Snoring အိပ်ဟောက်ခြင်း

ဆရာရှင့် အိပ်တဲ့အခါ ဟောက်တာဟာ ရောဂါလား။ ဘာ့ကြောင့်လည်းဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။ မဟောက်အောင် ဆောင်ရန် ရှောင်ရန်တွေရော လုပ်လို့ရနိုင်ပါသလားဆိုတာ ကျေးဇူး ပြုပြီး ပြောပြပေးပါလားရှင့်။

အိပ်ပျော်နေရင် ဟောက်သံထွက်တာဟာ အသက်ရှူရာမှာသုံးရတဲ့ အရာတွေ တုန်ခါလို့ ဖြစ်တာပါ။ ဝင်ရတဲ့လေကို ဆို့နေတာမို့ ဖြစ်ပါတယ်။ တိုးတိုးကနေ နားကြားမခံနိုင်လောက်အောင်အထိ ကျယ်လောင်တတ်တယ်။ (ယူဗြူလာ) ဆိုတာနဲ့ အာခေါင်ပျော့တွေနဲ့ ဆိုင်တယ်။ ပါးစပ်ပိတ်ရင်း ဟောက်တဲ့ပြဿနာက လျှာမှာရှိနိုင်တယ်။ ပါးစပ်ဟရင်း ဟောက်တဲ့ ပြဿနာက လည်ချောင်းမှာရှိနိုင်တယ်။

လူကြီးတွေထဲမှာ ၃ဝ ကနေ ၅ဝ ရာနှုန်းဖြစ်တယ်။ အီတလီမှာ ၅၇၁၃ ယောက်ကို စမ်းတော့ ယောက်ျား ၂၄% နဲ့ မိန်းမ ၁၃့၈% မှာ ဖြစ်တာ သိရတယ်။ ၂ဝဝ၅ ခုနှစ် Chest journal ကပြောတာက ၂၆% ခံစားနေရတယ်တဲ့။အသက်ကြီးရင် ပိုဖြစ်ကြတယ်။

• အိပ်ပျော်နေရင် လည်ချောင်းပိတ်ဖို့ အားနည်းလို့၊
• မေးရိုး အနေမကျတာမို့ ကြွက်သားတွေ တင်းနေလို့၊
• လည်ချောင်းမှာ အဆီစုနေလို့၊
• နှာခေါင်းထဲမှာဆို့နေလို့၊
• ပျော့စေတဲ့ သတ္တိရှိတဲ့ ဆေးသောက်လို့၊ အရက်သောက်လို့၊
• ပက်လက်အိပ်တော့ လျှာက နောက်ပြန်ကျပြီး လေဝင်လမ်းကို ဆို့နေလို့၊
• အာသီး ကြီးနေလို့၊

လူမှုရေးအရ ဟောက်တတ်သူများ သူများကို အနှောင့်အယှက် ပေးသလို သိတတ်သူတွေ ကိုယ်တိုင်က သူများတွေကို အားနာလို့၊ ရှက်ရွံ့လို့ စိတ်ဒုက္ခ ဖြစ်ကြတယ်။ ကျန်းမာရေးဘက်က ကြည့်ရင် နှလုံးရောဂါ Heart attack (အတက်ခ်) ရမှာ ၃၄% ပိုပြီး၊ Stroke (စထုပ်ခ်) ရမှာ ၆၇% များတာ တွေ့ရတယ်။

ကုသနည်းတွေ -
• Pseudoephedrine နဲ့ Domperidone ဆေး ၂ မျိုးတွဲကို သုံးနိုင်တယ်။ ဆိုးဝါးသူအတွက် ၉၅% ကောင်းတယ်လို့ ဆိုတယ်။ အိပ်ရင် အသံကျယ်ကျယ် ဟောက်ပြီး ကျန်းမာသူ (၃ဝ) ဦးကို အိပ်ရာဝင်မှာ Pseudoephedrine 60 mg နဲ့ Domperidone 10 mg ကို ရက် (၃ဝ) ကြာပေးတယ်။ အိပ်ဖေါ်-အိပ်ဖက်တွေက ဒိုင်ယာရီ ရေးကြရတယ်။ သုတေသန သဘောအရ ဆက်လုပ်တာတွေလဲ ရှိသေးတယ်။ အဖြေထုတ်တဲ့အခါ ၇၇၂ ဦးထဲက ၄၉၃ ဦးက ဟောက်တာ ပျောက်သွားတယ်။ ၂၃၂ ဦးက သက်သာလာတယ်။
• အလွယ်ဝယ်လို့ရတဲ့ ကရိယာ ဆိုတာက EVA polymer နဲ့လုပ်ထားတယ်။ အားကစားသမားတွေသုံးတဲ့ Mouth-guards နဲ့ တူတယ်။
• Mandibular advancement splints သွားအထူးကရိယာ ဆိုတာက အောက်မေးရိုကို ရှေ့တိုးစေလို့ လျှာကိုပါ ဆွဲယူစေတယ်။
• Continuous positive airway pressure (CPAP) စက်ဆိုတာလဲ ရှိတယ်။ Sleep apnea အိပ်ရေးပျက် ရောဂါ နဲ့ ဟောက်တာနဲ့ တွဲနေသူတွေအတွက် သုံးတယ်။ လေကို ထိန်းပြီး ပိုက်နဲ့ သွင်းပေးနေတာ ဖြစ်တယ်။
• Uvulopalatopharyngoplasty ခွဲစိတ်ကုသနည်းလဲ ရှိတယ်။ ဒါပေမဲ့ အမာရွတ်ကနေ လမ်းပိုကျဉ်းသွားမှာ စိုးရတယ်။ အမာရွတ်ဆိုတာ လူတယောက်နဲ့ တယောက် မတူဘူး။ ဆိုးတဲ့သူက ဆိုးတယ်။
• Radiofrequency ablation (RFA) (ရေဒီယိုလှိုင်း) နည်းလဲ ရှိသေးတယ်။ လည်ချောင်းနောက်ထဲက (တစ်ရှူး) အပြော့စားတွေကို အပူချိန် ၇၇ ကနေ ၈၅ စင်တီဂရိတ်အထိ ပေးတယ်။ Soft palate နဲ့ Uvula တွေမှာ အပေါ်ယံ-အောက်လွှာကို အမာရွတ်ဖြစ်စေတယ်။ တင်းမာစေမယ်။ တခါလုပ် ၁ နာရီ နီးနီးကြာမယ် ထပ်ထပ် လုပ်ရတယ်။ သက်သာစေဘို့သာ တတ်နိုင်တယ်။
• Pillar Procedure ခွဲစိတ်နည်းကတော့ သက်သက်သာသာ ရှိတယ်။ ထုံဆေးနဲ့ ဆေးထိုးပိုက်တမျိုး သုံးပြီး ခွဲစိတ်ရာမှာ သုံးရတဲ့ ချုပ်ကြိုးတမျိုး Dacron (Polyethylene terephthalate) ကို Soft palate အာခေါင်ပျော့ထဲ ထိုးသွင်းပေးတယ်။
• Laser-assisted uvulopalatoplasty (LAUP) လေဆာသုံး Somnoplasty ခွဲစိတ်နည်း၊

အလွယ်ဝယ်ရတဲ့ ဆေးတွေ-နည်းတွေ -
1. Snoreeze Oral mint-flavoured Strips
2. Snoreeze Throat Spray lubricates
3. Nozovent flexible plastic
4. SomnoGuard
5. Rhynil Herbal Spray

ဆေးနည်းအတွက် ထောက်ခံချက်တွေ -
• ၁၉၉၆ Journal of Prosthetic Dentistry ကနေ Electrical stimulation နည်း၊
• ၁၉၉၇ Wisconsin Medical Journal ကပြောတာက Magnetic Therapies နည်း၊
• ၁၉၉၈ American Journal of Respiratory and Critical Care Medicine က Nasal Lubricants နည်း၊
• ၂ဝဝ၆ ခုနှစ် Cochrane Database of Systematic Reviews အဆိုအရ Intranasal fluticasone ဆေး ကောင်းတယ်။ ၂ဝဝ၁ တုံးကလည်း Journal of Pediatrics က ကလေးတွေမှာ ဒီ (ကော်တီဇုန်း) ဆေး ထိရောက်တာကို ထောက်ခံခဲ့တယ်။
• ၂ဝဝ၉ Health Technology Assessment က ထုတ်ပြန်ချက်အရ အထိရောက်ဆုံးကုသနည်းဟာ Continuous positive airway pressure (CPAP) ဖြစ်တယ်။
• ၂ဝ၁ဝ Journal of Clinical Sleep Medicine ကတော့ Pseudoephedrine နဲ့ Domperidone ဆေးတွေက လူကြီးတွေအတွက် ထိရောက်တယ်။

ကိုယ်တိုင် ဆင်ခြင်စရာတွေ -
• အိပ်တဲ့ပုံစံ ပြောင်းပါ။ ခေါင်းအုံး လျော့ပါ။ ပက်လက်အိပ်ပါ။ ဘေးတဖက်စောင်း အိပ်ပါ။ တယောက်ထဲ အိပ်ပါ။ ညစာ လျော့စားပါ၊ နို့ လျော့သောက်ပါ၊ ပဲနို့ လျော့သောက်ပါ၊ အရက် လျော့သောက်ပါ၊
• ဝနေသူ ကိုယ်အလေးချိန် ချပါ။ ဆေးလိပ် ဖြတ်ပါ။ Caffeine (ကေဖင်း) ပါတာ လျော့သောက်ပါ။
• အခန်းဖေါ်၊ ကုတင်ဖေါ် Earplugs နားကြပ်သုံးပါ။
• Tennis ball trick (တင်းနစ်) ဘောလုံးနည်း၊ ခါးနေရာမှာ (တင်းနစ်) အရွယ် ပစ္စည်းတခုခုကို ထားပြီး အိပ်ကြည့်ပါ။ အိပ်ရတာ သက်တောင့်သက်သာ မရှိတာမို့ ဘေးစောင်းအိပ်ရမှာ သေခြာတယ်။
• အိပ်ဆေး၊ ပြေလျော့ဆေး မသောက်ပါနဲ့၊ အိပ်ချင်စေတဲ့ Antihistamines (အင်တီဟစ်တမင်း) ဆေး မသောက်ပါနဲ့၊
• Throat exercises လေ့ကျင့်ခန်းနည်းလဲ ရှိတယ်။
• Didgeridoo ခေါ်တဲ့ သြစတြေးလျ ဌာနေ-တိုင်းရင်းသားတွေ သုံးတဲ့ လေမှုတ်-တူရိယာကို မှုတ်ပါ။
• Singing သီချင်းဆိုပါ၊

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ