ဘာ့ကြောင့် ဝိတ်မကျသေးတာလဲ


ဝိတ်ချရတာ မလွယ်ပါဘူး။ ဒါကို ဝိတ်ချဖူးသူတိုင်း သိကြတယ်။ စာရေးသူကိုယ်တိုင်လည်း ဝိတ်ချဖူးသူဖြစ်တော့ ဘယ်လောက်ခက်ခဲလည်း ပိုသိတယ်။ လွန်ခဲ့တဲ့ (၁)နှစ်လောက်က ဝိတ်ချဖူးတယ်။ အစားအသောက်၊အနေအထိုင်၊ လေ့ကျင့်ခန်းကစပြီး စနစ်တကျ သေချာတစိုက်မတ်မတ်လုပ်တော့ (၃)လအတွင်း သိသိသာသာ ပိန်ကျသွားတယ်။ ဒါကိုမသိတဲ့ လူနာတွေကတော့ သူတို့ဆရာလုပ်သူကို ကြည့်ပြီး သနားနေရှာတယ်။ဆရာလည်း နည်းနည်းပိန်သွားတယ် နော်။ အလုပ်များနေလို့နဲ့ တူတယ်ပေါ့။ အမှန်က ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသလို ကိုယ်တိုင်ဝိတ်ချ၊အစားအသောက်ရှောင်တော့ မျက်နှာက ကျသွားသလို လူကလည်း သေးသွားတယ်။ ပိန်တာမှ တုတ်ချောင်းလေး ထောင်ထားသလိုကို
ပိန်သွားတာ။ နောက်ဆုံးတော့ ဒီလောက်ပိန်တော့လည်း ကြည့်မကောင်းပါဘူးကွာ ဆိုပြီးတော့ အစားလေးဘာလေးပြန်စား ပြီး ဝိတ်ဖြည့်ရပြန်တယ်။ အခုချိန်ထိ ချထားတဲ့ ဝိတ်ကို တက်မလာအောင် တတ်နိုင်သမျှ ထိန်းခဲ့ရတယ်။ အခုလည်း ဝိတ်ချချင်သူ ရွှေမြန်မာတွေအတွက် ဝိတ်ချနိုင်တဲ့နည်းလမ်းတွေ၊သီအိုရီတွေကို စာတွေ့နဲ့ ကိုယ်တွေ့ နှိုင်းယှဉ်ပြီး ရေးသားတင်ပြပါ့မယ်။

ဘာ့ကြောင့် မပိန်သေးတာလဲ
ဝိတ်ချမယ်လို့ ပြောလိုက်တာနဲ့ လူတွေပြေးမြင်လိုက်တာက ပိန်ဆေးဖြစ်ပါတယ်။ ဒါလည်း မထူးဆန်းပါဘူး။ လူ့သဘောက ပျင်းတတ်တယ်။ လှုပ်လှုပ်ရှားရှား လုပ်ရမယ်ဆိုရင် ဘာတခုမှမလုပ်ချင်ဘူး။ ဥပမာ အနီးအနားက ဈေးဆိုင်ကို ပစ္စည်းတခု သွားဝယ်မယ်ဆိုပါတော့။ ဆိုင်ကယ်၊ကား စတာတွေနဲ့မှ သွားချင်ကြတာ မဟုတ်လား။ဝိတ်ကျချင်တယ်ဆိုရင် ဒီလိုအသေးစိတ်အမူအကျင့်တွေကအစ ပြောင်းရမှာ ဖြစ်ပါတယ်။ သွားတဲ့အခါ ဖြစ်နိုင်သမျှ လမ်းလျှောက်သွားပါ။ ဟုတ်ပြီ။ ဒီလို လမ်းလျှောက်လိုက်လို့ တကယ်ရော ထူးခြားမှာလားလို့ မေးစရာရှိပါတယ်။ သိပ်ကို ထူးခြားပါတယ်။ လမ်းလျှောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးရလာဒ်ကို တွက်ပြပါမယ်။

သာမန်လူတယောက်ဟာ တရက်ကို ခြေလှမ်း (၂၀၀၀)ကျော် လမ်းလျှောက်ကြပါတယ်။ ဒါက နေစဉ် ပုံမှန်သွားလာလှုပ်ရှားတာကို ပြောတာပါ။ တက်နေတဲ့ဝိတ်ကို ချပစ်ဖို့ လမ်းလျှောက်မယ် ဆိုရင် ဒီလောက်နဲ့ မရတော့ဘူး။ ဒီထက်ပိုလျှောက်ရမယ်။ ဒါဆိုဘယ်လောက် လမ်းပိုလျှောက်ရမှာလဲ မေးစရာရှိလာတယ်။

လူတယောက်ရဲ့ ခြေလှမ်းတလှမ်းချင်းစီ အကွာအဝေးကို တိုင်းကြည့်တဲ့အခါ ၂ပေခွဲ(2.5feet) စီရှိနေတာ တွေ့ရပါတယ်။ ဒါက ခြေထောက်တစုံရဲ့ ရှေ့ဆုံးနဲ့ နောက်ဆုံးရဲ့ အကွာအဝေးကို ပြောတာဖြစ်ပါတယ်။ ၁၂ပေရှည်တဲ့ အခန်းတခုကို ပုံမှန်အတိုင်း ဖြတ်လျှောက်ကြည့်တဲ့အခါ ခြေလှမ်း (၅)လှမ်း လှမ်းရလိမ့်မယ်။ ပုံမှန်ဘာသိဘာသာ သွားရင်တော့ (၇)လှမ်းလောက်လှမ်းရတယ်။ ဒီအခြေခံအကျဆုံးအချက်ကို မူတည်ပြီး ဝိတ်ချတဲ့ သီအိုရီမှာ apply လုပ်ကြည့်ရအောင်။

အားလုံးသိတဲ့အတိုင်း တမိုင်မှာ ၅၂၈၀-ပေ ရှိပါတယ်။ တမိုင်ရှိတဲ့ အကွာအဝေးကို လမ်းလျှောက်ဖို့ ခြေလှမ်းပေါင်း (၂၀၀၀)ကျော်လှမ်းရပါတယ်။ အဲဒီလို တမိုင်(ခြေလှမ်း ၂၀၀၀ကျော်)လမ်းလျှောက်မှ ကုန်ဆုံးတဲ့ ကယ်လိုရီက (၁၀၀)ပဲ ရှိပါသေးတယ်။ အလေးချိန်ပိုများရင်တော့ ကယ်လိုရီပိုကုန်တယ်။ ဒါ့ကြောင့် ခြေလှမ်း(၂၀)လောက်မှ ၁-ကယ်လိုရီသာ ကုန်ပါသေးတယ်။ ဒီအချက်က အရေးကြီးလို့ သေချာလေးမှတ်ထားပါ။

ပေ(၃၀၀)လောက်ပဲဝေးတဲ့ ဆိုင်တဆိုင်ကို ခြေလျင်သွားမယ်ဆိုရင် ခြေလှမ်း(၁၂၀)သွားရပါတယ်။ အဲဒီအတွက် ကုန်ဆုံးသွားတဲ့စွမ်းအင်က (၅)ကယ်လိုရီသာ ရှိတယ်။ အသွားအပြန်ရော ပေါင်းမှ (၁၀)ကယ်လိုရီ ကုန်တယ်။ ဒီလိုပြောလို့ အထင်မသေးပါနဲ့။ ဘာမှမဟုတ်တဲ့ လမ်းလျှောက်တဲ့ ကိစ္စလေးကို အကြိမ်(၃၀၀)ကျော်လုပ်ရုံနဲ့ ဝိတ်တပေါင် ကျသွားနိုင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဝိတ်တစ်ပေါင်မှာ ကယ်လိုရီ(၃၅၀၀)ရှိလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျုံးဖက်၊မန္တလေးတောင်ဖက်ကို လမ်းလျှောက်မှ မဟုတ်ပါဘူး။ လိုအပ်တာက လမ်းလျှောက်ဖို့ပဲဖြစ်ပါတယ်။

နာရီဝက်လမ်းလျှောက်ခြင်း
တရက်ကို နာရီဝက်လမ်းလျှောက်ရမယ်လို့ လူတွေပြောကြတယ်။ အဲဒါဟုတ်ပါတယ်။သာမန်လူတယောက်ဟာ တရက်ကို ခြေလှမ်း(၂၀၀၀)နီးပါးလမ်းလျှောက်ကြတယ်။ ဝိတ်တက်မလာအောင် နောက်ထပ်ခြေလှမ်း(၂၀၀၀)ထပ်လိုပါတယ်။ အဲဒီမှာ လူတွေပြောပြောနေတဲ့ တရက်ကို နာရီဝက်(ခြေလှမ်း ၄၀၀၀)လမ်းလျှောက်ပါဆိုတာ ဖြစ်လာတယ်။ အကယ်၍ ဝိတ်ထပ်ကျချင်သေးတယ်ဆိုရင် နောက် ခြေလှမ်း(၂၀၀၀) ထပ်လျောက်ရပါမယ်။

ဝိတ်ချတဲ့အခါ အများစု သတိမထားမိတဲ့ အရေးကြီးအချက်ကလေးတခုရှိသေးတယ်။ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ပေမယ့် တကယ်တော့ သူကဒုက္ခပေးတာ။ဝိတ်ကျအောင် လူတွေ မနက်အစောကြီးထပြီး လမ်းလျှောက်ကြတာ တွေ့ဖူးကြမယ်။ တစ်မိုင်လောက် လျှောက်လိုက်တော့ လူကနည်းနည်း ပင်ပမ်းလာတယ်။ ဒါနဲ့ အိမ်ရောက်တော့ အားရှိအောင် ကိုလာတလုံး(350ml) သောက်လိုက်မိတယ်။ မောမောနဲ့ သောက်လိုက်တဲ့ အဲဒီ cola လးတစ်လုံးမှာ အနည်းဆုံး ကယ်လိုရီ(၁၀၀)လောက်ပါတယ်။ လက်တဆုပ်စာပုလင်းလေးတလုံးက စောစောက ပင်ပန်းတကြီး၊အားကြိုးမာန်တက် (၁၅)မိနစ် လမ်းလျှောက်တဲ့ကယ်လိုရီနဲ့ သွားညီမျှတယ်။ အဖြေထုတ်လိုက်တော့ ဒုံရင်းက ဒုံရင်းပဲဖြစ်သွားတယ်။ ဝိတ်ကျဖို့ လေ့ကျင့်ခန်းတော့ လုပ်ပါရဲ့။ ဒါပေမယ့် ပိန်မသွားဘူး။ အဖြေက အဲဒါပါ။ လုပ်နည်းမမှန်တော့ သဲထဲရေသွန်ဖြစ်ရတယ်။ ဒါ့ကြောင့် မန္တလေးကျုံးဖက်ကို သွားပြီး လမ်းလျှောက်၊အပြန်ကျတော့ လက်ဖက်ရည်ဆိုင်ဝင်ပြီး အစား စားကြတာ အလွန်မှားတဲ့ နည်းတခုပါ။ ဘာ့ကြောင့်လဲဆိုတော့ ကော်ဖီ၊လက်ဖက်ရည်တခွက်မှာပါတဲ့ ကယ်လိုရီ(၅၀)လောက်က ၁၀မိနစ်စာ(နာရီဝက်) လမ်းလျှောက်တာနဲ့ ညီမျှလို့ပါ။ စနစ်တကျ ဝိတ်ချချင်တယ်ဆိုရင် ဒီလို အသေးစိတ်အချက်အလက်တွေက အစ ပြုပြင်ဖို့ လိုအပ်တယ်။ အစားအသောက်ရှောင်ပါတယ်၊ လေ့ကျင့်ခန်းလည်း လုပ်ပါတယ်၊ ဒါပေမယ့် ဝိတ်မကျဖူးဆိုတာ အထက်ပါအချက်တွေကြောင့် ဖြစ်တယ်။

ဝိတ်ချဖို့ ပိန်ဆေး သောက်မှာလား
အမှန်တော့ မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ စာရေးသူဝိတ်ချတုန်းကလည်း ဘယ်ပိန်ဆေးမှ မသောက်ခဲ့လို့ပါ။ ပိန်ဆေးမသောက်ပေမယ့် ရေတော့သေချာသောက်တယ်။မနက်အိပ်ရာထတာနဲ့ ရေသန့်ဘူးတဝက်လောက်ကုန်အောင် သောက်ပစ်တယ်။ မနက်စာစားတဲ့အခါ ကော်ဖီ၊လက်ဖက်ရည်စတာတွေ လုံးဝမသောက်ခဲ့ဘူး။ နေ့ပိုင်း အားလပ်ချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ အကသင်တန်းသွားတက်ခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ အကလေ့ကျင့်ခန်း(dancing) တနာရီလုပ်ခြင်းက ကယ်လိုရီ(၃၀၀)ကျော်ကို ဖြုန်းတီပြစ်နိုင်လို့ပါ။ တခြားလေ့ကျင့်ခန်းတွေလည်း ကောင်းပါတယ်။ မိမိစိတ်ဝင်စားရာရွေးချယ်ပါ။ ဥပမာ ယောဂ တနာရီစာကျင့်ရင် ကယ်လိုရီ(၂၀၀)၊gym ကစားရင် ကယ်လိုရီ(၃၀၀)ကျော်လောက် ကုန်ဆုံးစေမှာ ဖြစ်တယ်။ အကယ်၍ အဲဒီနေရာမှာ လေ့ကျင့်ခန်းမလုပ်ဘဲ ဆေးသောက်ပြီး ပိန်အောင်လုပ်မယ် ဆိုပါတော့။ ကိုယ်တိုင်ပင်ပန်းဆင်းရဲကြီးစွာ လုပ်မထားတော့ ပေါ့ပေါ့လေးပဲ တွေ့သမျှစားဖြစ်သွားတယ်။ လေ့ကျင့်ခန်းလုပ်ထားတဲ့အခါ ကိုယ်တိုင် လုပ်ရတာမို့ တော်ရုံမစားဖြစ်ဘူး။စိတ်ထိန်းနိုင်တယ်။ ဒါက လေ့ကျင့်ခန်း လုပ်လိုက်ခြင်းရဲ့ အာသာချက်တခုဖြစ်တယ်။

လေ့ကျင့်ခန်း လုပ်တဲ့ တနာရီက ပင်ပန်းပါတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး။ ဝိတ်ကျဖို့ ဒီလောက်တော့ ပေးဆပ်ရပါမယ်။ဝိတ်ချတဲ့အခါ အများစု ညစာရှောင်တတ်ကြတယ်။ စာရေးသူကိုယ်တိုင်ကတော့ ညစာမရှောင်ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ မနက်အိပ်ရာထမှာ အားအင်ဖြစ်နေစေဖို့ပါ။ နောက်တချက်က အလုပ်ကြောင့် ဆေးခန်းပိတ်ချိန်မှ စားရတာဖြစ်လို့ အမြဲည(၈)နာရီကျော်သွားတယ်။ အမှန်က ညစာစားတဲ့အခါ ညနေ(၆)နာရီမကျော်ခင် အပြီးစားတာ အကောင်းဆုံးပဲ။ ည(၉)နာရီကျော်ရင်တော့ ရေကလွဲလို့ ကျန်တာတွေ ဘာမှမထိပါနဲ့တော့။ စကျင့်ခါစကတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် တပတ်၊နှစ်ပတ် အလွန်ဆုံး တစ်လလောက်နေတဲ့အခါ ကျင့်သားရသွားပါလိမ့်မယ်။ plan ချပြီး စနစ်တကျလုပ်ရင် သေချာပေါက်ဝိတ်ကျပါတယ်။

ပြန်ချုပ်လိုက်ရင် ဝိတ်ကျအောင် ဘယ်လိုလုပ်မလဲ။ အရေးကြီးဆုံးက ပိန်ကို ပိန်ရမယ်ဆိုတဲ့စိတ်မျိုးထားနိုင်ရမယ်။ အစီအစဉ်( plan) ချပြီး စနစ်တကျ လုပ်တတ်ရမယ်။ ကိုယ်လုပ်လိုက်တဲ့ လေ့ကျင့်ခန်း တခုက ဘယ်လောက်ထိရောက်မှုရှိလဲ သိရမယ်။ မအားလို့ဆိုတဲ့ ဆင်ခြေမျိုးမပေးပါနဲ့။ ရတဲ့အချိန်တိုင်း လှုပ်ရှားနေပါ။ အစားစားတဲ့အခါလည်းအလားတူပဲ။ စိတ်ကိုထိန်းနိုင်ရမယ်။ နောင်လည်းတသက်လုံး စားရမှာပဲ။ ဒီတရက်တော့ ရှောင်လိုက်ပါဦးမယ်ဆိုတဲ့ စိတ်မျိုး နေ့တိုင်းထားကြည့်ပါ။ ဧည့်ခံပွဲ မိတ်ဆုံစားပွဲတွေ တတ်နိုင်သမျှ ရှောင်ပါ။ စာရေးသူဆိုရင် ဝိတ်ချတဲ့ ပထမ(၃)လအတွင်း ဖိတ်သမျှ ဆေးကုမ္ပဏီမိတ်ဆက်ပွဲတိုင်း လုံးဝမသွားခဲ့ဘူး။ မြင်နေတော့ စားမိနေမှာစိုးလို့ပါ။ ပိန်ဆေးတွေသောက်ပြီး အစားမရှောင်သူတွေက ဘယ်တော့မှဝိတ်ကျမှာ မဟုတ်ပါဘူး။

ဝိတ်ချရတာ တကယ်ခက်ပါတယ်။ ဒါပေမယ့် ခက်တာကို ရအောင် လုပ်ယူနိုင်တာ အောင်မြင်မှုမဟုတ်လား။ အောင်မြင်အောင်လုပ်တဲ့ နေရာမှာ စနစ်တကျ ကြိုးစားတတ်ဖို့ အရေးကြီးတယ်။ စိတ်ကို ထိန်းချုပ်ပြီး လက်တွေ့လုပ်ဆောင်ပါ။ အခုဖော်ပြတဲ့ အချက်တွေကို စိတ်ထဲသေချာမှတ်ထားပါ။ ပြီးရင် အပြန်ပြန်အလှန်လှန် တွေးပါ။ လောလောဆယ်တော့ ငါ သေချာပေါက်ဝိတ်ကျတော့မယ်ဆိုတာမျိုး တွေးထားလိုက်ပါ။

ဒေါက်တာ အေးမင်းထူး
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ