သွေး မတိတ်သော ရောဂါ သိကောင်း စရာ
သွေးသည် လူသားများနှင့် တိရစ္ဆာန်တို့အတွက် မရှိမဖြစ်လိုအပ်သော အရည်တစ်မျိုးဖြစ်သည်။ သွေးကို အစားထိုး၍ရ သောအရာမရှိပါ။ သွေးသည် သွေးဆဲလ်များနှင့် သွေးရည်ကြည်တို့ဖြင့် ပါဝင်ဖွဲ့စည်း ထားသည်။ သွေးရည်ကြည်သည် ခန္ဓာကိုယ်ရှိ သွေးပမာဏ၏ ၅၅ ရာခိုင်နှုန်းခန့်ရှိပြီး အများအားဖြင့် ရေဓာတ်နှင့်၎င်းတွင် ဂလူးကို့စ်ဓာတ် ၊ သံဓာတ် ၊ ပရိုတိန်းအမျိုးမျိုး ၊ ဟော်မုန်းများ၊ ကာဗွန်ဒိုင်ေ အာက်ဆိုက်တို့ ပါဝင်သည်။ သွေးဆဲလ်များမှာ သွေးနီဥ ၊ သွေးဖြူဥနှင့် သွေးဥမွှား တို့ဖြစ်ကြသည်။ သွေးသည် လူ့ခန္ဓာကိုယ်အလေးချိန်၏ ၇ ရာခိုင်နှုန်းခန့်ရှိပြီး ခန္ဓာကိုယ်အတွင်းလှည့်ပတ် နေသော သွေးပမာဏသည် ၅ လီတာခန့်ရှိသည်။
လူသားတို့၏ ကိုယ်ခန္ဓာအတွင်းရှိ သွေးကြောများ ထိခိုက်ပါက သွေးအတွင်းရှိဆဲလ်များ၊ သွေးခဲစေသော ပရိုတိန်းများ သည် ၎င်းတို့၏ လုပ်ငန်းဆောင်တာ အသီးသီးကို ချက်ချင်းလုပ်ဆောင်ခြင်းဖြင့် ပေါက်ပြဲ ထိခိုက်သွားသောသွေးကြော ကိုပြန်လည်ဖာထေး ကောင်းမွန်စေသည်။ ထိခိုက်သွားသော သွေးကြောများသည် ချက်ချင်းကျုံ့သွားပြီး ၎င်းနေရာသို့ သွေးဥမွှားများသည် စုပြုံလာကာ ဒဏ်ရာ ရသောနေရာကို ပထမဦးစွာ ဖာထေးပေးသည်။ ထို့နောက် သွေးခဲစေသော ပရိုတိန်းများ၏ လုပ်ဆောင်ချက်ဖြင့် fi brin ဟုခေါ်သော အမျှင်များသည် သွေးဥမွှားများအတွင်း ဝင်ရောက်ယှက် နွှယ်ပြီး သွေးဥမွှားအစိုင်အခဲကို ပိုမိုကျစ်လျစ်စေသည်။ ထိုမှတစ်ဆင့် သွေးခဲကိုပြန်လည်ချေဖျက်ပေးသော စနစ်ဖြင့် မလိုအပ်သောသွေးခဲများကို ချေဖျက်ပြီး သွေးကြောများကို ပကတိအတိုင်း ပြန်လည်ကောင်း မွန်စေသည်။ ဤသည် ကား သွေးခဲမှုပုံမှန်ဖြစ်စဉ်ဖြစ်သည်။
သွေးသည် လူသားတို့၏ အသက်ကို ကယ်တင်နိုင်သကဲ့သို့ သွေးမှကူးစက်သော ရောဂါများသည် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ထို့ပြင် သွေးအတွင်းပါဝင်သော ဆဲလ်များ၊ ဓာတ်ပစ္စည်း များကြောင့်လည်း အမျိုးမျိုးသောရောဂါများ ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းအမျိုးမျိုးသော သွေးရောဂါများအနက် သွေးမတိတ်သောရောဂါသည် ကလေး၊ လူကြီး အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိသည်။ သွေးမတိတ်သောရောဂါသည် သွေးကြောများကြောင့်လည်းကောင်း၊ သွေးဥမွှားများကြောင့်လည်းကောင်း၊ သွေးခဲစေသော ပရိုတိန်းဓာတ်များကြောင့် လည်းကောင်း စသည့်အကြောင်း တရားများကြော င့်ဖြစ်သည်။ သွေးကြောများကြောင့်ဆိုရာတွင် သွေးကြောနံရံရှိ ကြွက်သားများအားနည်းခြင်း၊ ဗီတာမင်စီချို့တဲ့ခြင်းကြောင့် သွေးကြောနံရံရှိအမျှင်များ နည်းပါးခြင်း၊ အသက်အရွယ်ကြီးမြင့်လာသောကြောင့် သွေးကြော များ ကြံ့ခိုင်မှုနည်းပါးလာခြင်း ၊ အခြားဆေးဝါးများ (ဥပမာ penicillin, thiazide, frusemide,asparin) နှင့် ရောဂါပိုး များကြောင့် သွေးကြောများအားနည်းလာပြီး ထိခိုက်မိပါက သာမန်ထက် ပိုမိုစွာသွေးယိုစိမ့်မှုများ ဖြစ်ပေါ်နိုင်သည်။
သွေးဥမွှားများကြောင့်ဆိုရာတွင် သွေးအတွင်းရှိ သွေးဥမွှားပမာဏနည်းပါးခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းနှင့် ၎င်းတို့၏ ပုံ မှန်လုပ်ငန်းဆောင်တာဖြစ်သည့် သွေးကြောများထိခိုက်ပါက ဖာထေးခြင်းလုပ်ငန်းကို မလုပ်နိုင်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။ သွေးခဲစေသော ပရိုတိန်းများနည်းပါးခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းတို့ကြောင့်လည်း သွေးမတိတ်ခြင်းကို ဖြစ်ပေါ် စေသည်။ ထိုသွေးမတိတ်သောရောဂါများသည် မျိုးရိုးဗီဇကြောင့်မွေးရာပါ ရောဂါဖြစ်နိုင်သကဲ့သို့ အခြားရောဂါများ ကြောင့်လည်း နောက်ဆက်တွဲ ဆိုးကျိုးအနေနှင့်ပါ ယှဉ်တွဲကာ တွေ့ရှိရလေ့ရှိသည်။
သွေးအတွင်းရှိ သွေးရည်ကြည်ထဲ၌ သွေးခဲစေသော ပရိုတိန်းများစွာတို့သည် သွေးကြောတစ်လျှောက်လှည့်လည်၍ ကိုယ်ခန္ဓာအနှံ့ စီးဆင်းလျက်ရှိသည်။ ၎င်းပရိုတိန်းများကို အသည်းမှထုတ်လုပ်လျက်ရှိ သည်။ သွေးခဲစေသော ပရိုတိန်း များသည် အမျိုးအစား ၂ဝ ကျော်ခန့်ရှိပြီး ၎င်းတို့သည် သွေးခဲစေသည့်ဖြစ်စဉ်တစ်လျှောက်တွင် သက်ဆိုင်ရာအပိုင်း အသီးသီးတွင် ပါဝင်လုပ်ဆောင်ခြင်းဖြင့် သွေးယိုစိမ့်မှု ကို ကာကွယ်ပေးသည်။ ထိုပရိုတိန်းများအနက် တွေ့ရှိရများ သောရောဂါတစ်မျိုးဖြစ်သည့် ဟေမိုဖီးလီးယားသည် တွေ့ရများသော သွေးမတိတ်သည့် ရောဂါတစ်ခုဖြစ်သည်။
ဟေမိုဖီးလီးယားကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားသည်။ သွေးခဲစေသော ပရိုတိန်းဖက်တာ ၈ (F VIII) ကြောင့်ဖြစ် သောရောဂါကို Haemophilia A နှင့် ဖက်တာ ၉ (F IX) ကြောင့်ဖြစ်သော ရောဂါကို Haemophilia B တို့ဖြစ်ကြပြီး အ ခြားတွေ့ရခဲသော Haemophilia C သည် ဖက်တာ ၁၁ (F XI) ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ကြသည်။
၎င်းဖက်တာ ၈ နှင့် ၉ တို့ကို အသည်းနှင့် ပြန်ရည်ကြောအဖွဲ့အစည်းမှ ထုတ်လုပ်လျက်ရှိသည်။ ဖက်တာ ၈ နည်းပါး ပါက သွေးခဲစေသောဖြစ်စဉ်သည် အပြည့်အဝ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် သွေးဥမွှားများကို ဒဏ်ရာရသော သွေးကြောတွင် ဖာထေးခြင်းလုပ်ငန်းကိုပါ ထိခိုက်စေသည်။ ဟေမိုဖီးလီးယားရောဂါသည် မျိုးရိုးဗီဇနှင့်ဆက်နွှယ်သော ရောဂါဖြစ်နိုင်သကဲ့သို့ ကိုယ်အတွင်းရှိ ပဋိပစ္စည်း များကြောင့်လည်း ဖြစ်ပွားနိုင်သည်။ မျိုးရိုးဗီဇဟုဆိုရာတွင် လူတိုင်း၌ X နှင့် Y ဆိုသည့်ခရိုဇုမ်းတို့ ပါဝင်ဖွဲ့စည်းထားကြသည်။ ဟေမိုဖီးလီးယားသည် X ခရိုဇုမ်းရောဂါဖြစ်ပြီး ၎င်းကို X linked recessive manner ဟူ၍ ခေါ်ဝေါ်ကြသည်။ အမျိုးသမီးတိုင်းသည် X ခရိုဇုမ်းအား မိခင်ထံမှ တစ်ခုနှင့် ဖခင်ထံ မှတစ်ခု ပေါင်းနှစ်ခုပါဝင်သည်။ အမျိုးသားများသည် မိခင်ထံမှ X ခရိုဇုမ်းနှင့် ဖခင်ထံမှ Y ခရိုဇုမ်း တစ်ခုစီပါဝင်သည်။ ထိုပါသောကြောင့် ရောဂါရှိသော အမျိုးသားနှင့် ရောဂါမရှိသော အမျိုးသမီးတို့၏ မျိုးဆက်ကလေးများတွင် ဟေမိုဖီး လီးယားရောဂါသည် သားယောက်ျားလေးများတွင် ရောဂါဖြစ် ပွားခြင်းမရှိဘဲ သမီးမိန်းကလေးများသည်သာ ရောဂါ သယ်ဆောင်သူများအဖြစ် တွေ့ရှိရသည်။ ထိုကဲ့သို့ ရောဂါသယ်ဆောင်ထားသော မိန်းကလေးနှင့် ရောဂါမရှိသော ယောက်ျားလေးတို့၏ မျိုးဆက် ကလေးများတွင် ဟေမိုဖီးလီးယားရောဂါသည် သားယောက်ျားလေးများတွင် ရောဂါဖြစ် နိုင်ခြေ ၅ဝ ရာခိုင်နှုန်းနှင့် သမီးမိန်းကလေးများသည် ရောဂါသယ်ဆောင်နိုင်ခြေ ၅ဝ ရာခိုင်နှုန်းတို့ရှိသည်ကို တွေ့ရှိ ရသည်။ လေ့လာတွေ့ရှိချက်များအရ Haemophilia Aသည် ယောက်ျားလေးမွေးနှုန်း ၁ဝဝဝဝ ဦးတွင် တစ်ဦး တွေ့ရှိ နိုင်ပြီး Haemophilia B သည် ယောက်ျားလေး မွေးဖွားနှုန်း ၄ဝဝဝဝ ဦးတွင် တစ်ဦးတွေ့ရှိနိုင်သည်။ မျိုးရိုးဗီဇကြောင့် မဟုတ်ဘဲ အခြားသောရောဂါများဖြစ်သည့် အမျိုးမျိုးသော ကင်ဆာရောဂါများ၊ သွေးလေးဖက်နာရောဂါများ၊ အရိုးအ ကြောအဆစ်ရောဂါတို့နှင့်လည်း ဆက်စပ် လျက်ရှိသည်ကို တွေ့ရှိရသည်။
ရောဂါလက္ခဏာများအနေနှင့် သွေးခဲစေသောဖက်တာ ဘယ်လောက်နည်းပါးနေသည့်အပေါ် မူတည်၍ အပေါ့စား (mild)၊အသင့်တင့် (moderate)နှင့် ပြင်းထန်သော (severe) ဟူ၍ ခွဲခြားသတ်မှတ်ထား သည်။ ဟေမိုဖီးလီးယား ရောဂါ ခံစားနေရသော လူနာအများစုသည် အောက်ပါရောဂါလက္ခဏာများအား တွေ့ရှိရသည်။
အလွယ်တကူသွေးထွက်လွယ်ခြင်း (ဥပမာ သာမန်ထိခိုက်မိရုံမျှဖြင့် သွေးထွက်ခြင်း၊ သွေးခြည်ဥခြင်း)။
နှာခေါင်းသွေးများ မကြာခဏယိုစိမ့်ခြင်း။
သွားဖုံးနှင့် ခံတွင်းတို့မှ သွေးယိုခြင်း။
အနည်းငယ်ရှမိပွန်းပဲ့ရုံဖြင့် သွေးများစွာထွက်ခြင်းနှင့် သွေးမတိတ်ခြင်း။
အစာအိမ်နှင့်အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းတစ်လျှောက် သွေးယိုစိမ့်ခြင်းကြောင့် ဆီးနှင့်ဝမ်းထဲတွင်သွေးပါခြင်း။
အရိုးအဆစ်များအတွင်း သွေးယိုစိမ့်မှုများကြောင့် ဒူးခေါင်းများယောင်ရမ်းခြင်း၊ ကိုက်ခဲခြင်း နောက်ဆက်တွဲအနေနှင့် ပုံဏ္ဌာန်ပျက်သည်အထိပါ ဖြစ်ပွားတတ်ခြင်း။
သွေးအားနည်းခြင်းကြောင့် ဖြစ်တတ်သောလက္ခဏာများဖြစ်သည့် မူးဝေခြင်း၊ ပင်ပန်းလွယ်ခြင်း၊ မောပန်းခြင်း။
နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရိုးအဆစ်များပျက်စီးခြင်း၊ ဦးနှောက်အတွင်းသွေးယိုစိမ့်ခြင်း၊ ကြွက်သားများ အတွင်း သွေးယိုစိမ့်ခြင်းကြောင့် ကြွက်သားများပျက်စီးခြင်းနှင့် သွေးသွင်းကုသရာမှ ဖြစ်ပေါ်နိုင်သောဆိုးကျိုးများ။
ဟေမိုဖီးလီးယားရောဂါကို သွေးခဲချိန်အား တိုင်းတာခြင်း သွေးအတွင်းရှိ သွေးခဲစေသောပရိုတိန်းပမာဏ ကိုတိုင်းတာ ခြင်းတို့အပြင် မျိုးရိုးဗီဇစစ်ဆေးခြင်း စသည်တို့ဖြင့် စမ်းသပ်ဖော်ထုတ်နိုင်သည်။ ကိုယ် ဝန်ဆောင်ကာလတွင်လည်း မိခင်၏အချင်းမှ အသားစအနည်းငယ်ကိုယူ၍ စစ်ဆေးခြင်း၊ ရေမြွှာအိတ်အတွင်းရှိ အရည်အား စမ်းသပ်စစ်ဆေးခြင်း တို့ဖြင့် မွေးဖွားလာမည့် ရင်သွေးထံတွင် ဟေမိုဖီး လီးယားရောဂါရှိ၊ မရှိကိုပါသိရှိနိုင်သည်။ ကုသရာတွင်လည်း လိုအပ် သော သွေးခဲစေသော ပရိုတိန်းများပေး၍လည်းကောင်း၊ DDAVP ဟုခေါ်သော ဆေးဝါးများဖြင့်လည်းကောင်း ကုသ နိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် ဟေမိုဖီးလီးယားရောဂါသည် ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း ရောဂါဖြစ်ပွားပါက အချိန်မီ မသိရှိ မကုသနိုင်လျှင် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများသည် လွန်စွာ အန္တရာယ်များပေသည်။ မိဘများအနေဖြင့် မိမိကလေးငယ်များ၏ အရိပ်အခြေကို စောင့်ကြည့်ခြင်း၊ သာမန်ထက်ပိုမို၍ သွေးထွက်သွေးယိုခြင်းများ ဖြစ်နေသည်ဟု သံသယရှိပါက ကျန်းမာရေးဝန် ထမ်းများထံ အကြံဥာဏ်တောင်းယူခြင်း၊ ရောဂါစစ်ဆေးခြင်းတို့ကို စောစီးစွာဆောင်ရွက်သင့်သည်။ သို့မှသာ မိမိကလေးများတွင် ရောဂါဖြစ်ပွားနေလျှင် အချိန်မီကုသမှုရရှိနိုင်မည်ဖြစ်သည်။ ။
ဒေါက်တာ ကိုကိုဝင်း (ရောဂါဗေဒ)
မြ၀တီ
https://www.facebook.com/mwdmedia/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin