Birthmarks ကလေး မွေးရာပါအမှတ်များ



ဒေါက်တာရှင့် သမီးလေးမွေးကတည်းက မျက်နှာမှာအနီကွက်တွေနဲ့ အခုထိ မပျောက်သေးလို့ပါ။ ဘာဖြစ်တာလဲ သိချင်ပါတယ်ဒေါက်တာ။ သမီးတို့က့ နိုင်ငံမှာနေပါတယ်။ ၃ လထဲမှာပါ။ မွေးတုန်းက ဆရာဝန်ကိုမေးပါတယ်။ ဆရာဝန်ကတော့ တဖြေးဖြေး အရောင်မှိန်လာပြီး ပျောက်သွားမှာပါလို့တော့ ပြောပါတယ်။ ၂ လပြည့်တုန်းက ကာကွယ်ဆေးတကြိမ်သွားထိုးပါတယ်။ မျက်နှာက အနီကွက်အကြောင်းကိုမေးတော့ နဲနဲကြီးလာတဲ့အထိ စောင့်ကြည့်လိုက်ဦးလို့ပဲပြောပါတယ်။ ခုထိတော့ဒီအတိုင်းပါပဲ မမှိန်လာပါဘူး။ သူ့အနီကွက်က အမှတ်တော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ သူ့အနီကွက်လေးကို ဖိလိုက်ရင်ဖြူပြီး နဂိုအသားအရေလိုဖြစ်သွားပါတယ်။ သူ့လက်မှာတော့ အမှတ်ပါ ပါတယ်။ အရောင်ကတော့အညိုရောင်ပါ။ ဖိလိုက်လဲဒီအတိုင်းပါပဲ။ လိမ်းဆေးလိမ်းပြီးပျောက်နိုင်မယ်ဆိုညွှန်ပြပေးပါဦးရှင်။

မွေးရာပါအမှတ် အများစုဟာ ဘာအန္တရာယ်မှ မပေးပါ။ နာမည်ကသာ မွေးရာပါ ဆိုပေမဲ့ တချို့အမှတ်တွေ မွေးပြီးမှ ဖြစ်တယ်။ ဥပမာ Hemangioma သွေးရှင်လို့ ခေါ်တာမျိုးက မွေးပြီး ၁-၂ လကြာမှ ဖြစ်လေ့ရှိတယ်။ အမှတ် အများစုဟာ တသက်လုံး ရှိသွားနိုင်တယ်။ တချို့မှာ ကလေး ကြီးလာတာနဲ့ ပျောက်ကုန်မယ်။ အများစုက အန္တရာယ် မပေးဘူးဆိုပေမဲ့ အလှအပအတွက် ကုသဘို့လိုနိုင်တယ်။ အနည်းစုမှာ အခြေခံရောဂါရှိနေနိုင်တယ်။

Cafe au lait spot (Café au lait macules)
ပြင်သစ်နာမည်နဲ့ မွေးရာပါ အမှတ်ဆိုတာ နွားနို့ထည့်ထားတဲ့ကော်ဖီလို့ အဓိပ္ပါယ်ရတယ်။ အညိုရောင်ဖျော့ဖျော့ဖြစ်တယ်။ တကိုယ်လုံး နေရာအနှံ့မှာဖြစ်နိုင်တယ်။ ဆေးကုဘို့မလိုပါ။ အများကြီးဖြစ်နေရင် Neurofibromatosis ဆိုတာနဲ့ ခွဲခြားဘို့ လိုမယ်။
Congenital nevus
မွေးရာပါ မဟာမှဲ့။ ကြီးတယ်၊ မဲနက်နေတယ်။ ဦးရေခွံနဲ့ ကိုယ်ခန္ခာမှာဖြစ်နိုင်တယ်။ တချိန်မှာ Skin cancer ကင်ဆာ ဖြစ်လာမလား ဆေးစစ်နေသင့်တယ်။
Slate gray nevus
ကျောက်သင်ပုန်းရောင်မှဲ့။ Mongolian blue spot လို့လဲခေါ်တယ်။ ရုတ်ရက်ကြည့်ရင် ခိုက်မိလို့ သွေးခြည်ဥနေသလား မှားတတ်တယ်။ အာရှ တိုက်သားထဲက အသားအရေ သိပ်မဖြူတဲ့ကလေးတွေမှာ အဖြစ်များတယ်။ ဆေးကုသဘို့ မလိုပါ။
Port-wine stain
Nevus flammeus လို့လဲခေါ်တယ်။ အရေပြားမှာရှိတဲ့ သွေးကြောမျှဉ်လေးတွေ ပုံမှန်မဟုတ်လို့ ဖြစ်တယ်။ အမှတ်လို့သာ ခေါ်လေ့ရှိတယ်။ ပန်းရောင်ကနေ အနီရောင်ရှိတယ်။ တချို့နေရာမှာ မရမ်းရောင်ဖြစ်နေနိုင်တယ်။ အရောင်ကြည့်ပြီး ပေါ်တူဂီကလာတဲ့ ဝိုင်အရောင်နဲ့ ဆင်လို့ ဒီနာမည်ခေါ်တာဖြစ်တယ်။ ဆေးစာနဲ့ တိတိကျကျ ပြောရရင် Arteriovenous malformation သွေးလွှတ်ကြော-သွေးပြန်ကြော ရောဂါတခုဖြစ်တယ်။ တသက်လုံး ရှိနေလိမ့်မယ်။ Mikhail Gorbachev (မစ်ခေးလ်-ဂိုဘာချော့) ရဲ့ ထူးခြားချက်တခု ဖြစ်တယ်။
Hemangioma
မွေးကာစနောက် တနှစ်သားအထိ ပန်းရောင်ကနေ အနီရောင်ရှိမယ်။ နောက်ပိုင်း အရောင်ပြော့လာမယ်။ ၁ဝ နှစ်သား လောက်ရောက်ရင် အမှတ်အသားလိုသာဖြစ်တော့မယ်။ ပျောက်ချင်ရင် ဒါမှမဟုတ် ကြီးကြီးလာရင်၊ မျက်စိနာဖြစ်နေလို့ မျက်စိကြည့်ရတာကို အနှောက်အရှက်ဖြစ်နေရင် လေတာနည်းနဲ့ကုသနိုင်တယ်။ လည်ချောင်းမှာဖြစ်တာက အစာ မျိုရခက်တာ၊ ပေါင်ခြံနေရာဖြစ်လို့ ဆိုင်တဲ့အလုပ်လုပ်ဘို့ ခက်တာတွေလဲ ရှိနိုင်တယ်။
Salmon patches - stork bites
Nevus flammeus nuchae လို့လဲခေါ်တယ်။ သူများနိုင်ငံတွေမှာ Stork bites ငှက်ကျားကိုက်ခံရတာလို့ပြောလေ့ရှိတယ်။ Angel kisses နတ်ကိုက်တာလို့လဲ ပြောကြတယ်။ ခေါင်းနောက်ဖက် ဆံပင်ပေါက်တဲ့ အောက်ဆုံးမျဉ်း အထက်နာမှာ အဖြစ်များတယ်။ မျက်နှာမှာလဲဖြစ်တယ်။ ပန်းရောင်ကနေ အနီရောင်ရှိတယ်။ အရေပြားမှာရှိတဲ့ သွေးကြောမျှဉ်လေးတွေ ပုံမှန်မဟုတ်လို့ ဖြစ်တယ်။ သွေးရှင်လို့ ခေါ်ကြတယ်။ မျက်နှာမှာအဖြစ်များတယ်။ ကလေးကြီးလာရင် ပျောက်သွားတာ များတယ်။ ဆေးကုဘို့ မလိုပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ