Amenorrhea (2) ရာသီမလာရင် (၂)


၁။ သမီးရဲ့အသက်က ၂၁ပါ။ ရာသီမလာတာ ၃လ ကျော်ပါပြီ။ ကိုယ်ဝန်လည်းမရှိပါဘူး။ ဘာဖြစ်လို့လဲမသိဘူးဆရာ။

၂။ မင်္ဂလာပါဆရာ။ အသက် ၂ဝ နှစ် ၉ လ။ အမျိုးသမီး (အပျို)။ လက်ရှိနေရပ့့် (မြန်မာနိုင်ငံသား)။ ဆရာ ကျွန်မ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက ဓမ္မတာထိန်လို့ ဆေးပြခဲ့ပါတယ်။ ultrasound ရိုက်ပြီး ရေအိတ်အသေးလေး တွေတွေ့၍ ဆေးသောက်ရန် ညွှန်ကြားခဲ့ပါတယ်။ အဆိုပါဆေးစသောက်ကတည်းက ပုံမှန်ဓမ္မတာပြန်လာပါတယ်။ ဒါပေမဲ့ တနှစ်လောက်အထိ မထူးခြား၍ အခြားဆရာဝန်နှင့် ပြောင်းပြခဲ့ပါတယ်။ အဆိုပါ ဆရာဝန်မှ အနေအထိုင်ဆင်ခြင်ရန် အထူးအဖြင့် အစားအသောက် rady made ဆီကြော် လုံးဝမစားရ အစရှိသဖြင့် ညွှန်ကြားကာ အဆိုပါဆေး သောက်နေသည်မှာ တနှစ်နီးပါးရှိပြီဖြစ်သဖြင့် ပုံမှန်ဆိုလျှင် ပျောက်သင့်ပြီဖြစ်ကြောင်း ရှင်းပြပါတယ်။ ထို့နောက် ဆေးဖြတ်ပြီး တလခန့်စောင့်ကာ ဆေးစစ်ပါတယ်။ ငါးမျိုးစစ်တယ်လို့ ပြောပါတယ်။ ဆေးစစ်ချက်တွင် ဘာမှ စိုးရိမ်လောက်စရာ အကြောင်းမတွေ့ဟုဆိုကာ သုံးလခန့် စောင့်ကြည့်မယ်လို့ ပြောပါတယ်။ ဒါ့ပေမဲ့ သုံးလမပြည့်ခင့့် ကို ပညာတော်သင်လာခဲ့ရပါတယ်။ ယခု ရောက်တာ နှစ်လရှိပါပြီ။ အခုထိ ဓမ္မတာမပေါ်သေးပါ။ အပျိုတယောက်အနေနဲ့ ဓမ္မတာမလာတာဟာ ဘယ်လိုပြသနာတွေဖြစ်လာနိုင်ပါသလဲဆရာ။ ဒါဟာ ရောဂါတခုလား ဘာတွေဖြစ်နိုင်ပါသလဲ သိလိုပါတယ်ရှင့်။ ဘာဆက်လုပ်သင့်သလဲဆိုတာလည်း ဆရာ့ထံမှအကြံ ဉာဏ်တောင်းလိုပါတယ်ရှင့်။

လစဉ်ရာသီအကြောင်းမေးသူတွေက ဆရာဝန်ကိုတော့ ပွင့်လင်းရိုးသားစွာ မေးသင့်ကြတယ်။ အသက်အပြင် အိမ်ထောင်ရေးလိုတယ်။ အိမ်ထောင်မကျပေမယ့် ပြောဖို့လိုတဲ့အချက်မျိုးလည်းရှိနိုင်တယ်။

မိန်းကလေး-အမျိုးသမီးတွေ အပျိုဖြစ်ပြီးနောက် သွေးမဆုံးခင်အထိ လစဉ်ရာသီဆင်းတယ်။ ကိုယ်ဝန်လည်းမဟုတ်ပဲ ရာသီမလာစေနိုင်တဲ့အကြောင်းတွေများတယ်။ အသက် ၄ဝ-၄၅ ဆိုရင် သွေးဆုံးတော့မလို့လား စဉ်းစားရမယ်။ မျိုးဥအိမ်ကနေ (အီစထိုဂျင်) ထုတ်တာ နည်းနည်းလာလို့ ရာသီရက်တိုတိုလာမယ်။ နည်းနည်းလာမယ်။ ၁၂ လတာ မလာတော့ရင်တော့ သွေးဆုံးပြီလို့သတ်မှတ်တယ်။ ကလေးနို့တိုက်နေချိန်မှာလည်း ရာသီမလာတတ်ပါ။

ကိုယ်ဝန်တားဆေး၊ တချို့မှာ ရာသီမလာတာဖြစ်တယ်၊ ၃ လခံထိုးဆေးကနေ အဖြစ်များတယ်။ တားဆေးမဟုတ်ပဲ တခြားဆေးတွေကနေလည်း ရာသီမလာဖြစ်နိုင်တယ်။ စိတ်ရောဂါဆေးတွေ၊ ကင်ဆာဆေးတွေ၊ စိတ်မကျဆေးတွေ၊ သွေးတိုးကျဆေးတွေ၊ အလာဂျီဆေးတွေဖြစ်တယ်။ စိတ်-ရုပ် ဖိအားများတာကြောင့်လည်းဖြစ်နိုင်တယ်။ အဝလွန်သူ၊ ပိန်လွန်းသူ။ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၁ဝ% နည်းရင်ဖြစ်နိုင်တယ်။ Anorexia nervosa စားချင်စိတ်မရှိတဲ့ရောဂါ ဖြစ်နေသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း သိပ်များသူတွေမှာလည်းဖြစ်နိုင်တယ်။ အမျိုးသမီး အားကစားမယ်တွေ ၅-၂၅% မှာအဲလိုဖြစ်ကြတယ်။

ဟော်မုန်းမူမမှန်ရောဂါတွေကနေလည်း ရာသီမလာပဲနေတတ်တယ်။ PCOS မျိုးဥအိမ် အကျိတ်လေးတွေများခြင်းရောဂါ၊ လည်ပင်းကြီးဟော်မုန်းလွန်ကဲခြင်းနဲ့ နည်းခြင်း၊ Pituitary tumor ဦးနှောက်အကျိတ်ရောဂါတွေကနေလည်းဖြစ်နိုင်တယ်။ ခန္ဓာဗေဒအရချို့ယွင်းချက်တခုခုရှိနေရင်လည်း ရာသီမလာဖြစ်နိုင်တယ်။ သားအိမ်ခြစ်ရာကနေ တချို့မှာ သားအိမ်အတွင်းမှာ အမာရွတ်ဖြစ်တယ်။ ဗိုက်ခွဲမွေးတာနဲ့ သားအိမ်အကျိတ်ခွဲစိတ်ကုသရာကနေလည်း တချို့မှာဖြစ်နိုင်တယ်။ မွေးရာပါမျိုးပွါးလမ်းအင်္ဂါ ချို့ယွင်းနေသူမှာလည်း ရာသီမလာတာဖြစ်နိုင်တယ်။

ဘယ်လိုကုသမလည်း။ ဖြစ်စေတဲ့အကြောင်းရင်းကိုကုသရမယ်။ ကိုယ်ဝန်လည်းမဟုတ်ပဲ ရာသီထိန်နေသူကို Progesterone challenge test (ပရိုဂျက်စတီရုန်း) စမ်းသပ်နည်း လုပ်နိုင်တယ်။
• Medroxyprogesterone acetate (Provera) 10 mg နေ့စဉ်၊ ၅-၇-၁ဝ ရက်။ (သို့)
• Progesterone in oil 100-200 mg ထိုးဆေး တကြိမ်။ (သို့)
• Norethindrone (Aygestin) 5 mg နေ့စဉ် ၇-၁ဝ ရက်။ (သို့)
• Progesterone micronized 400 mg နေ့စဉ် ၇-၁ဝ ရက်။ (သို့)
• Progesterone micronized gel (4 or 8%) ဗဂျိုင်းနာထဲထည့် ၆ ရက်။

ဆေးပေးပြီးနောက် ၂ ပတ်နေရင် သွေးဆင်းလာမယ်။ ၂-၇ ရက်ကြာဆင်းမယ်။ မိန်းကလေးမှာရှိတဲ့ (အီစထိုဂျင်) ဟော်မုန်း အနည်းအများအပေါ်မှာမူတည်တယ်။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ