အမျိုးသမီးတွေသတိထားသင့်တဲ့ အသံတိတ် လူသတ်သမားရဲ့ လက္ခဏာများ


အသက် ဥာဏ်စာင့်။ ဥစ္စာ ကံစောင့်တယ်ဆိုတဲ့ စကားရှိပါတယ်။ မိမိကိုယ်ခန္ဓာကို၊ ဥာဏ် ဝီရိယနဲ့သတိထားဆင်ခြင်ပြုပြင်နေရင်၊ ကျန်းမာ သက်ရှည်မှာ ဧကန် ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ချိမ်းခြောက်နေတဲ့ ၊ရောဂါဆိုးတွေရဲ့ လက္ခဏာတွေက၊ ( သိသူဖော်စား မသိသူကျော်သွား ) စကားလို၊ သတိမထားမိတတ်ကြပါဘူး။ ဒီလက္ခဏာတွေကိုသာ၊ စောစီးစွာသတိထားမိပြီး၊ ရောဂါ စောစောရှာတွေ့ရင်၊ စောစောကု နိုင်ရင် အသက်ရှင်နှုန်း ပိုလာစေပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေမှာကို၊ နှစ်စဉ် အမျိုးသမီး ၅၅၀ ဟာ မျိုးဥအိမ်ကင်ဆာနဲ့ သေဆုံးနေရတယ်။အဲဒီကင်ဆာဖြစ်ရတာရဲ့အကြောင်းရင်းက၊ မွေးရာပါ ဗီဇ ချွတ်ယွင်းချက်၊ အသက်အရွယ်၊ ပဋိသန္ဓေတားဆေးတွေ အကြာကြီး အလွန်အကျွံသုံးစွဲမှုကြောင့်၊ကင်ဆာ ဖြစ်လာရတာပါ။
တကယ်လို့ မိမိကိုယ်ကို အမြဲသတိထားနေကြမယ်ဆိုရင်၊ အသက်သေစေတဲ့ ရောဂါဆိုးကင်ဆာရဲ့ လက္ခ
ဏာတွေ စောစီးစွာသတိပြုမိနိုင်တဲ့အတွက်၊သူတို့အတွက်ကံကောင်းစေပါတယ်။ အဲလိုသတိမထားမိကြတဲ့၊ အမျိုးသမီး ၈၀% ကတော့၊ ကင်ဆာအဆင့်တွေ အများကြီး လွန်ပြီးမှ အတော်နောက်ကျပြီးမှ၊ ရောဂါကို ရှိမှန်းသိကြရပါတယ်။ အဲလို နောက်ကျမှ သိကြရင်၊ ကုသမှု အပြည့်အစုံ မရရှိခင်မှာကို၊ သေဆုံးသွားနိုင်ပါတယ်။
အောက်ပါအချက် ၁၀ ချက်က ၊ ရောဂါဆိုး အသံတိတ် လူသတ်သမားတွေရဲ့ ရှေ့ဦး လက္ခဏာတွေသာ ဖြစ်ကြပါတယ်။

(၁) မကြာခဏ ခါးနာခြင်း

အရိုးပါးရောဂါနဲ့ အဆစ်အမြစ်ရောဂါသာ မရှိဘူးဆိုတာသေချာမယ်ဆိုရင်၊ အခုလို အကြောင်းမဲ့ ခါး
ခဏခဏ နာနေရတာက၊ မျိုးဥအိမ်ကင်ဆာရဲ့ လက္ခဏာ ပြတာ ဖြစ်တယ်။ ဒါ့ကြောင့် ခါးနာတယ် ဆိုပြီး၊ သာမာန်ရောဂါ ထင်ကာ ပေါ့တီးပေါ့ဆ မနေသင့်ပါဘူး။ မျိုးဥအိမ်မှာ ထူးခြားမှု ဘာရှိနေသလဲ သိရအောင်၊ ခါးနာသူမိန်းမတိုင်း သက်ဆိုင်ရာ ဆရာဝန်ပြပြီး ဆေးစစ်သင့်တယ်။

(၂) အစာအိမ်နေရာ နဲ့ ဝမ်းဗိုက်အောက်ပိုင်း pelvic region နာကျင်ခြင်း

ဗိုက်နာတိုင်းအစာအိမ်နာထင်ပြီး ဆေးမြီးတိုတွေသောက်. လေဆေးတွေ စား ပြီးစလွယ် မနေသင့်ဘူး။
အစာအိမ်မှာ တကယ်အနာ ရှိတာလား၊ တခြားနေရာ က ရောဂါကြောင့် ဗိုက်မကောင်းတာလား။ မူလနေရာကနေပျံ့လာလို့များ၊ ဝေဒနာ ခံစားရတာလား ခွဲခြားသိဘို့၊ စစ်ဆေးသင့်တယ်။

(၃) ဓမ္မတာ မမှန်ခြင်း

ဗိုက်ကလည်း အိုးတိုးအောင့်တောင့်နဲ့ ခဏတိုင်းနာကျင်၊ ဓမ္မတာကလည်း လာလိုက် မလာလိုက် ရက်ကျော်လိုက် နည်းလိုက် များလိုက် ဖြစ်နေရင်၊ အသက်ကလည်း ၅၅ ပတ်ဝန်းကျင်ရှိနေရင်၊ ဒါဟာ မျိုးဥအိမ်ရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။အသက်အဲဒီထက် ငယ်နေရင်လည်း ကင်ဆာ မဖြစ်ဖူး မပြောနိုင်ပါဘူး။အဲဒီတော့ အဲဒါမျိုး ခံစားနေရရင် အကြောင်းရင်း ရှာဖွေဘို့ အရေးကြီးတယ်။
အသက် ၅၅ ပတ်ဝန်းကျင် ရှိသူ တွေဟာ မျိုးဥအိမ်ကင်ဆာဖြစ်ဘို့၊ အခွင့်အလမ်း များကြတယ်။ သူတို့
အနေနဲ့ကတော့ ၊ အဲဒီလက္ခဏာတွေကို၊ အမြဲသတိထားစောင့်ကြည့်ကာ တစ်ခုခု ထူးတာနဲ့၊ ရောဂါရှာဖွေကုသ
ဘို့၊ မမေ့စေချင်ဘူး။

(၄) အကြောင်းမဲ့ ပင်ပန်းနွမ်းနယ်နေခြင်း

အသက်ရှူလို့မဝ၊ ပျို့ချင် အန်ချင် ခဏတိုင်းဖြစ်၊ အကြောင်းမယ်မယ်ယယ မရှိပဲ အလွန်အမင်း ပင်ပန်းနွမ်း
နယ်နေရင်၊ ဒါဟာ မျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်တယ်။မပေါ့ဆသင့်ဘူး။နောက်ကျမှ ရောဂါ ရှိမှန်းသိရတဲ့ ဒီကင်ဆာရှိသူတွေမှာ ၊ ကင်ဆာလက္ခဏာတွေ အများကြီးထဲက တစ်ခုလောက်ကို၊ ကင်ဆာရှိမှန်းရောဂါ ရှာတွေ့တာနဲ့ လ အနည်းငယ်လောက်ပဲ အချိန်စောပြီးခံစားရတာ တွေ့ရတယ်။ ဆိုလိုတာက ကင်ဆာသာ ဖြစ်နေပေမဲ့ ထူးခြားလက္ခဏာ စောစီးစွာ သိပ်မပြတတ်ပါဘူး။

(၅) ဘာစားစား ခဏလေးနဲ့ ဗိုက်ပြည့်လာပြီး၊ ဆက်မစားချင်တော့ဘူး။

အစားလေးနည်းနည်း စားလိုက်ရုံနဲ့၊ ဗိုက်ပြည့်လွယ်တဲ့ ခံစားမှုဟာ၊ မျိုးဥအိမ်ကင်ဆာရဲ့၊ အရေးကြီးလက္ခ
ဏာနဲ့ အတွေ့ရများတဲ့ အချက်တစ်ခုဖြစ်တယ်။ ဒါပေမဲ့ ဗိုက်ပြည့်လွယ်တာဟာ၊ အစာအိမ်မကောင်းလို့၊ အစာခြေဖျက်အားညံ့လို့ စသဖြင့်၊ အလွယ်တကူ အထင်မှားနိုင်ပါတယ်။ ဒါ့ကြောင့် အဲလိုမျိုးခံစားလာရရင်၊ ကင်ဆာ ရှိမရှိအရင်ဆုံးစစ်ဆေးသင့်ပါတယ်။

(၆) အိမ်ထောင်ရှင်ဆိုရင် အမျိုးသားနဲ့ အတူနေစဉ်နာကျင်တာ ခံစားရတယ်။

အိမ်ထောင်ဖက်နဲ့အတူနေစဉ် နာကျင်မှုခံစားရတာက၊ မျိုးဥအိမ်ကင်ဆာရဲ့အစောဆုံးအဆင့်မှာကို တွေ့
နိုင်တဲ့ လက္ခဏာ ဖြစ်တယ်။ sex pleasure ခံစားရမဲ့အစား မနှစ်မြို့စရာ နာကျင်မှု တွေ့လာရင်၊ ချက်ချင်းပြသစစ်ဆေးသင့်ပါတယ်။မျိုးဥအိမ်ကင်ဆာဖြစ်နေရင်၊ ဝမ်းဗိုက်အောက်ပိုင်း မျိုးပွားအင်္ဂါတွေရှိတဲ့၊ Pelvic area မှာ ၊ နာကျင်မှုနဲ့၊ ဖိအားသက်ရောက်မှုတွေလည်းဖြစ်ပေါ်စေပြီး၊ ဆီးခဏခဏ ပေါက်တာနဲ့ ဆီးမထိန်းနိုင်တာတွေပါ ဖြစ်လာစေတယ်။ အဲဒါကြောင့်၊ နာကြင်မှု အနည်းနဲ့အများခံစားရရင်ကို ရောဂါ ရှာဖွေသင့်ပါတယ်။

(၇) ပျို့တာ အန်တာ ခဏတိုင်းဖြစ်လာတယ်။

မီးယပ်သားဖွားဆရာဝန် ဂျက်ဖရီ စတန်း ရဲ့အဆိုအရ၊ မျိုးဥအိမ်ကင်ဆာရှိသူတွေဟာ ဝမ်းချုပ်တာ၊ ပျို့အန်
တာ၊ နဲ့ ဗိုက်နာတာတွေ ကိုယ်အလေးချိန်ကျဆင်းတာတွေ ဖြစ်လာတာ တွေ့ရတယ်။အဲဒါတွေ တွေ့လာရရင်လည်း၊ ရောဂါ ရှာဖွေကုသဘို့ လက်မနှေး သင့်ပါဘူး။

(၈) ဗိုက်တင်း ဗိုက်ဖောင်း တာ stomach bloated ခံစားလာရတယ်။

ဗိုက်က ဖောင်းကားတင်းလာပြီး၊ကိုယ်ဝန်ဆောင်ရှိသလိုမျိုး ဖြစ်လာရင်း ဒါဟာလည်း၊မျိုးဥအိမ် ကင်ဆာ
ရဲ့အ္တရာယ်ရှိတဲ့ လက္ခဏာ တစ်ခုမို့၊ မပေါ့ဆသင့်ပါဘူး။

(၉) ဆံပင်တွေက အသက်နဲ့မလိုက်အောင် နက်မှောင်လာတယ်၊၊ ဆံပင်အုပ် ပိုကောင်းလာပြီး ထူထပ်လာတယ်ဆိုရင်၊ ဒါဟာလည်း ကင်ဆာလက္ခဏာ အဖြစ် ၊ ဟော်မုန်းပြောင်းလဲမှုကို ပြတာမို့၊ အကြောင်းရင်း အမြန်ရှာသင့်ပါတယ်။ဒါဟာလည်း လူတိုင်းဖြစ်တာ မဟုတ်ပဲ၊တချို့ မိန်းမတွေမှာတော့ ဆံပင်တွေ တအားကျွတ်လာကြတယ်။

(၁၀) ခဏခဏ ဝမ်းချုပ်ခြင်း တွေ့လာရတယ်။
အစာအိမ်နဲ့ အစာခြေအင်္ဂါ အဖွဲ့မှာ၊ ကင်ဆာဆဲတွေ ဝင်လာ ဖျက်ဆီးနေကြ နေရာအစိတ်အပိုင်းတွေ ဖြစ်
တာကြောင့်၊ကင်ဆာ အစောပိုင်းအဆင့်မှာကို၊ ဗိုက်နာ၊ အိုးတိုးအောင့်တောင့်ဖြစ်တာ စတာတွေ၊ ခံစားလာရတယ်။ ဒါ့ပြင် လေထိုးလေအောင့်တာ၊ အစာမကြေတာ၊ မစားချင် မသောက်ချင်ဖြစ်တာ၊ လေ တွေ ဖောင်းကားတင်းနေတာ စတာတွေလည်း၊ ခံစားလာရတယ်။
အထက်ပါတွေကတော့ အရွယ်ရောက် အမျိုးသမီးတိုင်းလိုလို ခံစားရတတ်တဲ့ သာမာန်လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အဲဒါတွေကို မကြာခဏ ခံစားလာရပြီး၊အဲဒီလို လက္ခဏာ တစ်ခု ၂ ခုလောက် တွေ့တာနဲ့ကို၊ မျိုးဥအိမ်ကင်ဆာရှိမရှိသက်ဆိုင်ရာမီးယပ်သားဖွားဆရာဝန်များထံသွားရောက်ပြသပြီး၊ ရောဂါကို ရှာဖွေ ကုသကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နဂိုကမှ ကင်ဆာ ရှိတာတောင်၊ လက္ခဏာ မပြပဲ တိတ်တဆိတ် ဒုက္ခ ပေးနေတဲ့အပေါ်၊ ပြသတဲ့ လက္ခဏာတွေကိုပါ၊ ကိုယ်ကသတိမထား ဂရုမစိုက် လိုက်မယ်ဆိုရင်၊ ရောဂါရှာဖွေကုသမှုက ပိုမို နောက်ကျသတဲ့ နောက်ကျ ဘို့ပဲ၊ရှိပါတော့တယ်။ အကုနောက်ကျလေ၊ ရောဂါပျောက်ကင်းအသက်ချမ်းသာရာ ရဘို့၊ မလွယ်ကူလေဖြစ်ပါတယ်။
ဒါ့ကြောင့် အမျိုးသမီးတွေ အနေနဲ့မိသားစုဝင်တွေရဲ့ ကျန်းမာရေး ခေါင်းခဲ ဗိုက်နာ စတာတွေ အသေးစိတ်
စောင့်ကြည့် သတိပေးနေသလို၊ မိမိကိုယ်တိုင်ရဲ့ ကျန်းမာရေးနဲ့ ကင်ဆာ လက္ခဏာတွေကို အသက်နဲ့ထပ်တူ ဂရုစိုက် လေ့လာစောင့်ကြည့်ကာ၊ ထူးခြားတာနဲ့ ရောဂါ ရှာဖွေကုသသင့်ပါကြောင့်၊ တိုက်တွန်းနိုးဆော်အပ်ပါတယ်။

ဒေါက်တာ မြချယ်ရီ
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ