို အနေတော် မနက်တစ်ရွက်၊ ညနေတစ်ရွက်စားပေးနိုင်ပါ တယ်။ ဆေးအနေနဲ့သောက်ရင်လည်း မနက်ကို တစ်တောင့်၊ ညနေကိုတစ်တောင့် သောက်ရပါတယ်။ ဆေးတောင့် တစ်တောင့်ဟာ ပျားမြီးရွက်တစ်ရွက်နဲ့ အကြမ်းဖျင်းအားဖြင့် တူညီပါတယ်။

မေး။ ဘေးထွက်ဆိုးကျိုးတွေရှိ၊ မရှိလည်းသိပါရစေ။ များများစားရင်ရော ဘာဖြစ်တတ်ပါသလဲ။

ဖြေ။ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုး မတွေ့ရပါ။ ဆေးမတည့်မှုတောင်တွေ့ရတာ အတော့်ကိုနည်းပါတယ်။ ပျားမြီးရွက် ဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတွေမှာ ဟင်းရွက်စိမ်းအနေနဲ့ ဆလတ်ရွက်လိုမျိုး တို့စားတဲ့ဟင်းလျာတစ်ခု ဖြစ်ပါတယ်။ ဘယ်လောက်အထိ စားနိုင်တယ်ဆိုတာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ University of Sumatra မှာလေ့လာချက် အရ 5000 mg/kg အထိ ကြွက်တွေကိုကျွေးတာတောင် ဘာမှမဖြစ်ဘူးလို့ဆိုပါတယ်။ လူမှာဆို 250 g နဲ့ညီမျှပါ တယ်။

ကျွန်တော်တို့တွေညွှန်လေ့ရှိတဲ့ Dose က တစ်နေ့မှာ 600 mg သာဖြစ်လို့ အဆပေါင်းများစွာ စားရင်တောင် ဘာမှမ ဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ တစ်ခုသတိထားဖို့က အရင်တုန်းက ဆီးချိုရောဂါကု သတဲ့ဆေးတွေ အထူးသဖြင့် အနောက် တိုင်းဆေးတွေ သောက်နေတဲ့သူတွေ စားရင်တော့ သွေးထဲမှာ သကြားဓာတ်တွေလိုတာထက်ပိုပြီး ကျသွားနိုင်လို့ မိမိ ကိုကုသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါ လိမ့်မယ်။


မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ