ကိုယ်စောင့်နတ်သာ အသိဆုံး


ကျွန်မတို့ဆရာဝန်တွေဟာ လူနာအမျိုးမျိုး၊ ရောဂါအဖုံဖုံကို တစ်နေ့တစ်မျိုးမရိုးရအောင် ကုသမှုတွေ ပေးနေကြ ပါတယ်။ ကုသမှု ဆိုတာ ဆေးတိုက်၊ ဆေးထိုးတာ၊ ခွဲစိတ်တာ၊ အသံလှိုင်းနဲ့ ကုသတာ၊ ဓာတ်ရောင်ခြည် ပေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ နှစ်သိမ့် ဆွေးနွေးအကြံပေးတာစသည်ဖြင့် အများ ကြီးရှိပါတယ်။ အဲဒီအထဲကမှ ဆေးတိုက်၊ ဆေးထိုးတာအကြောင်းပြောမယ်ဆိုရင် ''ဆေး''ဆိုတာ ပါလာတာပေါ့။

ကျွန်မတို့ဗမာလူမျိုးတွေဟာ ဆရာဝန် ဆီသွားရင်ဆေးထိုးမှကြိုက်ကြပါတယ်။ တော်တော်များများက ဆေးထိုးမပေးတဲ့ ဆရာဝန်ဆို မကြိုက်ကြပါဘူး။ သောက်ဆေးဆိုရင်လည်း များများပေးမှကြိုက်ကြပါတယ်။ဆေးတစ်မျိုး၊ နှစ်မျိုးပေးတဲ့ဆရာ ဝန်နဲ့ ဆေးငါးမျိုးအထက်ပေးတဲ့ဆရာဝန် ဘယ်သူ့ကိုကြိုက် သလဲလို့ အချင်းချင်း မေးကြည့်ပါ။ဆေးငါးမျိုး၊ ဆယ်မျိုးပေးတာကို ပိုပြီးနှစ်သက်တဲ့ သဘောရှိပါတယ်။ ကျွန်မတို့တိုင်းပြည်မှာ လွန်ခဲ့တဲ့ နှစ် ၅ဝ ဝန်းကျင်ကတည်းက ဆေးထုတ်တာ 'ဘီပီအိုင်'' ဆေးဝါး စက်ရုံပေါ့။ အားဆေးဆို ဘားပလက်၊ ဗိုက်တာဇုံ၊ ဖျူရာမင်းဘီစီ၊ အကိုက် အခဲပျောက် ဆေးဆို ပါရာစီတမော့၊ ရင်ကျပ် ပျောက်ဆေးဆို အမိုင်နို၊ နှာစေးပျောက် ဆေးဆိုရင် ဘာမီတွန်၊ ဗိုက်နာပျောက်ဆေး ဆို ဂျဲလမက် အစရှိတဲ့ ဆေးတွေဟာ အခုထိ ရေပန်းစားပြီး အားထား နေကြရပါတယ်။ ကျွန်မတို့အားလုံး ''ဘီပီအိုင်''ဆေးနဲ့ပဲ လူဖြစ် လာတာမို့လား။

လွန်ခဲ့တဲ့ နှစ် ၃ဝ လောက်ကတော့ နိုင်ငံခြားက တင်သွင်းတဲ့ ဆေးက အင်မတန်ရှား ပါတယ်။ ပဋိဇီဝ ဆေးဆိုရင် ယူနီဆက်ကသွင်းတဲ့ ပင်ဗွီတို့၊ အမ်ပန်စလင်တို့ လောက်ပဲ ရှိတာပါ။ ဒီလိုနဲ့ နောက်ပိုင်းမှာ တော့ ကျွန်မ တို့လူဦးရေကလည်းများလာ၊ ကုန်သွယ်မှုကလည်း တိုးတက်လာဆိုတော့ အိမ်နီး ချင်းနိုင်ငံ တွေက တင်သွင်းတဲ့ဆေးတွေက ပိုပြီးများပြား လာပါတယ်။ အဲဒါတွေကိုပဲ အဓိက အားထား လာကြရပါတယ်။ ရောဂါ အမျိုးမျိုးအတွက် ကာမိဖို့ ဆေးတွေမျိုးစုံအောင် လိုက်ထုတ်ဖို့ ကလည်း မလွယ်ဘဲကိုး။

ကျွန်မတို့လို ဖွံ့ဖြိုးဆဲတိုင်းပြည်မပြောနဲ့ ချမ်းသာတယ်ဆိုတဲ့ ဖွံ့ဖြိုးပြီးတိုင်းပြည် များတောင် အိန္ဒိယ နိုင်ငံက ထုတ်တဲ့ဆေးပဲ သုံးနေကြရတာလေ။ အဲဒီတော့ဆေးတွေကို ဆေးကုမ္ပဏီ အများကြီးက အပြိုင်အဆိုင်ထုတ်ပြီး ဈေးကွက်လုလာကြတာပေါ့။ ဒီဆေးကို နောက်ဆုံးလူနာဆီ ညွှန်းပေးသူကတော့ ဆရာဝန်ပဲပေါ့။ ဒီလိုဆိုရင်ကျွန်မတို့ဆရာဝန်တွေက ရောဂါတစ်ခု အတွက် ဆေးပေး မယ်ဆိုရင် ဘယ်အချက်တွေကို ကြည့်ပြီး ရွေးကြပါသလဲ။

ဥပမာ- အသက် ၅ဝ အရွယ်ရှိ ခပ်ဝဝ ဆီးချိုရောဂါရှင်ကို ''မက်ဖော်မင်'' ဆိုတဲ့ ဆေးညွှန်းပြီဆိုကြပါစို့။ ဘယ်ဆေး ကုမ္ပဏီက ထုတ်တဲ့ ''မက်ဖော်မင်'' ကိုသောက်ခိုင်းမှာလဲ။ အခုဈေးကွက်ထဲမှာ ''မက်ဖော်မင်'' ကိုလိုက်ရှာကြည့်ပါ။ အနည်းဆုံးဆေးကုမ္ပဏီ အမျိုးအစား ၅ဝ လောက်ကထုတ်တဲ့ ''မက် ဖော်မင်''တွေ ရှိပါတယ်။အိန္ဒိယနိုင်ငံထုတ်၊ တရုတ်နိုင်ငံထုတ်၊ ထိုင်းနိုင်ငံထုတ်၊ ဗီယက် နမ်နိုင်ငံထုတ်၊ မလေးရှားနိုင်ငံထုတ်၊ တိုင်ဝမ် ထုတ်၊ ဂျာမနီနိုင်ငံထုတ် စသည်ဖြင့် နိုင်ငံ အမျိုးမျိုးကထုတ်တာတွေ တွေ့ရမှာပါ။ အချို့ဆေးတွေက တရားဝင်လမ်းကြောင်းက တင်သွင်းတာ ဖြစ်သလို အောက်လမ်းလို့ ပြောကြတဲ့ လမ်းကြောင်းကဝင်တာတွေလည်း ရှိပါတယ်။ ဘယ်နိုင်ငံက ထုတ်တာကို ရွေးမှာလဲ။ ဂျာမနီထုတ်တာပဲ ကောင်းတာလား။ အရည်အသွေးပြည့်ဝ တာလား။ အင်္ဂလန်လိုချမ်းသာတဲ့ နိုင်ငံတောင် အိန္ဒိယကတင်သွင်းတဲ့ ဆေးသုံးတာဆိုတော့ ကျွန်မတို့လည်း သုံးသင့်တာပေါ့။ အိန္ဒိယ တစ်နိုင်ငံကပဲထုတ်တဲ့ ''မက်ဖော်မင်''တောင်အမျိုး ၂ဝ လောက်ရှိတာ။ ဘယ်ဟာကို သောက်မှာလဲ။ FDA လို့ခေါ်တဲ့ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က ခွင့်ပြုထားတဲ့ဆေးကိုပဲ ရွေးတာအကောင်းဆုံး ဖြစ်မှာပေါ့။ ကိုယ်မြင်နိုင်တာက ပါကင်အနေ အထား၊ ထုတ်လုပ်တဲ့နေ့စွဲ၊ ရက်လွန်တဲ့ နေ့စွဲပဲ ရှိတာလေ။

ပါကင်အမြင်အရ ဆေးထဲမှာ ၅ဝဝ မီလီဂရမ်ပါမယ်လို့ ရေးထားတာ အဲဒီအတိုင်းပဲ ယုံရမှာပေါ့။ အခြားဘာများကြည့်နိုင်မှာ မို့လဲ။ အချို့ကလည်း မိတ်ဆွေတွေက ဒီကုမ္ပဏီက ထုတ်တာ ကောင်းတယ်လို့ ညွှန်းရင်သောက်လိုက်တာပါပဲ။ ဈေးကြီးတဲ့ အမျိုးအစားဟာ စံချိန်စံနှုန်းအပြည့်အဝ ပါလား။ နာမည်ကြီးကုမ္ပဏီကထုတ်တဲ့ ''ဘရင်း ဒက်''ဆိုရင်ရော စိတ်ချရပါသလား။ကျွန်မတို့ ဆရာဝန်တွေရော ရာနှုန်းပြည့်အရည်အသွေး ပြည့်ဝတဲ့ဆေးကို တကယ်ရွေးနိုင်ကြပါ သလား။ ဘယ်လိုအချက်တွေပေါ်မူတည်ပြီး ရွေးပါသလဲ။ ''ကိုယ်စောင့်နတ်သာအသိဆုံး'' ဖြစ်မှာပါ။

မေ ၁၆ ရက်က ထုတ်တဲ့ ဟိန္ဒူသတင်းစာ မှာပါတဲ့ သတင်းအချက်အလက်တွေဟာ ကျွန်မတို့ အားလုံးအတွက် သိသင့်တာတွေ ဖြစ်လို့ ပြန်လည်တင်ပြလိုက်ရပါတယ်။ သူတို့ စစ်ဆေး ထားတဲ့ ဆေးကုမ္ပဏီတွေဟာလည်း ကျွန်မတို့တိုင်းပြည်မှာလည်း ပေါ်ပြူလာဖြစ်နေတာမို့လို့ နာမည်အပြည့် အစုံကို မဖော်ပြလိုပါ။

အိန္ဒိယနိုင်ငံမှာ ၂ဝ၁၄ မှ ၂ဝ၁၆ အထိ သူတို့တိုင်းပြည်တစ်ခုလုံးမှာ သုံးနေတဲ့ဆေးအမျိုးပေါင်း ၅ဝဝဝဝ နီးပါးကို စမ်းသပ် စစ်ဆေးကြည့်ခဲ့ပါတယ်။ ဆေး ၁၃ မျိုးမှာတော့ ဆေးနာမည်နဲ့ အထဲကပါဝင်မှုက မတူညီပါ။ ဆေး ၁၈၅ဝ မျိုး စမ်းသပ်မှုပြုလုပ် သော ဆေးအမျိုးအားလုံး၏ ၃ ရာခိုင်နှုန်းမှာတော့ အရည်အသွေးပြည့်ဝခြင်း မရှိပါတဲ့။

''ပီ''နဲ့စတဲ့ဆေးကုမ္ပဏီက ထုတ်တဲ့ဆေးတွေကိုစမ်းကြည့်တဲ့အခါ ၅၆ ရာခိုင်နှုန်းဟာ အရည်အသွေးမ မီပါ။ အခြားနာမည်ကြီး ဆေးကုမ္ပဏီတွေဖြစ်တဲ့ ''စီ''နဲ့စတဲ့ ဆေး ကုမ္ပဏီကထုတ်တဲ့ ဆေး ၂၃ မျိုး၊ ''ဒီ''နဲ့စတဲ့ ဆေးကုမ္ပဏီကထုတ်တဲ့ ဆေးကိုးမျိုး၊ ''ဇက်'' နဲ့စတဲ့ ဆေးကုမ္ပဏီကထုတ်တဲ့ ဆေးခြောက် မျိုးမှာလည်းဆေးတွေက အရည်အသွေး မပြည့်ဝဘူးလို့ ဆိုပါတယ်။ဆေးအမျိုးအစား နာမည်တော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဒီဆေး ကုမ္ပဏီတွေက သူတို့တိုင်းပြည်ရဲ့ FDA လို့ခေါ်တဲ့ အစားအသောက် နှင့် ဆေးဝါးကွပ် ကဲရေးအဖွဲ့ကိုတင်ပြတဲ့ ဆေးတွေကတော့ အရည်အသွေးပြည့်မီ ကြောင်း စမ်းသပ် ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အများပြည်သူ တတ်နိုင်တဲ့ဈေးနဲ့ ရောင်းချနိုင်တဲ့ဆေးဖြစ် သင့်ပါတယ်။ ဆေးတစ်ခု ထုတ်တော့မယ်ဆိုရင် ကုန်ကြမ်းကအစပြုပြီး နောက်ဆုံးကုန်ချော ဖြစ်တဲ့ ဆေးလုံးလေး ဖြစ်လာအောင် အဆင့် ဆင့်ဖြတ်သန်းရပါတယ်။ ကုန်ကြမ်းကို ဘယ်ဓာတုပစ္စည်းနဲ့ ရောရင် အစာ အိမ်ထဲမှာ အာနိသင်ပြနိုင်မလား။ ရေရှည်ခံအောင် ဘယ်လိုလုပ်မှာလဲ။ ပါကင်ထုပ်ရင် ဘယ်လို လုပ်မှာလဲ။ ဆေးလုံးနဲ့ အလင်းရောင် တိုက်ရိုက်တွေ့ရင် အာနိသင်လျော့မှာလား။

ဆေးဘူးထဲမှာ ရေငွေ့ မပျံအောင် ဘယ်လိုလုပ်မှာလဲဆိုတဲ့ အချက်တွေကတော့ အခြေခံပေါ့။ ပြီးတော့မှ ကိုယ့် ကုမ္ပဏီ ထုတ်တဲ့ဆေးနဲ့ သူ့ကုမ္ပဏီထုတ် တဲ့ဆေး အပြိုင်အဆိုင် ရောင်းတာကတော့ ဈေးကွက် လုကြ တာပေါ့။ အဲဒီမှာ ယိုပေါက်၊ ဟာပေါက်တွေ အမျိုးမျိုးဖြစ်လာကြတာပေါ့။ အကောင်းဆုံး ကတော့ ဆေးတွေရဲ့ အရည်အသွေးကို ပုံမှန်လည်းစစ်နေ၊ လျှပ်တစ်ပြက်လည်း စစ်နေသင့်ပါတယ်။ အရည် အသွေးမပြည့်ဘူး ဆိုရင်လည်း အရေးယူ သင့်ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့တွေ လက်လှမ်း မီတဲ့ဆေး၊ စံချိန်စံနှုန်းပြည့်ဝတဲ့ ဆေးတွေကို စိတ်ချလက်ချ သုံးစွဲနိုင် မှာဖြစ် ပါတယ်။ ။

ဆောင်းပါးရှင်- ဒေါက်တာ ခင်ဖြူပြာ
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ