ထောပတ်သီးနှင့် ကျန်းမာရေး


သွေးတွင်းရှိမကောင်းသော အဆီဓာတ်များကိုလျော့နည်းစေပြီး အရေပြားချောမောလှပ၍ ဆံပင်ကျန်းမာရေးအတွက် အထောက်အကူပြုသော ထောပတ်သီးနှင့် ကျန်းမာရေး အကြောင်း မြဝတီစာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာခင်မောင်လွင် (FAME)နှင့် မြဝတီအဖွဲ့ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-

မေး။ ။ မင်္ဂလာပါဆရာ။ ဒီကနေ့ အမျိုးသမီးအများစု နှစ်သက်စွာစားသုံးကြတဲ့ သစ်သီးတစ်ခုဖြစ် တဲ့ ထောပတ်သီးအကြောင်းကို ဆွေးနွေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ ထောပတ်သီးနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ မိတ်ဆက်စကားလေး အရင်ဆုံးပြောပြပေးပါ ဆရာ။

ဖြေ။ ။ ထောပတ်ပင်ရဲ့ ရုက္ခဗေဒအမည်ဟာ Persea americana ဖြစ်ပါတယ်။ သူဟာ အပင်ကြီးမျိုးဖြစ်ပြီး မူရင်းဒေသကတော့ မက္ကဆီကိုနိုင်ငံပါ။ ရုက္ခဗေဒအရတော့ ထောပတ်သီးဟာ အစေ့တစ်ခုတည်းပါတဲ့ ဘယ်ရီသီး အကြီးစား တစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ထောပတ်ပင် ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းသန်းနဲ့ချီ ကြာခဲ့ပါပြီ။ ထောပတ် သီးနဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအရ သိရပါတယ်။ လူတွေစတင် စားသုံးခဲ့တဲ့ သမိုင်း အထောက်အထားအနေနဲ့ ဘီစီ ၁ဝဝဝဝ ခန့်က ကျောက်ဂူတွေမှာ ရေးထွင်းထားခဲ့တဲ့ ပုံတွေကို မက္ကဆီကိုနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံ တချို့မှာ တွေ့ရပါတယ်။ ဘီစီ ၅ဝဝဝ ခန့်ကစပြီး တောင်အမေရိကတိုက်နဲ့ အလယ်ပိုင်း အမေရိကဒေသတွေမှာ လူတွေစတင် စိုက်ပျိုးခဲ့တယ်လို့ သမိုင်းအထောက် အထားတွေအရ သိရတာကြောင့် အလွန်ရှေးကျတဲ့ စိုက်ပျိုးပင်တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက စိုက်ပျိုးထုတ်လုပ်နေကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး အပူပိုင်းစွတ်စိုဒေသတွေနဲ့ မြေထဲပင်လယ်ရာသီဥတု ရှိတဲ့ဒေသတွေမှာ စိုက်ပျိုးဖြစ် ထွန်းပါတယ်။

မေး။ ။ ဘယ်နိုင်ငံတွေက အဓိကအများဆုံး ထုတ်လုပ်ရောင်းချကြတယ်ဆိုတာလည်း သိပါရစေဆရာ။

ဖြေ ။ ။ ၂ဝ၁၃ ခုနှစ် FAO ရဲ့ထုတ်ပြန်ချက်အရ ထောပတ်သီး ထုတ်လုပ်မှု အများဆုံး ၁ဝ နိုင်ငံမှာ မက္ကဆီကို၊ ဒိုမီနီကန်၊ ကိုလံဘီယာ၊ ပီရူး၊ အင်ဒိုနီးရှား၊ ကင်ညာ၊ အမေရိကန်၊ ချီလီ၊ ဘရာဇီးနဲ့ ရဝမ်ဒါနိုင်ငံတို့ ဖြစ်ကြပါတယ်။

မေး။ ။ ထောပတ်သီးစားရင် ဘယ်လိုကျန်းမာရေး ကောင်းကျိုးတွေ ရရှိနိုင်တယ်ဆိုတာလည်း သိပါရစေဆရာ။

ဖြေ။ ။ ထောပတ်သီးစားရင် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲကမှ အရေးကြီးတဲ့အချက် ငါးချက်ကိုပြောပြပါမယ်။

(က) သွေးတွင်းရှိ မကောင်းသော အဆီဓာတ်များကို လျော့နည်းစေခြင်း၊

(ခ ) အရေပြားချောမောလှပစေခြင်း၊

(ဂ ) ဆံပင်ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း၊

(ဃ) ကိုယ်ဝန်ဆောင်များအတွက် အကျိုးရှိခြင်း၊

(င ) ကင်ဆာရောဂါကို ကုသရာ၌ အသုံးဝင်ခြင်း။

မေး ။ ။ ထောပတ်သီးစားရင် သွေးထဲမှာ ရှိတဲ့ မကောင်းတဲ့ အဆီဓာတ်တွေကို ဘယ်လို များ လျော့ကျစေပါသလဲဆရာ။

ဖြေ ။ ။ ထောပတ်သီးမှာ ပါဝင်တဲ့ မိုနိုဆီ ((Mono-unsaturated fatty acids)တွေဟာ သွေးတွင်းမှာ ရှိတဲ့ မကောင်းတဲ့ အဆီဓာတ် LDLကို ကျဆင်းစေတယ်လို့ သုတေသန စာတမ်းတွေအရ သိရပါတယ်။ ဒါ့အပြင် လူကိုဝစေတဲ့ ပိုလျှံနေတဲ့အဆီဖြစ်တဲ့ ထရိုင် ဂလစ်စရိုဒ်တွေ ကိုလည်း ကျဆင်းစေပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ မိုနိုဆီတွေအပြင် ပါဝင်တဲ့ ဖိုက်တိုစတီးရောလ်နဲ့ ဘီတာ-ဆိုက်တိုစတီရောလ်တွေက ပံ့ပိုးကူညီပေးပါတယ်။ ဒါကြောင့် ထောပတ်သီးကို နှလုံးသွေးကြောကျဉ်း ဝေဒနာသည်တွေ၊ သွေးတိုးဝေဒနာသည်တွေနဲ့ အဝလွန်သူတွေ စားသုံး သင့်ပါတယ်။

မေး။ ။ ထောပတ်သီးက အရေပြား ချောမောလှပစေဖို့ ဘယ်လို အထောက်အကူ ပြုတယ်ဆိုတာ ရှင်းပြပေးပါဆရာ။

ဖြေ ။ ။ သူ့မှာပါဝင်တဲ့ ဘီတာ-ကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်တွင်းက ဗီတာမင် အေ အဖြစ်ပြောင်း လဲပြီးအရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်ရေးကို အထောက်အကူပြုပါတယ်။ ပိုလျှံတဲ့ ဘီတာ-ကယ်ရိုတင်းတွေကို အရေပြားထဲက အဆီပြင်တွင်းမှာ သိုလှောင်ထားတဲ့ အတွက် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ ပါဝင်တဲ့ မိုနိုဆီတွေကြောင့် အရေပြားဟာ စိုပြည်လှပပြီးတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြောင့် အရေပြားရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် အရေပြားမှာဖြစ် တတ်တဲ့ ဝက်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်၊ ကြာဆူးတွေကို ကာကွယ်ပေးတဲ့အပြင် အရေပြားကို လည်း ချောမောလှပစေပါတယ်။ ထောပတ်သီးကို စားသုံးနိုင်ရုံတင်မက ထောပတ်သီးအဆီကိုပါ လိမ်းပေးနိုင်ပါတယ်။

မေး ။ ။ ထောပတ်သီးက ဆံပင်ကျန်းမာရေးအတွက် အထောက်အကူပြုတယ် ဆိုတဲ့ အချက်ကိုလည်း ပြောပြပေးပါဦး ဆရာ။

ဖြေ ။ ။ ထောပတ်သီးကို ပုံမှန်စားပေးမယ်ဆိုရင် ဆံပင်အတွင်းမှာ လိုအပ်တဲ့ အာဟာရ ဓာတ်တွေကို ဖြည့်တင်းပေးနိုင်တာကြောင့် ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။ ဆံပင်ကျွတ်ခြင်းကနေ ကာကွယ်ပေးပြီး ဆံသားကြွပ်ဆတ်ခြင်း၊ မွဲခြောက်ခြင်းတို့ ကနေ သက်သာစေပါတယ်။ ထောပတ်သီးကနေ ထုတ်ယူ ရရှိတဲ့ ထောပတ်သီး အဆီဟာ နာမည်ကျော် သဘာဝ ခေါင်းလိမ်းဆီဖြစ်ပါတယ်။ သူ့ကိုလိမ်းခြင်းအားဖြင့် ဆံပင်ကို သန်စွမ်းပြီး နူးညံ့စေတယ်။ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ဗောက်စွဲခြင်း ကနေလည်း ကာကွယ်ပေး ပါတယ်။ ထောပတ်သီးအဆီကို သဘာဝခေါင်းလိမ်းဆီအဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြပါ တယ်။ နိုင်ငံ တကာ ဈေးကွက်မှာလည်း ထောပတ်သီးကနေ ထုတ်လုပ်တဲ့ ခေါင်းလိမ်းဆီတွေ တံဆိပ်အမျိုးမျိုးနဲ့ တွင်ကျယ် စွာ ရောင်းဝယ်လျက် ရှိပါတယ်။

မေး ။ ။ ထောပတ်သီးဟာ ကိုယ်ဝန်ဆောင်တွေအတွက် ဘယ်လိုများ အကျိုးရှိပါသလဲရှင်။ အဲဒီအကြောင်းကိုလည်း ပြောပြပေးပါဆရာ။

ဖြေ ။ ။ ထောပတ်သီးကို ကိုယ်ဝန်ဆောင်တွေ စားသုံးရင် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ အာဟာရတွေဟာ ကိုယ်ဝန်ဆောင် အားတိုးဆေး သောက်စရာမလိုလောက်အောင် ပြည့်စုံလှပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း ဆရာဝန်ညွှန်ကြားတဲ့ ဖြည့်စွက်ဆေးဝါးတွေထဲမှာ ဖောလစ်အက်စစ် အဓိကပါဝင်ပါတယ်။ ဖောလစ်အက်စစ်ဟာ ဝမ်းတွင်းက သန္ဓေသားရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပုံမှန်ဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပါတယ်။ ဖောလစ်အက်စစ် ချို့တဲ့ရင် ခန္ဓာကိုယ် ချို့ယွင်းမှုတွေနဲ့ မွေးလာပါမယ်။ ဒါ့ပြင် မိခင်အတွက်လည်း သွေးအားကောင်းစေဖို့၊ အားအင်

ပြည့်စေဖို့နဲ့ စိတ်ဓာတ်ကြံ့ခိုင်စေဖို့ကနေ စပြီး ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်စေရန်အထိပါ အထောက်အကူပြုပါတယ်။ တခြားဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီတူး၊ ဗီတာမင် ဘီစစ်တွေလည်း အလွန်အရေးပါလှပါတယ်။ နောက်ထပ်အရေးပါတဲ့ သတ္တုဓာတ် တစ်ခုကတော့ ကယ်လ်စီယမ် ဓာတ်ပါ။ သူက ကလေးရောအမေပါ အရိုးတွေကြံ့ခိုင်ဖို့၊ ကြွက်သားနဲ့နှလုံးတွေ ပုံမှန် အလုပ်လုပ်ဖို့ အထောက်အကူပြုပါတယ်။ တခြား သတ္တုဓာတ်တွေဖြစ်တဲ့ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နဲ့ ဖော့စဖရပ်တွေဟာလည်း ကိုယ်ဝန်ဆောင် အမျိုး သမီးတွေအတွက် များစွာအကျိုးရှိစေပါတယ်။ အဲ့လို ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြောင့် ကိုယ်ဝန်ဆောင် စဉ် တွေ့ကြုံရတတ်တဲ့ ခြေသလုံး ကြွက်တက်တာတွေကိုလည်း သိသိသာသာ သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရလေ့ရှိတဲ့ ဆီးချိုတက်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

မေး ။ ။ ထောပတ်သီးက ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက်ရာမှာ အသုံးဝင် တယ်ဆိုတဲ့ အကြောင်းကို သိပါရစေဆရာ။

ဖြေ ။ ။ ဒီကနေ့ခေတ် ကင်ဆာရောဂါကို ကုသရာမှာ သမားရိုးကျ ကုသမှုတွေဖြစ်တဲ့ ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်သုံး ကုသခြင်းတွေ အပြင် ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ သဘာဝ အစားအစာတွေပါ ကျွေးမှသာ ပြီးပြည့်စုံတဲ့ ကုသမှုလို့ ဆိုနိုင်ပါတယ်။ အဲ့လို ကင်ဆာရောဂါကို ကုသရာမှာ အထောက်အကူပြုတဲ့ သစ်သီးတွေထဲမှာ ထောပတ်သီးက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကင်ဆာမဖြစ်သေး သူတွေ ထောပတ်သီးစားရင်လည်း ကင်ဆာကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးကိုရရှိပါမယ်။ အထူးသဖြင့် ခံတွင်း ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သွေးကင်ဆာ တွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသန စာတမ်းတွေမှာ ဆိုထားပါတယ်။

ထောပတ်သီးရဲ့ ကင်ဆာကာကွယ်နိုင်စွမ်းကို ၂ဝဝ၇ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ကင်ဆာဂျာနယ် တစ်ခုမှာ စတင်ဖော်ပြခဲ့ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကို ကလိုရိုဖောင်းနဲ့ သီးခြားထုတ်ယူပြီး ကင်ဆာဆဲလ်တွေနဲ့ ထိတွေ့စေကာ ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ပါတယ်။ ရရှိတဲ့အဖြေတွေအရ အဲ့ဒီဓာတ်ပစ္စည်းတွေဟာ ကင်ဆာဆဲလ် တွေကြီးထွားမှု၊ တိုးပွားမှုကို ဟန့်တားနိုင်ရုံမက သေဆုံးအောင်ပါ ပြုလုပ်ပေးနိုင်တာ ကိုလည်း တွေ့ရ ပါတယ်။ ကင်ဆာဖြစ်ဖို့ရာ တာစူနေတဲ့ ဆဲလ်တွေကိုလည်း ကင်ဆာဆဲလ်တွေအဖြစ် မပြောင်းလဲသွားအောင် ဟန့်တားနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

၂ဝဝ၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကင်ဆာနဲ့ အာဟာရဂျာနယ်မှာ ထောပတ်သီးကနေထုတ်ယူရရှိတဲ့ အဆီအနှစ်ဟာ ခံတွင်းကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ ဆိုပါတယ်။ သာမာန်ဆဲလ်တွေအပေါ်ကိုတော့ ဘယ်လိုမှ အန္တရာယ် မပေးတာလည်း တွေ့ရပါတယ်။ ဘာကြောင့် ခံတွင်းကင်ဆာဆဲလ်တွေ သေဆုံးရလဲဆိုတာ ဆက်လက်လေ့လာရာ ကနေ ROS (Reactive oxygen Species) နဲ့ ပတ်သက်နေတာကို စမ်းသပ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ROS တွေဟာ ခံတွင်းကင်ဆာဖြစ်ဖို့ လုပ်ဆောင်ပေးပြီး သူ့ကိုဟန့်တားနိုင်တဲ့ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ NAC (N-acetyl-cysteine)တွေ ထောပတ်သီးထဲမှာ များစွာပါရှိနေတာကြောင့် ကာကွယ်ပေးနိုင်တာ ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိ ခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ်အရောက်မှာ ထောပတ်သီးမှာ ပါဝင်တဲ့ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ နောက်ထပ်ဒြပ်ပေါင်းကို ထပ်မံတွေ့ ရှိ ခဲ့ပါတယ်။ အဲဒီဒြပ်ပေါင်းကို အက်ဆီတိုဂျီနင် လို့ခေါ်ပြီး အဲ့ဒီအက်ဆီတိုဂျီနင်တွေက ကင်ဆာဆဲလ်တွေပွားများတဲ့ အဓိက လမ်းကြောင်းနှစ်ခုကို ပိတ်ပင်ဟန့်တားလိုက်တာကြောင့် ကင်ဆာဆဲလ်တွေ ဆက်လက်ပွားများ မလာတော့ဘဲ ကင်ဆာရောဂါ သက်သာလာရတယ်ဆိုတာကို တွေ့ရှိရပါတယ်။

၂ဝ၁၃ ခုနှစ်မှာ ထောပတ်သီးထဲက ကင်ဆာတိုက်ဖျက်နိုင်တဲ့ ဒြပ်ပေါင်းအသစ်တစ်ခုကို ဆက်လက်တွေ့ရှိခဲ့ပါတယ်။ သူ့ကို အယ်ကိန်းလက်တုံးလို့ နာမည်ပေးထားပြီး ပမာဏမှာ ကင်ဆာဆဲလ်တွေကို သိသိသာသာ ဟန့်တားနိုင် စွမ်းရှိတာကို တွေ့ရပါတယ်။

၂ဝ၁၃ ခုနှစ်မှာပဲ ထောပတ်သီးကိုစားပြီး သွေးကင်ဆာဆဲလ်တွေ သေစေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဂျာကက်လင်ဗိုဘလက်စတစ်လူ ကီးမီးယားဆဲလ်တွေ အပေါ် လေ့လာခဲ့ရာ တချို့ဆဲလ်တွေကို ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက သေစေနိုင်တာကိုတွေ့ရတာကြောင့် ဘာကြောင့် သေဆုံးရလဲဆိုတာ လေ့လာ ခဲ့တဲ့အခါမှာ ဓာတ်တိုးမှုဖြစ်စဉ်ကြောင့်ဖြစ်တယ်လို့ သိရ ပါတယ်။

၂ဝ၁၆ ခုနှစ် သြဂုတ်လက လေ့လာတွေ့ရှိချက်အရ ရင်သားကင်ဆာဆဲလ်တွေကိုလည်း သေစေနိုင်တဲ့ အာနိသင်ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ရင်သားကင်ဆာဆဲလ်တွေကို ဓာတ်ခွဲခန်းမှာ မွေးမြူပြီး (MCF-7 breast cancer cell line) ထောပတ်သီးကနေ ထုတ်ယူရရှိတဲ့ ဒီဖန်ဆင်ဒြပ်ပေါင်းနဲ့ စမ်းသပ်ခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ အဲဒီ ဒီဖန်ဆင်ဒြပ်ပေါင်းဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ထောပတ်သီးမှာ ကင်ဆာမျိုးစုံကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာ တွေ့ရပါတယ်။

မေး ။ ။ ထောပတ်သီးနဲ့ မတည့်ဘူးဆိုတာတွေ ကြားဖူးပါတယ်ဆရာ။ အဲ့ဒါ ဘယ်လို လူတွေမှာ ဖြစ်တတ်တာပါလဲဆရာ။

ဖြေ ။ ။ တချို့သူတွေ ထောပတ်သီးနဲ့ မတည့်ဘူးလို့ပြောတာတွေ ကြားဖူးကြပါလိမ့်မယ်။ ထောပတ်သီးနဲ့ မတည့်တာမှာ နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်မျိုးက ဝတ်မှုန်နဲ့ မတည့်တာ Tree pollenallergy လို့ခေါ်ပါတယ်။ ထောပတ်သီး စားပြီးချက်ချင်း ပါးစပ်နဲ့ နှုတ်ခမ်းတွေထူလာ၊ လည်ပင်းရောင်ပြီး အသက်ရှူကျပ်လာ တာတွေ ဖြစ်တတ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ထောပတ်သီးမှာပါဝင်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ လေးတက်စ်နဲ့ ဓာတ်မတည့်တာဖြစ်ပါတယ်။

သူ့ကို Latex-fruit syndrome လို့ ခေါ်ပါတယ်။ အဲ့လိုဖြစ်ရင် အရေပြားပေါ်မှာ အနီရောင်အပိမ့်တွေ ထွက်ပြီး ယားမယ်၊ ဗိုက်နာမယ်၊ နောက်ပြီး ပျို့အန်တာတွေ ဖြစ်တတ်ပါတယ်။ အစားများရင် သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။

မေး ။ ။ ဒါဆိုရင်ဆရာ။ မှည့်သွားတဲ့ ထောပတ်သီးကို ဒီအတိုင်း အစိမ်းစားတာနဲ့ ဖျော်ပြီးသောက်တာ ဘယ်ဟာက အကျိုးအာနိသင်ပိုရှိပါသလဲရှင်။

ဖြေ ။ ။ ကြိုက်သလို စားလို့ရတယ်လို့ ပြောချင်ပါတယ်။ ဒီတိုင်းစားမယ်ဆိုလို့ ရှိရင်လည်း စားလို့ရတာပေါ့။ များသောအားဖြင့် ထောပတ်သီးက ဆိုင်တွေမှာဆို ထောပတ်သီးဖျော်ရည် ဆိုပြီး ရောင်းကြတယ်လေ။ ဆရာတို့ ဆိုလည်း ဆိုင်တွေမှာစားရင် ဘယ်သူမှ ဒီလိုအသီးလိုက် မစားဘူးပေါ့။ ဖျော်ရည်လုပ်ပြီး သောက်တာ များတယ်။ ထောပတ်သီးဖျော်ရည်က ကျန်းမာရေးအတွက် အများကြီး ကောင်းပါတယ်။ အာနိသင်ပျက်စီးခြင်း မရှိပါဘူး။ ကြိုက်သလို စားလို့ရပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ မြဝတီစာဖတ် ပရိသတ်ကြီးကို ဘာများပြောချင်ပါသေးလဲဆရာ။

ဖြေ ။ ။ ထောပတ်သီးပုံမှန် စားသူတွေဟာ ကင်ဆာရောဂါကို ကာကွယ်ရာ ရောက်တဲ့အပြင် ကင်ဆာရော ဂါဖြစ်နေသူတွေ အနေနဲ့လည်း ထောပတ်သီးကို ခါတိုင်းထက် ပိုမိုဂရုစိုက်စားပေးခြင်းဖြင့် မိမိတို့ရဲ့ကင်ဆာရော ဂါ ပျောက်ကင်းသက်သာရေးမှာ များစွာ အထောက်အကူပြုတာကို သိပ္ပံနည်းကျ ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ မိခင်နဲ့ ကလေးငယ်များ ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေဖို့ အတွက်လည်း များစွာ အထောက်အပံ့ ဖြစ် တာကြောင့် နေ့စဉ်စားသုံးသင့်တဲ့ အသီးတစ်ခုလည်းဖြစ်ပါတယ်။ အလှအပကြိုက်သူတွေမှာလည်း အသားအရေနဲ့ ဆံကေသာအလှအတွက် များစွာ အကျိုးကျေးဇူးတွေ ပေးနိုင်တဲ့အသီးဖြစ်တာကြောင့် မှီဝဲသင့်တဲ့ အဖိုးတန်သစ်သီး တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ။

ဒေါက်တာခင်မောင်လွင်(FAME)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ