သွေးပေါင်ကျခြင်းအတွက် သဘာဝ ကုထုံး


မြန်မာနိုင်ငံ အမျိုးသမီးများတွင် သွေးအားနည်း ရောဂါဖြစ်ပွားမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၄၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးနှစ်ဦးလျှင် တစ်ဦးနှုန်း သည် သွေးအားနည်းရောဂါ ခံစားနေရကြောင်း တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သွေးပေါင်ကျခြင်းဆိုသည်မှာ

အရွယ်ရောက်သူတစ်ဦးရဲ့ ပုံမှန်သွေးပေါင်ချိန်ဟာ (၁၂ဝ/၈ဝ) အပေါ်သွေး ၁၂ဝ၊ အောက်သွေး ၈ဝ ရှိသင့်ပါတယ်။ အကယ်၍ သွေးပေါင်ချိန်ဟာ ၉ဝ/၆ဝ အောက်သို့ ထိုးဆင်းသွားခြင်းကို သွေးပေါင်ကျတယ်လို့ခေါ်ပါတယ်။ ရုတ်တရက်သွေးပေါင်ကျခြင်းဟာ ရုတ်တရက် သွေးတိုးခြင်းလိုပဲ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။နာတာရှည်သွေးပေါင်ကျခြင်းကြောင့် သွေးပြန်ကြောများကို ထိခိုက်ပျက်စီးစေပါတယ်။

ဘာကြောင့်ဖြစ်

အမျိုးသား၊ အမျိုးသမီး ၁ဝ ဦးတွင် ငါးဦးနှုန်းခန့် မွေးရာပါသွေးပေါင်ကျရောဂါ ပါလာတတ်ကြပါတယ်။အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဟိုက်ပါသွိုင်းရွိုက်၊ ဆီးချို၊ ဂလူးကို့စ်ကျဆင်းခြင်း၊ ဟော်မုန်းမျှတမှုမရှိခြင်း၊ ဓာတ်မတည့်ခြင်း၊ သွေးမလျှောက် ရောဂါတို့ကြောင့် သွေးပေါင်ကျစေပါတယ်။

ထို့ပြင် သွေးတိုးကျဆေးများ ဆက်တိုက်သောက်သုံးခြင်း၊ နှလုံးရောဂါပျောက်ဆေး၊ လေဖြတ်ရောဂါနှင့် အသည်းရောဂါဆေးများ မှီဝဲကြရသူများ တွင် ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် သွေးပေါင်ကျလာပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများမှာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ် စီးဆင်းမှု ချဲ့ထွင်ပေးသဖြင့် မကြာခဏ သွေးပေါင်ကျလေ့ရှိတယ်။

သွေးပေါင်ကျလက္ခဏာများ

သွေးတိုးရောဂါကဲ့သို့ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်ရိုး ကိုက်တတ်ပါတယ်။ ထို့ပြင် မူးနောက်နောက်ဖြစ်ခြင်း၊ အီလည်လည်ဖြစ်ပြီး အန်ချင်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ရေငတ်ခြင်း၊ နှုတ်ခမ်း၊ လက်ဖဝါး၊ မျက်တွင်းသား၊ ခြေဖဝါးနှင့် အရေပြားအရောင် ဖျော့တော့ခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ နှလုံးလျင်မြန်စွာခုန်လာခြင်း၊ အသက်ပြင်းပြင်း မရှူနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိမေ့မြောခြင်း၊ ရုတ်တရက်မွန်းကျပ်ခြင်း စသည်တို့က သွေးပေါင်ကျလက္ခဏာများဖြစ်တယ်။

အနေအထိုင်ဆင်ခြင် ကုထုံးနည်း

၁။ ခြေထောက်မှသွေးများ နှလုံးထံသို့ ပြန်လည်စီးဆင်း လာစေအောင် အိပ်ရာထက်တွင် ပက်လက်လှန်ပြီး ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်ကာ ကတ်ကြေးပုံစံ ကြက်ခြေခတ်လုပ်၍ အသာအယာ လှုပ်ပေးပါ။

၂။ ယောဂကျင့်စဉ်ကလည်း စိတ်ငြိမ်၍ အာရုံကြောအဖွဲ့အစည်းကို မျှတစေသည့်အပြင် သွေးလည်ပတ်စီးဆင်းမှုကို တိုးတက် ကောင်းမွန်လာစေပါတယ်။

၃။ အချိန်အကြာကြီး မတ်တတ်မရပ်ပါနှင့်။

၎။ ထိုင်ရာမှ ချက်ချင်း မတ်တတ်ထရပ်ခြင်း သို့မဟုတ် တစ်ဖက်သို့ ရုတ်တရက် ခေါင်းလှည့်ခြင်း မပြုလုပ်ရ။

၅။ ချွေးထွက် မလွန်ရလေအောင် နေအပူချိန် (ဝါ) မီးပူဒဏ် မခံပါနှင့်။

၆။ လျှပ်စစ်ပစ္စည်းများကို ဓာတ်အားဖြည့်သွင်းသကဲ့သို့ ခန္ဓာကိုယ်ယန္တရားကြီးကိုလည်း အားပြန်ဖြည့်ဖို့လိုပါတယ်။ တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃ဝ မျှ တရားထိုင်ခြင်းက ကိုယ်စိတ်နှစ်ပါးလုံးအတွက် သဘာဝအားဖြည့်ဆေးပါပဲ။

၇။ ရက်သတ္တပတ်လျှင် တစ်ကြိမ်မျှ ကျောရိုးအနှိပ်ခံခြင်း က အရိုး၊ အရိုးဆက်၊ ကြွက်သားတို့ကို ပြေလျော့၍ ပင်ပန်းနွမ်းနယ်မှု သက်သာစေရုံမက သွေးလည်ပတ် စီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။

၈။ ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်၍ အသက်ရှူသွင်း လေ့ကျင့်ခန်းက သွေးလည်ပတ် စီးဆင်းမှုကို ကောင်းမွန်တိုးတက်စေပါတယ်။ တစ်နေ့လျှင် မိနစ် ၂ဝ ခန့် လမ်းလျှောက်ရင်း လေရှူသွင်းပါ။ လေတစ်ကြိမ်ရှူတိုင်း အနည်းဆုံး သုံးမိနစ်ကြာအောင် ရှိုက်ပါ။

အစားအသောက်ကုထုံး

၁။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးခြင်းက သွေးပေါင်ချိန်ကျစေလို့ ရေဓာတ် မဆုံးရှုံးရလေအောင် တစ်နေ့လျှင် အနည်းဆုံး သောက်ရေရှစ်ခွက် သို့မဟုတ် အရည်ရွှမ်းသော သစ်သီး များများ စားပေးပါ။

၂။ဆားနှင့် ဆိုဒီယမ်ဓာတ် ပါရှိသော အစားအစာများကလည်း သွေးပေါင်တက်စေပါတယ်။ (သို့သော် အလွန်အကျွံ မစားပါနှင့်)

၃။စပျစ်သီးခြောက် ၁ဝ လုံးကို ရေတစ်ည သိပ်ပြီးစားပါ။

ဤနည်းအတိုင်း တစ်လတိတိစားပေးပါက သွေးပေါင်ကို ပုံမှန်ဖြစ်လာစေပါတယ်။

၎။ ဗာဒံစေ့ကို နွားနို့ပူပူဖြင့် သောက်ခြင်းက သွေးပေါင်ပြည့်စေတဲ့ အကောင်းဆုံး အိမ်တွင်းကုထုံးလို့ ဆိုကြပါတယ်။

၅။ မြေပဲမှာ ဗီတာမင်နှင့် ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာ ပါရှိလို့ မြေပဲကြော်စားပေးပါ။

၆။ စွန်ပလွံသီးကို နွားနို့နွေးနွေးဖြင့် တစ်နေ့နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သောက်ခြင်းကလည်း ထိရောက်မှု ဖြစ်စေတယ်။

၇။ သဘာဝကြံရည်က ခွန်အားတိုးပွားစေပြီး မူးမော်ခြင်း ကင်း၍ သွေးပေါင်ပြည့်စေပါတယ်။

၈။ ဂျုံမြက်မှာ ခွန်အားပြည့်စေတဲ့ အာနိသင်ရှိလို့ ဂျုံမြက်ကို နွားနို့ဖြင့်ပြုတ်၍ တစ်နေ့နှစ်ကြိမ် သောက်ပေးပါ။

၉။ ဆီကြော်မုန့်များနှင့် အနီရောင် အသားများကို အလွန်အကျွံ စားသုံးခြင်းက သွေးပေါင်အတက်/အကျ ကြမ်းစေရုံသာမက ကျောက်ကပ်နှင့်ဆိုင်သော ရောဂါများလည်း ဖြစ်လာစေပါတယ်။

၁ဝ။ ဗီတာမင်စီကြွယ်ဝသော သံပရာသီးကို ဆား၊ သကြား သင့်ရုံဖျော်သောက်ပေးခြင်းက အမူးအမော်ပြေစေသလို သွေးပေါင်ချိန် ပြန်တက်လာစေပါတယ်။

၁၁။ ကွေကာအုပ်ထဲတွင် ပါရှိသော ကစီဓာတ်က ခွန်အားလည်းပြည့်၊ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေတယ်။

၁၂။ ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ဓာတ် ဆုတ်ယုတ်ခြင်းက သွေးပေါင်ချိန်ကျစေပါတယ်။ ပိုတက်စီယမ် ကြွယ်ဝသော ငှက်ပျောသီး၊ မုန်လာဥနီ၊ တရုတ်နံနံပင်တို့ စားပေးပါ။

၁၃။ တစ်နေ့တာ အစားအစာများထဲတွင် ဗီတာမင်ဓာတ်ပေါင်းစုနှင့် ပရိုတင်းဓာတ် အမြောက်အမြား ပါဝင်သော အဆီနည်းသည့်အသား၊ ကြက်ဥ၊ နို့၊ နို့ထွက်ပစ္စည်းနှင့် ချောကလက် စားပေးပါ။

၁၄။ ကြက်သွန်ဖြူက သွေးဖိအား ထိန်းညှိပေးလို့ ညအိပ်ရာဝင်ခါနီးတိုင်း ကြက်သွန်ဖြူနှစ်တက်(နှစ်မြွှာ)စားပါ။ သို့မဟုတ် ဂျင်ဆင်းကလည်း သွေးလည်ပတ် စီးဆင်းမှုကိုလှုံ့ဆော်ပေးကာ အိပ်မောကျစေလို့ ညအိပ်ရာဝင်ခါနီး ဂျင်ဆင်းဖျော်ရည် တစ်ခွက်သောက်ပေးနိုင်ပါတယ်။ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်များဖြစ်သော မန်ကျည်းသီး၊ ချင်း၊ ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်များက သွေးပေါင်တက်လာစေသလို ကျောက်ကပ်ကိုလည်းကောင်းကျိုးပြုပါတယ်။

၁၅။ဆူးပန်းရွက်ဟာ သဘာဝသွေးအားနည်း ပျောက်ဆေးဖြစ်လို့ ဆီနိုင်နိုင်ဖြင့် ကြော်စားပေးပါက ၂၄ နာရီအတွင်း သွေးပေါင်ချိန် တက်လာစေပါတယ်။

၁၆။ကီဝီသီး၊ ဖရဲသီးတို့ကလည်း သွေးပေါင်ကျခြင်း အတွက် သဘာဝဓာတ်စာများ ပါပဲ။

၁၇။ ကဖိန်းဓာတ်ပါသောလက်ဖက်ရည်၊ ကော်ဖီများက သွေးပေါင်ချိန်ကို ယာယီ တက်စေပါတယ်။

၁၈။ အမဲအသည်းကို ကြော်စားခြင်းက ချက်ချင်းသွေး ပေါင်တက်လာစေတယ်လို့ ဆိုပါတယ်။

၁၉။ အစားအစာများကို နည်းနည်းနှင့် မကြာခဏ စားပေးခြင်းက သွေးပေါင်ချိန် ရုတ်တရက်လျော့ကျ ခြင်းမှ ကာကွယ်ပေးပါတယ်။

အချို့သော သွေးအားနည်းရောဂါ လက္ခဏာများဟာ သွေးတိုးခြင်းနဲ့ခပ်ဆင်ဆင်တူလို့ အတွေ့အကြုံမရှိပါက ဆေးမှားသောက်တတ်ကြပါတယ်။ သွေးပေါင်ချိန် အရမ်းထိုးကျသွားပါက နီးစပ်ရာ ဆရာဝန်ပြေးခေါ်ပါ။ ဆရာဝန် မရောက်ခင် နှလုံးနှင့်ဦးနှောက်ထဲသို့ သွေးပြန်လည် စီးဆင်းစေရန်နှင့် သတိလစ်မေ့မြောခြင်း မဖြစ်စေရန်တို့ အတွက် ခြေထောက်နှစ်ချောင်းကို အပေါ်သို့ထောင်ထားပေးပါ။ ။

ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ